တရားဥပဒေ စိုးမိုးရေး ဧရိယာပြင်ပမှ ထော်လာဂျီများ

0
873
ထော်လာဂျီမဝင်ရ သတ်မှတ်ထားသော ကမြောကင်းလမ်းတွင် ထော်လာဂျီတစ်စီးကို ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့အတွင်း ထော်လာဂျီမဝင်ရလမ်းများကို တိုင်းဒေသေကြီးအစိုးရခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့်နှစ်များက သတ်မှတ်ထားသည်။

စည်းကမ်းမဲ့ ထော်လာဂျီအချို့က မြို့အတွင်း လူစည်ကားသည့် လမ်းများတွင် သံလုံး၊ ဘိလပ်မြေအိတ်များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများတင်ဆောင်ကာ အရှိန်ပြင်းမောင်းနှင်မှုများ ကြောင့် မဝင်ရ လမ်းများ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အာဇာနည်လမ်း(ကမ်းနားဈေးမှ ဗိုလ်ချုပ်ကြေးရုပ်အထိ)၊ ညောင်ပင်ကြီးလမ်း (ဆိပ်ကမ်းသာလမ်းဆုံမှ ဗိုလ်ချုပ်လမ်းအထိ)၊ ရေးလမ်း(ဥတ္တံားကြီးလမ်းဆုံမှ အာဇာနည်လမ်းဆုံအထိ)၊ အလယ်လမ်း (အာဇာနည် လမ်းဆုံမှ တောင်ခွလမ်းဆုံအထိ)နှင့် ကမြောကင်းလမ်း(ကမြောကင်းတံတားလမ်းဆုံမှ ဆန်းချီလမ်းဆုံအထိ) အစရှိသည့် လမ်းပိုင်းနေရာများကို ထော်လာဂျီမဝင်ရ လမ်းအဖြစ် သတ်မှတ်ထားသည်။

ထိုသို့ သတ်မှတ်ထားပြီးနောက်ပိုင်းတွင် ကြီးကြပ်မှုအားနည်းသည့်အတွက် ထော်လာဂျီများဖြတ်သန်းဝင်ရောက်နေဆဲ အနေအထားအပေါ် အများပြည်သူများအကြား ဝေဖန်ပြောဆိုနေမှုများလည်းရှိနေသည်။

တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေတွင်လည်း ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူပို့ဆောင်သည့် မည်သည့်ယာဉ်အမျိုးအစားကိုမဆို သတ်မှတ်လမ်းကြောင်းအတိုင်းသာ မောင်းနှင်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းနှင့်ပတ်သက်၍ ထားဝယ်မြို့ခံပြည်သူများ၏ အသံကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးစိုးထိုက်၊ ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး။

ထော်လာဂျီမဝင်ရလမ်းအဖြစ် ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတယ်။ ထော်လာဂျီတွေက ဝင်နေ တယ်။ ဝင်နေတာက အစီးတိုင်းလိုလိုဝင်တယ်။ သတ်မှတ်ပြီး ထိထိရောက်ရောက် အရေးယူမှုမရှိလို့ ဝင်နေတာ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်း သိမ်းရေးကော်မတီကလည်း အလုပ်လုပ်ဖို့လိုတာ ပေါ့ခင်ဗျား။

ရပ်ရွာအတွင်းမှာ ထော်လာဂျီအသံတွေ ဆူညံ နေတယ်။ ပြီးရင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ရှိ တာပေါ့။ နောက်တစ်ခုက ထော်လာဂျီတွေက သတ်မှတ်ထားတဲ့ တန်ချိန်ထက် ပိုတင်နေတယ်။ ဘိလပ်မြေအိတ် ၅၀ လောက်တင်နေတယ်။ သူသတ် မှတ်ထားတာက အိတ် ၃၀ ပဲရှိတာ။ သူတို့ကလည်း ပိုတင်ရတာက မကိုက်ဘူးလို့ ပြောတယ်။ စီးပွားရေးအရ။

ထော်လာဂျီအစီးတိုင်းလိုလို အချက်ပြမီးလည်း မရှိဘူး။ ရှေ့မီးလည်း မရှိဘူး။ အိတ်ဇောကလည်း ဖွင့်ထားတယ်။ မီးခိုးတွေလည်း အချို့တွေလည်း ထွက်နေတယ်ပေါ့နော်။ ဒါတွေကိုလည်း ယာဉ်စည်း ကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ စစ်ဆေးပြီး ပထမအဆင့်အနေနဲ့ အသိပညာပေး မယ်။ ဒုတိယအဆင့်အနေနဲ့ အရေးယူတဲ့အပိုင်းတွေ လုပ်မယ်ဆိုရင်တော့ နည်းနည်းပပျောက်လာမှာ ပေါ့ခင်ဗျား။

ရပ်ကွက်ထဲက ပြည်သူတွေကလည်း ဒီအပေါ် မှာ ကျွန်တော့်ကို အမြဲတမ်းတွန်းအားတစ်ခုပေး နေတာပေါ့။ ထော်လာဂျီမဝင်ရ ဆိုပြီး ပြောပြီးဆိုရင် ဘာဖြစ်လို့ ဝင်နေလဲလို့ ပြည်သူတွေကလည်း ဝေဖန်မှုတွေရှိတယ်။

ဦးဝင်းတင့် ၊ ကရပ်ပြင်မြောက်ရပ်၊ ထားဝယ်မြို့။

ထော်လာဂျီမဝင်ရဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားပေမယ့် လိုက်နာမှုအားနည်းတယ် လို့ပဲမြင်ရတယ်။ ကြပ်မတ်မှုအပိုင်းကျတော့ ကိုယ်တိုင်လိုက် လုပ်မှရတာ။ ထော်လာဂျီမဝင်ရလို့ ရေးထားပြီးပြီပဲ။ စည်းကမ်းကိုကျတော့ ကိုယ်တိုင်က လိုက်နာဖို့ပဲလိုတာ။

ကျွန်တော်မြင်ရတာတော့ ထော်လာဂျီက အကြမ်းထည်ပစ္စည်းမျိုးဖြစ်တယ်၊ သူကဝိတ်က လည်း နည်းနည်းတင်များတာဆိုတော့ မြို့ပြင် လမ်းတွေနဲ့ လူသူသွားလာနည်းတဲ့လမ်းတွေမှာပဲ သွားခွင့်ပြုသင့်တယ်ဆိုထင်တယ်။

ထော်လာဂျီတွေ ပစ္စည်းတင်တဲ့ အနေအထား ကတော့ နည်းနည်းပါးပါးလည်းတင်မရဘူး၊ ဘာလို့ လဲဆိုတော့ သူတို့လည်း ကိုက်အောင်တင်နေရတဲ့ အနေအထားရှိတယ်ဆိုတော့လေ။ ပစ္စည်းရှင်တွေက ၅၀၀ လောက်တန်တာကို ၂၀၀ လောက်လိုက်ပေးတော့ တစ်ခေါက်တည်းနဲ့ များများရအောင် တင်ကြ တာမျိုးတွေရှိတယ်။

အဲလိုဆိုတော့ တစ်သောင်းလောက်တန်တဲ့ ခရီးတစ်ခုကို သူတို့က အိတ်ရေပျမ်းမျှလိုက်တင်ရတဲ့ သဘောရှိတယ်။ ကိုယ့်ရဲ့ မိသားစု ဝမ်းစာရေးအတွက် အဆင်ပြေအောင် လုပ်နေရတယ်ဆိုတော့ ကျွန်တော်လည်း ယာဉ်သမားအချင်းချင်း ကိုယ်ချင်းစာပါ တယ်။ အဲဒါကြောင့် ကျွန်တော်လည်း မပြောချင်ဘူး။

တစ်ခါတလေ မြို့ပြင်ဘက်တွေမှာဆို အကြမ်း ကြီးမောင်းတာ ကိုယ်တွေတောင် လန့်တယ်။ ပရမ်းပတာမောင်းကြတာ။ သူတို့လည်း နည်းနည်း တော့ ဆိုးကိုဆိုးပါတယ်။ ယာဉ်သမားအချင်းချင်း ဆိုတော့လည်း ကိုယ်ချင်းစာတယ်။

ဦးဝင်းရွှေ၊ ညောင်ရမ်းတောင်ရပ်၊ ထားဝယ်မြို့

ထော်လာဂျီမဝင်ရဆိုတဲ့ လမ်းတွေမှာ တစ်ခါ တလေ ဆင်းလာနေတာတွေ့ရတာပဲ။ အုတ်၊ သဲကား နဲ့ ပွဲရုံထွက်ပစ္စည်းတွေတင်လာတာမျိုးတွေ့ရယ်။ ပစ္စည်းအများကြီးတော့ မဟုတ်ပါဘူး။

ထော်လာဂျီ မဝင်ရဆိုတဲ့ နေရာမှာစည်းကမ်းလိုက်နာမှုအားနည်း တယ်လို့တော့ မြင်ရတာပဲ။
တစ်ခါတလေလည်း ကရပ်ပြင်လမ်းဆုံထိ ဆင်းလာတာမျိုး ထောင်လမ်းဆုံထိ တက်လာတာမျိုး တွေမြင်ရတယ်။ ထော်လာဂျီက ဒီလမ်းတွေနဲ့ များများအဆင်မပြေဘူး။ ဒီအလုပ်တွေကလည်း ထော်လာဂျီနဲ့ပဲ အလုပ်ဖြစ်တယ်။

ကောင်းကောင်းမွန်မွန်ကြပ်မတ်ရင်တော့ ဒီလမ်း ကြီးကို ဘယ်ဆင်းလာမလဲ။ သဲတွေမြေတွေ ထွက်ကျတာမျိုးတွေတော့ မမြင်ရဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေကတော့ ဝင်ခိုင်းနေတယ် ဆိုတော့။ ပင်ပန်းတယ် ပြောရဆိုရ။

ကျွန်တော်တို့ အနေနဲ့ကတော့ ပြောတာ လောက်ပဲရတယ်။ ခဏနေရင် ဒုံရင်းဒုံရင်းပဲ ပြီးရင် ဆင်းလာကြတာပဲ။

မယုမွန်စိုး၊ ဇရစ်ရပ်ကွက်ထားဝယ်မြို့

ထော်လာဂျီတွေက ပစ္စည်းအပြည့်နဲ့ဆိုတော့ အန္တရာယ်များတယ်။ သာမန်ဝန်အားလောက်ဆိုရင် ပြဿနာမရှိဘူး။ ဝန်များလွန်းရင် အဆင်မပြေဘူး။ သူတို့လာတဲ့အချိန်က မနက်ပိုင်းဆိုတော့ လမ်းကြား တွေထဲမှာက လမ်းအရမ်းရှုပ်နေချိန်ပါ။ သူတို့ အလျင်လိုနေတဲ့အချိန်ဆို အရှိန်က အရမ်းကြမ်းတယ်။

အသံကတော့ အရမ်းဆူညံတယ်။ မီးခိုးက တော့ အစီးတိုင်းမထွက်ဘူး။ မြို့ထဲလမ်းတွေထဲကို ထော်လာဂျီဝင်နိုင်မယ့် အချိန်ကို ကန့်သတ်ပေးစေ ချင်တယ်။ လူစည်ကားတဲ့ လမ်းတွေဆို မွန်းလွဲပိုင်း ဝင်စေချင်တယ်။ ဒီလိုမှမဟုတ်ရင် ယာဉ်ကြော ပိတ်ဆို့မှုတွေ ရှိနေတယ်။

ဦးအောင်မိုး ၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့

ဒီလမ်း (ဆန်းချီလမ်းဆုံမှ DDPC မီးပွိုင့်အထိ ကမြောကင်းလမ်းတစ်လျှောက်)ကလဲ ဘိလပ်မြေတွေ ပို့နေတာဆိုတော့ ထော်လာဂျီမှအဆင်ပြေတယ်။ ဒီလမ်းကြောင်းကလဲ လူသွားလူလာအများဆုံးထဲ မှာပါတယ်ဆိုတော့ လမ်းကြောင်းက တော်တော် ရှုပ်တယ်။

ကားကြီးနဲ့ဆို လမ်းကြောင်းပိုရှုပ်မှာ။ သင့်တော်တာက ထော်လာဂျီနဲ့သင့်တော်တယ်။ ပြီးတော့ ထော်လာဂျီတွေက ပစ္စည်းအပြည့်တင် ကြတယ်။ မောင်းရင်လည်း အရမ်းကြမ်းတယ်။ ဝါးတွေ၊ သံတွေတင်ပြီးလာတဲ့အချိန် သူတို့မှာက ဘရိတ်တွေ ဘာတွေကလည်းကောင်းတာမှမဟုတ် တာ။ နောက်ပြီး ဒီကောင်တွေက အသံကလည်းကျယ် တယ်လေ။

ထော်လာဂျီက မီးခိုးအရမ်းထွက်တယ်။ သူက ဒီဇယ်အင်ဂျင်ဆိုတော့ မီးခိုအရမ်းထွက်တယ်။ အင်ဂျင်ဟောင်းလာလေ ပိုထွက်လေပဲ။ တစ်ခါ တလေကျရင် တစ်လမ်းလုံးမည်းထွက်သွားတာပဲ ဒီကောင်တွေဆီကမီးခိုးတွေက။

ဌာနဆိုင်ရာကတော့ စာပြားတွေလာထောင် ထားပေမယ့် ထိထိရောက်ရောက်တော့ မကြီးကြပ် နိုင်ဘူး။ ကျွန်တော်တို့ထင်တာကတော့ သူတို့စီးပွားအရေးအရလုပ်နေတာဆိုတော့ ပြောဖို့တော့ခက်တယ်။ ဒါပေမယ့် ဌာနဆိုင်ရာကတော့ စည်းကမ်း သတ်မှတ်ထားပြီးပြီဆိုတော့ ကြီးကြပ်ဖို့တော့ လိုတာပေါ့။ ဒီလမ်းပေါ်မှာ သွားနေတဲ့ ထော်လာဂျီတွေ တွေ့တယ်ဆိုရင် ဒဏ်ငွေသော်လည်းကောင်း တစ်ခုခုပေါ့ ဘယ်လိုအရေးယူမယ်ဆိုတာကတော့ သူတို့အပိုင်း သူတို့လုပ်ပေါ့။

Dawei Watch