မောင်းမကန်ကမ်းခြေ သဲသောင်ပြင်ရှိ ကျူးကျော်ဆိုင်အရေး ကိုင်တွယ်ပေးပါ

0
673

မောင်းမကန်ကမ်းခြေရှိ သဲသောင် ပြင်ရေစပ်အထိ ကျူးကျော်ပြီး ဖွင့်လှစ် ရောင်းချနေသည့် ဆိုင်များအကြောင်းမှာ လတ်တလော လူပြောအများဆုံးဖြစ် နေပြီး ဝေဖန်မှုများ မြင့်တက်နေသည်။

ဒေသခံပြည်သူအများစုကမူ ကျူး ကျော်ဆိုင်များကြောင့် ကမ်းခြေမြင်ကွင်း ပိတ်နေသည့်အတွက် ဖယ်ရှားရှင်းလင်း ပေးရန် လိုလားနေသည်။

မောင်းမကန်ကမ်းခြေသဲသောင်ပြင် တွင် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တကျော့ ပြန် ရောင်းချနေသည့် ကျူးကျော်ဆိုင် အရေအတွက်မှာ လက်ရှိတွင် ဆိုင်ပေါင်း ၅၀ ဝန်းကျင်အထိ ရှိလာကြောင်း ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော် မတီထံမှ သိရသည်။

သဲသောင်ပြင်အထိ ကျူးကျော်ဈေး ရောင်းချခြင်းကြောင့် ပင်လယ်ကမ်းခြေ အလှကို မမြင်တွေ့ရဘဲ မြင်ကွင်းပိတ် နေခြင်း၊ အများပြည်သူ အပန်းဖြေမည့် နေရာနှင့် ကားရပ်မည့်နေရာအခက်အခဲ ဖြစ်ခြင်း အစရှိသည့် အချက်များကြောင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နောက် ဆုံးထားဖျက်သိမ်းပေးရန် လောင်းလုံး မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်ခဲ့ဖူးသည်။

ထိုသို့ တားမြစ်ချိန်က ဆိုင်အနည်းစု က လိုက်နာခဲ့သော်လည်း လက်ရှိအချိန် တွင် ဆိုင်အရေအတွက် ပိုများလာသည် ဟု မောင်းမကန်ကမ်းခြေ သန့်ရှင်းသာယာ လှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလေးဝင်းက ဆိုသည်။

လက်ရှိတွင် မိသားစုအလိုက် အပန်းဖြေအနားယူနိုင်မည့် နေရာမရှိ တော့ခြင်း၊ ကျူးကျော်ဆိုင်များကြောင့် ကမ်းခြေအလှ မမြင်ရတော့ခြင်း စသည့် အချက်များကြောင့် ခရီးသွားဧည့်သည် များ၏ ညည်းညူမှုများ ကြားနေရကြောင်း ၎င်းက ပြောသည်။

ထိုကြောင့်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ထံ အကြိမ်ကြိမ်တင်ပြခဲ့သော် လည်း ထိရောက်စွာ ကိုင်တွယ်ခဲ့ခြင်း မရှိကြောင်း ဦးလေးဝင်းက ဆိုသည်။

“တိုင်းအစိုးရအဆင့် ခရိုင်အဆင့် မြို့နယ်အဆင့် အဆင့်ဆင့်က ကြပ်မတ် ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးလေးဝင်းက ပြောသည်။

ထို့အပြင် ကျူးကျော်ဆိုင်များရှိနေ သည့်အတွက် ကမ်းခြေသန့်ရှင်းရေး အမှိုက်သိမ်းရာတွင် အဆင်မပြေ မှုများ ရှိနေသည့်အတွက် မြို့နယ်အဆင့် ကော်မတီက ကြပ်ကြပ်မတ်မတ်ကိုင် တွယ်စေလိုကြောင်း မောင်းမကန်ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

“အဖွဲ့အစည်းနဲ့ ကြပ်ကြပ်မတ်မတ်လေး ကိုင်တွယ်မယ်ဆိုလို့ရှိရင်တော့ ဒီဆိုင်ခန်းတွေက မရှိတော့ဘူးပေါ့”ဟု ဦးသန်းနိုင်က ပြောသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယင်းကျူးကျော်ဆိုင်များ ဖယ် ရှားပေးရန် အကြိမ်ကြိမ် စာထုတ် အကြောင်းကြားကာ တားမြစ်သော်လည်း ရောင်းချနေမြဲပင်ဖြစ်ကြောင်း လောင်းလုံး မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်ဌေးက ဆိုသည်။

“ဈေးသည်တွေက တားပြီးရင်လည်း ပြန်ပြန်ပြီးရောင်းနေတာ”ဟု ဦးကျော်ဌေး က ပြောသည်။

ယင်းကျူးကျော်ဆိုင်ကိစ္စကို ကိုင် တွယ်ရန် မောင်းမကန်ကမ်းခြေသန့်ရှင်း သာယာလှပရေးကော်မတီ မြို့နယ်အဆင့် နှင့် ကျေးရွာအဆင့်များကို ပြန်လည် ဖွဲ့စည်းရန် တင်ပြထားကြောင်း ၎င်းက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မြို့နယ်အဆင့် မောင်းမကန်ကမ်းခြေသန့်ရှင်းသာလှပရေးကော်မတီကို ဖွဲ့စည်းထားသော်လည်း လက်ရှိတွင် နုတ်ထွက်သူ၊ ကျန်းမာရေး မကောင်းသူ၊ ပြောင်းရွေ့သူများရှိနေခြင်း ကြောင့် ပြန်လည် ဖွဲ့စည်းပေးရန် မြို့နယ် ထွေအုပ်နှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များကို တင်ပြထားခြင်း ဖြစ်ကြောင်း ဦးကျော်ဌေးက ဆိုသည်။

ကမ်းခြေကျူးကျော်ဆိုင်များအရေး ကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ အနီးစပ်ဆုံး အစည်းအဝေးတွင် ဆွေးနွေး အဖြေရှာ သွားမည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

“အနီးဆုံး စီ/ခန့်ကော်မတီခေါ်ယူ ပြီးတော့မှ ဒါကို နည်းလမ်းရှာပြီးဆောင် ရွက်ပါ့မယ်”ဟု ဦးကံထူးက ဆိုသည်။

ကမ်းခြေသဲသောင်ပြင်တွင် ကျူးကျော်ဆိုင်ရောင်းချသူအများစုမှာ ဒေသခံ များဖြစ်ပြီး ကမ်းခြေအတွင်းဘက်ရှိ ယာယီဆိုင်အချို့လည်း ကျူးကျော် ပြီး ထွက်ရောင်းနေမှုများရှိကြောင်း မောင်း မကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က ပြောသည်။

မောင်းမကန်ကမ်းခြေတွင် ကျူးကျော် ဆိုင်ပြဿနာအပြင် ကမ်းခြေအဆင်းလမ်း ရှိ အမှိုက်ပုံကိစ္စ၊ သဲသောင်တွင် ကားပါကင် ထားရှိသည့် ကိစ္စ၊ ယာယီစားသောက်ဆိုင်ခန်းများ တိုးချဲ့များပြား လာသည့် ကိစ္စများကြောင့် ထားဝယ်ဒေသခံများ အကြားတွင် ဝေဖန်ပြောဆိုမှုများရှိနေသည်။

ကိုဇော်