တနင်္သာရီတွင် အမှုကြီးဖြစ်ပွားမှု လျော့ကျ၊ လူသတ်မှု တိုး

0
576

တနင်္သာရီတိုင်းအတွင်း အမှုကြီး ဖြစ်ပွားမှု လျော့နည်းလာသော်လည်း လူသတ်မှုတိုးလာကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

၂၀၁၈ ခုနှစ်တွင် အမှုကြီးဖြစ်ပွား သည့် အကြိမ်အရေအတွက် ၁၄၅ မှုရှိခဲ့ ပြီး ၂၀၁၉ ခုနှစ်တွင် ၁၃၃ မှုသာရှိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

သို့ရာတွင် လူသတ်မှုအရေအတွက် မှာ ၂၀၁၈ ခုနှစ်က ၆၂ မှု သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမှု ၇၀ အထိ ဖြစ်ပွား ခဲ့သည်။

လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ တိရစ္ဆာန်ခိုးမှု၊ ဓားပြမှု၊ ဖောက်ထွင်းမှု အစရှိသည့် အမှုများကို အမှုကြီးဟု သတ်မှတ်သည်။

အမှုကြီးစာရင်းဝင်သည့် လူသတ်မှု တိုးလာသော်လည်း မုဒိမ်းမှု၊ လုယက်မှု များ လျော့ကျလာသဖြင့် အမှုကြီးဖြစ်ပွားမှု လျော့နည်းလာခြင်းဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

တိုင်းအတွင်း ရွှေ့ပြောင်းလုပ်သား ပိုများလာပြီး ၎င်းတို့က ရော်ဘာခြံ၊ ဆီးအုန်းစိုက်ပျိုးရေးခြံကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းများတွင် အဓိက လုပ်ကိုင်ကြပြီး အရက်သေစာသောက်စားကာ ဒေါသ အလျောက် ဖြစ်ပွားသည့် လူသတ်မှုက ပိုများကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

“တခြားတစ်နယ်တစ်ကျေးက စီးပွားရေးအရ ပြောင်းရွေ့လာပြီး လုပ်ကိုင်စား သောက်သူတွေ များတဲ့အတွက် လူသတ်မှု ပိုများ လာတယ်လို့ ယူဆရတာပေါ့”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။

အမှုကြီးဖြစ်ပွားမှု အများဆုံးမှာ မြိတ်ခရိုင်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ထားဝယ်ခရိုင်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch