ကျောင်းတက်ရက်တိုးလာသဖြင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအချို့ ငွေပိုကောက်ရန်ပြင်

0
721

အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကို မတ်လအထိ သတ် မှတ်ခဲ့ခြင်းကြောင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါကြေးများ တိုးကောက်ရန်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်း နှင့် ဘော်ဒါတည်ထောင်သူ အချို့ထံမှ သိရသည်။

ကျောင်းတက်ရက်ပိုများလာသဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဝန် ဆောင်မှုစရိတ်များအတွက် မိဘများနှင့် ပြန်လည် ညှိနှိုင်းကာ ပြင်ဆင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပြည်ဇေယျာစိုး ဘော်ဒါတည်ထောင်သူ ဦးသန်းဝင်းက ပြောကြားသည်။

“အရင်တုန်းက အတန်းငယ်ပြီးရင် ဆယ်တန်းမျှပဲရှိတယ်။ အတန်းငယ် မရှိတော့ဘူးဆို ဆယ်တန်းကိုပဲ အဓိက ထားလုပ်ပေးလို့ရတယ်။ ခုက သူတို့ကိုပါ လိုက်ထိန်းရမယ်ဆိုတော့ တို့မှာ ပိုပင်ပန်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ကျောင်းဖွင့်စက ဖေဖော်ဝါရီလ အတွက်ထိသာ ဝန်ဆောင်ခတွက်ချက်ယူ ထားသော်လည်း ယခုအခါ မတ်လအထိ ကျောင်းတက်ရမည်ဖြစ်သောကြောင့် ဘော်ဒါအဆောင်ငှားရမ်းခများ၊ ဆရာ ငှားရမ်းသင်ကြားခများ၊ ကျောင်းသားများအတွက် စားစရိတ်များပိုလာမည် ဖြစ်ကြောင်း ဘော်၇ဒါလုပ်ငန်းရှင် အချို့ က ရှင်းပြသည်။

“မိဘတွေကိုတော့ နှစ်စကတည်းက ညှိနှိုင်းထားတယ်။ အခုကကျောင်း သားတွေကိုပဲ နည်းနည်းပြောထားတာပဲ ရှိသေးတယ်”ဟု ပညာမြင့်မိုရ်ဘော်ဒါ ထည်ထောင်သူ ဦးထွန်းရီက ဆိုသည်။

အချို့ကျောင်းများကမူ မိဘများ အတွက် ဝန်ပိမည်စိုးသောကြောင့် ကျောင်း မှပင် စိုက်ရန် စီစဉ်နေသည်။

“လာမယ့်နှစ်မှာ အခုမျိုး မတ်လမှ စာမေးပွဲဖြေရမယ်ဆိုရင် ဈေးတက်မယ်၊ ကျန်ကျောင်းတွေ ဘော်ဒါတွေအားလုံး လည်းပဲ သေချာပေါက်တက်လိမ့်မယ်။ ဒါလည်း ပညာရေးအတွက်ကြည့်မယ် ဆိုရင် ဆိုးကျိုးတစ်ခုပဲဆိုပြောနိုင်တယ်”ဟု D-PEN ကိုယ်ပိုင်ကျောင်းတည် ထောင်သူ တစ်ဦးဖြစ်သော ဦးကျော်က ဆိုသည်။ ဦးကျော်ကမူ မိဘများငြိုငြင် မည်စိုးသောကြောင့် ကျောင်းမှ စိုက်ထုတ် ရန် အနေအထား ရှိသည်ဟုဆိုသည်။

ထားဝယ်တွင် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါထားသည့် မိဘများမှာ လူလတ် တန်းစားများဖြစ်သောကြောင့် မတ်လအထိကျောင်းဖွင့်ရက်အတွက် မိဘများ အတွက် အခက်အခဲရှိသွားနိုင်ကြောင်း သုံးသပ်သူများရှိသည်။

“တိုးပြီးပေးရမယ်ဆိုလည်း ပေးရ မှာပေါ့။ ကိုယ့်ကလေးက ထားထားပြီး ပြီကိုး”ဟု ထားဝယ်မြို့မှ ဒသမတန်း ကျောင်းသူ၏ မိခင် ဒေါ်ယဉ်ယဉ်နွဲ့က ပြောသည်။

ထားဝယ်မြို့တွင် အဋ္ဌမတန်းမှ ဒသမတန်းအထိ ဘော်ဒါနှင့် ကိုယ်ပိုင် ကျောင်းများရှိ ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာအတွက် ငွေကျပ် ဆယ်သိန်းမှ သိန်း ၂၃ သိန်းအထိရှိပြီး ကျောင်းအနေ အထားနှင့် ဝန်ဆောင်မှုများအရ ဈေးအမျိုးမျိုးကွဲလွဲမှုများရှိသည်။

Dawei Watch