အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

0
1038

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ် ခရိုင်တွင် အိမ်တွင်းအကြမ်းဖက်မှု ၉၂ မှု အကူအညီတောင်းခံလာကြာင်း ထားဝယ် အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရ သည်။

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ လင်မယားစုံတွဲကြားနှင့် အတူနေ သမီးရည်းစားတို့အကြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ပုံသဏန်အမျိုးမျိုးဖြင့် စနစ်တကျ အကြိမ်ကြိမ်ကျူးလွန်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

“အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင် ယောက်ျားက မိန်းမကိုရိုက်တာတို့၊ ယောက်ျားက နောက်အိမ်ထောင်ပြုသွား တာပဲဖြစ်ဖြစ်၊ ကလေးစရိတ်မပေးဘဲနဲ့ အဲလိုမျိုးဟာတွေလည်းရှိတယ်” ထားဝယ် အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်က ပြောသည်။

အမျိုးသားက အမျိုးသမီး၏ ကာမကို ပိုင်သည်ဆိုသည့် အတွေးဖြင့် ပြုမူမှုက လိင်ပိုင်းအကြမ်းဖက်မှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မုဒိမ်းမှုဖြစ်စဉ်များတွင် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နေသော်လည်း အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များတွင်မူ လက်ရှိကျင့်သုံးနေ သည့် ဥပဒေအရ နာကျင်စေမှုအဖြစ်သာ စွဲဆိုနိုင်သေးကြောင်း မယ်းနုနုလှိုင်က ပြောသည်။

ထိုကြောင့် အိမ်တွင်းအကြမ်းဖက်မှု နှင့် ပတ်သက်သည့် တိုင်တန်းချက်များကို သက်ဆိုင်ရာ ရဲစခန်းများမှ အလေး အနက်ထား အရေးယူဆောင်ရွက်ပေးရန် အချက်အပါအဝင် အချက် ၉ ချက်ကို အမျိုးသမီးသမဂ္ဂက ထုတ်ပြန်တိုက်တွန်း ထားသည်။

အမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုပပျောက်စေရန် အတွက် တိုင်းဒေသကြီးလွှတ်တော်အတွင်း ကော်မတီတစ်ရပ် အမြန်ဆုံးဖွဲ့ စည်းအကောင်အထည် ဖော်ပေးရန်၊ လုပ်ထုံးလုပ်နည်းနှင့်မကိုက်ညီဘဲ အဂတိ လိုက်စားနေသည့် ဌာနဆိုင်ရာဝန်ထမ်း များကို ထိရောက်စွာအရေးယူပေးရန် အစရှိသည့် အချက်များကို ဇန်နဝါရီလ ၁၃ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသမီးများအတွက် ထိရောက်ပြီးအာမခံချက်ရှိသည့် အကြမ်း ဖက်မှု ကာကွယ်တားဆီးရေး ဥပဒေ တစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးရန်၊ တရားရုံး ရဲဌာန အုပ်ချုပ်ရေးဌာနများတွင် ပြည်သူ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အစိုးရအနေဖြင့် အမြန်ဆုံးတွန်းအားပေး လုပ်ဆောင်ရန် စသည့် အချက်များလည်း ပါဝင်သည်။

အထက်ပါ ၁၄ လတာကာလ အတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ထားဝယ်အမျိုးသမီးသမဂ္ဂထံ စုစုပေါင်း တိုင်ကြားလာမှု ၁၄၉ မှုရှိပြီး အိမ်တွင်း အကြမ်းဖက်မှုက ၉၂ မှုရှိကြောင်း အထက်ပါ သမဂ္ဂထံမှ သိရသည်။

Dawei Watch