ဦးရွှေမန်းပါတီသို့ ဦးအောင်စိုး ဝင်ရောက်ခြင်း မဟုတ်မှန်ဟုဆို

0
1558

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဟောင်း ဦးအောင်စိုးက သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သို့ ဝင်ရောက် သွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း UBP ပါတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဦးက ပြောသည်။

လက်ရှိတွင် ဦးအောင်စိုးအနေနှင့် UBP ပါတီထံ ကူးပြောင်းသွားသည် ဆိုသည့်သတင်းများ ပျံ့နှံ့နေသည်။

ဦးအောင်စိုးနှင့် လွှတ်တော်အတူ တက်ခဲ့ဖူးသည့်အတွက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ဦးအောင်စိုးဘက်မှ ဆက်သွယ်လာခြင်း၊ ၎င်းတို့က ဆက်သွယ်ခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဦးဝင်းဦးက ဆိုသည်။

“သူလည်း တစ်ခါမှ မဆက်သွယ် သေးပါဘူး။ ကျွန်တော်လည်း သူ့ကို မဆက်သွယ်မိသေးပါဘူးခင်ဗျား”ဟု ဦးဝင်းဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်စိုး ကို မေးမြန်းနိုင်ရန် တယ်လီဖုန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။

ဦးအောင်စိုးသည် NLD ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပြီး တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ပါတီတာဝန်အားလုံး ရပ်ဆိုင်းလိုက်ပြီး ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်ထိ သရက် ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေဆဲ ဖြစ်သည်။

၎င်းသည် NLD ပါတီ စတင် တည်ထောင်စဉ်မှစ၍ ပါတီတာဝန်အရပ် ရပ်ကိုထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တနင်္သာရီတိုင်းဥက္ကဋ္ဌ၊ ၂၀၁၆ ခုနှစ်တွင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ် သည်။ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံထားရ သည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုတော်စပ်သူလည်း ဖြစ်သည်။

Dawei Watch