အစိုးရက စပါးဝယ်မည့် ကျပ်သိန်းတစ်သောင်းကို လက်တွေ့စီမံခြင်း

0
1005

လယ်သမားလက်တွင်း ငွေမရောက်မည်ကို စိုးရိမ်

တနင်္သာရီတိုင်းအစိုးရအဖွဲ့လက်ဝယ်ရှိ စပါးအခြေခံဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ထားသော ငွေကျပ်သိန်းတစ် သောင်းကို မည်သို့ စီမံမည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။

ထိုရန်ပုံငွေဖြင့် အစိုဓာတ် ၁၄ ရာခိုင် နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲကင်း စင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ် ချက်ဖြင့် ကိုက်ညီသော လေးဆယ် ခြောက်ပေါင်နှင့် ညီမျှသည့် စပါးတစ်တင်း ကို အခြေခံဈေးနှုန်း ကျပ်ငါးထောင်ဖြင့် တိုင်းအတွင်းရှိ လယ်သမားများထံမှ ဝယ်ယူရမည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ လ ၁၆ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီး ဒေါ်ရီရီချိုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ တိုင်းအတွင်း ဆန်စပါးလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းမူများ ပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဒေသခံလယ်သမားများထံမှ စပါး ဝယ်ယူရာတွင် တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည့် ဆန်စပါးဝယ်ယူရေး ကြီးကြပ်ကော်မတီကို ဖွဲ့စည်းကာ ဒေသခံ ဆန်စပါးလုပ်ငန်းရှင်များက ဝယ်ယူရ မည်ဖြစ်သည်။

ယင်းကဲ့သို့ လယ်သမားများထံတွင် အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူပေး ခြင်းသည် ဆန်စပါးလုပ်ငန်းရှင်များ အတွက် အကျိုးအမြတ်မရှိဘဲ အရှုံးခံကာ ဝယ်ပေးခြင်းဖြစ်ကြောင်း ဆန်စပါး လုပ်ငန်းရှင်အချို့က ဆိုသည်။

သို့သော် အစည်းအဝေးသို့ တက်ရောက် ခဲ့သော ဆန်းစပါးလုပ်ငန်းရှင်အချို့၏ အဆိုအရ ကျပ်သိန်းပေါင်းတစ်သောင်း ဖြင့် စပါးဝယ်ယူမည့်ကိစ္စကို ၎င်းတို့ ကလည်း စိတ်ဝင်စားလျက်ရှိသည်ကို တွေ့ရသည်။

“ကျန်တဲ့လုပ်ငန်းရှင်တွေက ရှုံးမယ်ထင်လို့ သူတို့ဝင်မလုပ်လဲ ရှိတဲ့သူနဲ့ ကိုယ့်ဒေသမှာတော့ ဂုဏ်သိက္ခာကျခံ လို့မရဘူးလေ ဝယ်ပေးရမှာပါပဲ”ဟု မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။

ဒေသခံလယ်သမားများ စပါးဈေး ကျနေချိန် ဈေးမြင့်တက်လာစေရန် အတွက် ငွေကျပ်သိန်းတစ်သောင်းကို အသုံးပြုကာ စပါးဝယ်ပေးခြင်းဖြစ် ကြောင်း ဝန်ကြီးဒေါ်ရီရီချိုက ပြောဆို ထားသော်လည်း ယင်းငွေများသည် လယ်သမားများ အတွက် အကျိုးမရှိဘဲ လုပ်ငန်းရှင်အချို့လက်ထဲ အချောင်ရောက် သွားနိုင်ခြေရှိကြောင်း ထောက်ပြပြောဆို မှုလည်း ရှိနေသည်။

“လယ်သမားတွေထံမှာ စပါးနည်း နည်းပဲ အဝယ်ပြပြီးတော့ နိုင်ငံတော်ငွေကို မိမိကိုယ်ကျိုးအတွက် အသုံးချသွားတာ လည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဘယ်လိုအသုံးချမှာလဲဆိုတော့ နိုင်ငံတော် ငွေကို သူ့ရဲ့စီးပွားရေးထဲမှာ ရင်နှီးမြှုပ်နှံ လိုက်မယ်ပေါ့”ဟု အမည်မဖော်လိုသည့် ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုငွေဖြင့် လယ်သမားများထံမှ စပါး အနည်းငယ်အဝယ်ပြပြီး ကျန်ငွေများဖြင့် စီးပွားရေးလုပ်ငန်းမလုပ်ဘဲ ဘဏ်တွင် အပ်နှံသည်ဆိုလျှင်ပင် ကျပ်သိန်းရာချီ အကျိုးအမြတ်ရှိနေကြောင်း ၎င်းစီးပွား ရေးလုပ်ငန်းရှင်က ထောက်ပြခဲ့သည်။

တနင်္သာရီအပတ်စဉ်က စုံစမ်းချက် အရ ထားဝယ်နှင့် မြိတ်ရှိ လုပ်ငန်းရှင် အချို့က ယင်းငွေကျပ် သိန်းတစ်သောင်း ဖြင့် စပါးဝယ်ယူခွင့်ရရှိရေး အားပြိုင် နေသည့် အခြေအနေတွင်ရှိပြီး မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက တစ်ဖက်လျှင် ကျပ်သိန်းငါးထောင်စီဖြင့် ဝယ်ယူရန် ကနဦး ညှိနှိုင်းပေးထားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်က တိုင်းအစိုးရ အဖွဲ့ရုံးတွင် ဝန်ကြီးနှစ်ဦးနှင့် ဆန်စပါး လုပ်ငန်းရှင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ က ယင်းကဲ့သို့ညှိနှိုင်းပေးထားခြင်းဖြစ် သည်။

ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် စပါးဝယ်ယူခွင့်ရရှိရေး အားပြိုင်နေသည့် အခြေအနေရှိပါက တိုင်းအစိုးရသည် လုပ်ငန်းရှင်တစ်ဦးဦးကို ဘက်လိုက် သည့်သဘော မသက်ရောက်စေရန် ဂရုစိုက် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

အဘယ်ကြောင့်ဆိုသော် တိုင်း အစိုးရက ထောက်ခံချက်ပေးသည့် စီးပွား ရေးလုပ်ငန်းရှင်သည်သာလျှင် စပါး ဝယ်ယူခွင့် တင်ဒါကို ဝင်ပြိုင်ခွင့်ရှိသော ကြောင့် ဖြစ်သည်။

“လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေမယ်ဆိုရင် တိုင်းအစိုးရကနေပြီးတော့ ထောက်ခံချက်ပေးမယ်ဆိုရင်တော့ ဆန်းစပါးအသင်း သော်လည်းကောင်း၊ ဆန်စက်ပိုင်ရှင်သော်လည်းကောင်းပေါ့ ဒီတင်ဒါကို ဝင်ဆွဲခွင့်ရှိတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဝန်ကြီးဒေါ်ရီရီချိုကမူ တနင်္သာရီ တိုင်းသည် ယခုနှစ်မှ ဒေသခံလယ်သမား များထံတွင် စပါးဝယ်ယူခွင့်ရရှိ သော ကြောင့် အကျိုးအမြတ်များကို ပဓာန မထားဘဲ စုပေါင်းလုပ်ဆောင်ကြရန် လုပ်ငန်းရှင်များကို တိုက်တွန်းထားကြောင်း ပြောသည်။

“ဝယ်သမားတွေကိုဦးတည်တာ မဟုတ်ဘဲနဲ့ လယ်သမားတွေ ဈေးတက်လာဖို့ကိုပဲ ဦးတည်တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရက စပါးဝယ်ယူခွင့် ရရန် ကြိုးပမ်းနေချိန် စပါးဈေးမှာ အခြေခံ ဈေးနှုန်းအထိ တက်လာပါက တနင်္သာရီ တိုင်းအစိုးရ ရရှိရန်ရှိသည့် ကျပ်သိန်း တစ်သောင်းကို ပြည်ထောင်စုကို ပြန်အပ် နိုင်သည်။

ထားဝယ်ခရိုင်ရှိ လယ်သမား အချို့ကို ဇန်နဝါရီလ ၁၈ ရက်က စုံစမ်း မေးမြန်းချက်အရ စပါးဈေးနှုန်းမှာ ကမာကြည်စပါးမှလွဲပြီး ကျန်စပါးများ မှာ အခြေခံဈေးနှုန်းအောက်တွင်ပင်ရှိ နေသေးကြောင်း သိရသည်။

“အဓိကပြောချင်တာကတော့ ဘာပဲ ဖြစ်ဖြစ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး ခေါင်းစဉ်အောက်မှာ လုပ်တာသည် လယ်သမားတွေကို အဓိကတိုက်ရိုက် အကျိုးသက်ရောက်မူရှိဖို့လိုအပ်တယ်”ဟု ထားဝယ် အခြေစိုက် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ကျော်သူစိုး