လူငယ်သည် အနာဂတ်မဟုတ်တော့ပါ

0
575
editorial

လူငယ်မှာ တိုင်းပြည်၏ အနာဂတ်ဟုဆိုသည်။ သို့သော် ယခုဆိုလျှင် ယင်းအဆိုမှာ လုံးလုံးမှန်သည် မဆိုသာတော့။ လူငယ်မှာ တိုင်းပြည်၏ ပစ္စုပ္ပန်ပင် ဖြစ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းထွက် ငွေစက္ကူအသစ်စက်စက်တွင် ရိုက်နှိပ် ဂုဏ်ပြုထားသော လူပုဂ္ဂိုလ်မှာ အညာသားမြန်မာ လူငယ်တစ်ဦးဖြစ်သော အောင်ဆန်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် တိုင်းမဂ္ဂဇင်းကြီး၏ ကမ္ဘာ့အထင်ရှားဆုံးပုဂ္ဂိုလ်မှာ ဥတုဘေးအရေးကိစ္စဖြင့် ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သူ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။

ဟောင်ကောင်ကျွန်း၏ လွတ်လပ်မှု၊ ဒီမိုကရေစီ အရေးတို့ကို တဖြည်းဖြည်း ကန့်သတ်ရန် ကြိုးပမ်းလာသည့် တရုတ်ပြည်မကြီးမှ ဥပဒေများကို အသက်ပေး ကာကွယ်သူများမှာ ဟောင်ကောင်လူငယ်တို့ ဖြစ်သည်။ ဟောင်ကောင် တက္ကသိုလ် ကျောင်းသားလူငယ်များက ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့အင်အားကြီးတရုတ်အစိုးရ လက်လျှော့သွားအောင် လုပ်နိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် ပညာရေးအကောင်းဆုံးဖြစ်သော ဖင်လန်နိုင်ငံတွင် ဝန်ကြီး ချုပ်အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ခန့်အပ်ခံရသူမှာ အသက် ၃၄ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ အရေးအရာ ကိစ္စများတွင် တက်ကြွလှုပ်ရှားနေ သော ပုဂ္ဂိုလ်များတွင် လူငယ်အများအပြား ပါဝင်သည်။ ထိုကြောင့် လူငယ်တို့မှာ အနာဂတ်မဟုတ်တော့ပါ။ ပစ္စုပ္ပန်ပင် ဖြစ်နေပြီဖြစ်သည်။ ခေတ်မီ နည်းပညာတို့ နှင့် ယဉ်ပါးခြင်း၊ ခရီးသွားလာမှု လမ်းပန်းများ ပွင့်လာသဖြင့် အခြားဒေသများမှ ပိုမိုသင်ယူနိုင်ခြင်း၊ လူကြီးများနှင့် နှိုင်းယှဉ်ပါက ပုံစံချဦးနှောက်ဆေးခံထားရခြင်း မှ ကင်းဝေးခြင်း၊ တွေးခေါ်ပုံလွတ်လပ်ခြင်း၊ လူကြီးများထက် ရွေးချယ်သင်ယူစရာ များပြားသော ခေတ်တွင် ကြီးပြင်းလာရခြင်းတို့မှာ ယနေ့ခေတ်လူငယ်တို့၏ အားသာချက်များ ဖြစ်သည်။

သို့သော် အချို့သော လူ့အဖွဲ့အစည်းများတွင် လူငယ်တို့ကို အနာဂတ် တွင်သာ နေရာပေးရမည့်သူများအဖြစ် ထင်မြင်နေကြဆဲ ဖြစ်သည်။

ရလဒ်အဖြစ် အပြောင်းအလဲမြန်ဆန်လှသော ကမ္ဘာကြီး၊ ပြုပြင်ပြောင်းလဲမှု ကာလအတွင်း ရောက်ရှိသော မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ တွေးခေါ်ဆန်းသစ် နိုင်စွမ်းနည်းပါးသူများကသာ နေရာယူပြီး လူ့အဖွဲ့အစည်းမှာ ရှေ့မတိုးနိုင်ဖြစ် နေရပါသည်။

ထိုကြောင့် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအနေနှင့် လူငယ်များကို လူ့အဖွဲ့အစည်း ၏ အနာဂတ်အဖြစ် ရှုမြင်ခြင်းကို နိဂုံးချုပ်ကာ လူငယ်များမှာ ပစ္စုပ္ပန်ဖြစ်ကြောင်း တွေးခေါ် လုပ်ကိုင်ကြပါရန် အလေးပေးဖော်ပြလိုက်ပါသည်။

အယ်ဒီတာ (ဇန်နဝါရီ ၁၁၊ ၂၀၂၀)