အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

0
757

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေခြင်း၊ ဆုချီးမြှင့် ခြင်းများနှင့် သက်ဆိုင်ရာအားကစားနည်း များအတွက် လိုအပ်သည့် အားကစား ပစ္စည်းများ ဝယ်ယူရန် စသဖြင့် အားကစား ကဏ္ဍများအတွက် သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စစ်တုရင် စသဖြင့် အားကစားနည်း ၃၀ ခန့် ပါဝင်သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် တစ်နှစ်ပတ်လုံး လေ့ကျင့်သော ကစားသမားများနှင့် နည်းပြများအား ထောက်ပံ့စရိတ်ပေး ခြင်းနှင့် ဗဟိုအဆင့်တွင် ဆုရရှိသော ကစားသမားများကို ဆုပေးခြင်းများ ပါဝင်သည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အားကစားကဏ္ဍများအတွက် ငွေကျပ် ၅၃၁ သန်း သုံးစွဲခဲ့သည်ဟု ၎င်းက ပြောသည်။

တိုင်းအတွင်းရှိ မြန်မာ့လက်ရွေးစင် အားကစားသမားများကို ထောက်ပံ့သည့် စရိတ်များ၊ ပြိုင်ပွဲများတိုးလာခြင်း၊ အားကစား ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဆုကြေးများ မြင့်တက်လာခြင်း တို့ကြောင့် ပြီးခဲ့သည့်နှစ်ထက် ငွေကျပ် ၁၉ သန်း ပိုလာခြင်းဖြစ်သည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

မိုးမြင့်