ကော့သောင်းတွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့

0
522

ကော့သောင်းမြို့ ဇာဒက်ကြီးကျွန်း တွင် ထိန်းသိမ်းထားသည့် လှေစီးဒုက္ခသည် ဘင်္ဂါလီများကို ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ဘင်္ဂါလီ ၁၇၂ ဦးကို တပ်မတော် ထောက်ပံ့ရေးရေယာဉ်(၆၁၇)ဖြင့် ဇန်နဝါရီ လ ၈ ရက်က စစ်တွေဘက်သို့ လိုက်ပါ ပို့ဆောင်ခဲ့ပြီး စစ်တွေဘက်မှ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နေရပ် သို့ ပို့ဆောင်မည်ဟု သိရကြောင်း ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

“ထိန်းသိမ်းထားတဲ့ ဇာဒက်ကြီး ကျွန်းနေရာက ထွက်သွားပြီဗျ။ ၁၇၂ ဦး။ သွားတာတော့ စစ်တွေဘက်ကို ဦးတည်သွားတယ်။ အဲဒီကိုရောက်တော့မှ ပဲ အဲဒီက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ပြီးတော့မှ သူတို့ ထွက်လာတဲ့ဘက်ကို ပြန်ပို့မယ်လို့ သိရတယ်”ဟု ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ထိုဘင်္ဂါလီများစီးနင်းလာသည့်လှေ ကို ဒီဇင်ဘာလ ၁၅ ရက်က Rose Bank အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့် အကွာ (ကပ္ပလီပင်လယ်) တွင် တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလျား ၆၅ ပေ အနံ ၁၀ ပေရှိ အဆိုပါလှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂိုသူဟာလန် ဒုက္ခသည်စခန်းတွင် နေထိုင် သည့် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦးနှင့် ကလေး ၂၂ ဦးကို တွေ့ရ ကြောင်း တနင်္သာရီတိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို စိန့်မာတင်ကျွန်းအနီးတွင် ဒီဇင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ ၃ သုတ်ခွဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားမှ လှေငယ်များဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ဖမ်းမိလှေကို မြိတ်မြို့နေ အမျိုးသားက မောင်းနှင်(ပဲ့နင်း)ပြီး လှေသား ၇ ဦး ပါဝင်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

လှေပဲ့နင်းနှင့် လှေသားများကို တရားစွဲရန် ပြင်ဆင်နေကြောင်း ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောဆိုထားသည်။

ထားဝယ်ခရိုင် လောင်းလုံးဘုတ် ကျွန်းအနီး ပင်လယ်ပြင်တွင် လှေဖြင့်လာ သည့် ဘင်္ဂါလီ ၉၃ ဦးကို ဖမ်းမိခဲ့ပြီး မူရင်းထွက်ခွာလာသည့် နေရာကို ယမန် နှစ်က ပြန်ပို့ပေးခဲ့သည်။

တနင်္သာရီတိုင်းအတွင်းရေပြင်တွင် လှေဖြင့်လာသည့် ဘင်္ဂါလီဒုက္ခသည်များ မကြာခဏ ဖမ်းမိလေ့ရှိပြီး အများစုမှာ မလေးရှားနိုင်ငံသို့ သွားမည့်သူများ ဖြစ်သည်ဟု ဆိုသည်။

Dawei Watch