အမျိုးသမီးနှစ်ဦး၏ ဆံပင်ဆွဲသည့် အမျိုးသားကို ဖမ်းဆီး

0
889

ကော့သောင်းမြို့တွင် ဇန်နဝါရီလ ၇ ရက်ညနေပိုင်းတွင် ဆေးဆိုင်အတွင်း ဝင်လာပြီး အမျိုးသမီးနှစ်ဦး၏ ဆံပင်ဆွဲ သည့် အမျိုးသားကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ဆေးဆိုင်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ဆေးခန်း အတွင်း ဖုန်းဝင်ယူနေစဉ် အမျိုးသား တစ်ဦးရောက်ရှိလာပြီး လက်ကိုဆွဲခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လက်ဆွဲသဖြင့် အမျိုးသမီး ငယ်က အော်ဟစ်ရာ မအော်ရန်နှင့် ၎င်း နောက်သို့လိုက်ရန် ပြောပြီး ဆိုင်အပြင် ထွက်စဉ် အမျိုးသမီးငယ်၏ သူငယ်ချင်း ရောက်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အမျိုးသမီးငယ်၏ သူငယ်ချင်း အမျိုးသမီးက အဆိုပါ အမျိုးသားအား တွန်းရာ အမျိုးသမီးငယ်ကို လွှတ်လိုက် ပြီး သူငယ်ချင်းအမျိုးသမီး၏ ဆံပင်ကို ဆောင့်ဆွဲခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ ဆံပင်ဆွဲနေစဉ် ဆိုင်ရှင် အမျိုးသမီးနှင့် လမ်းသွားလမ်းလာများ ရောက်လာသဖြင့် အဆိုပါ အမျိုးသားမှာ ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထွက်ပြေးသွားသည့် အမျိုးသားကို လိုက်လံဖမ်းဆီးရာ မွန်စုအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်း မြို့နေ အသက် ၃၂ နှစ်အရွယ် အမျိုးသား ကို ရာဇသတ်ကြီးပုဒ်မ-၄၅၁/၃၅၄ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch