ထွေအုပ်ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း သရက်ချောင်းတွင် စတင်

0
727

မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေး ယန္တရား တွင် အဓိကျသော ဌာနတစ်ခု ဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း လုပ်ဆောင်ရန် သရက်ချောင်းမြို့နယ်ကို ရွေးချယ်ထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တိုင်းနှင့် ပြည်နယ်တစ်ခုလျှင် မြို့နယ်တစ်ခုစီကို ရှေ့ပြေးစီမံကိန်း လုပ်ဆောင်ရန် ရွေးချယ်ရာ၌ တနင်္သာရီ တိုင်းတွင် သရက်ချောင်းမြို့နယ်ကို ရွေး ချယ်လိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ပြည် သူလူထုပူးပေါင်းမှုဖြင့် မြို့နယ်အဆင့် ဘက်စုံမြှင့်တင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ရှေ့ပြေး စီမံချက်ကို စတင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

“အဓိကကတော့ လမ်းတံတား လျှပ်စစ်၊ ရေရရှိရေး အစုံပေါ့နော်။ ဒီလုပ်ငန်း တွေ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်ဖို့ကို အကောင်အထည်ဖော်ဖို့ဆိုပြီး ရည်ရွယ် ချက်နဲ့ လုပ်မှာပေါ့” ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ထွေအုပ်ဌာနက ပိုမိုကြပ်မတ်လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရှေ့ပြေးစီမံကိန်းကို ယခင်နှစ် ကပင်ရွေးချယ်ထားပြီး လက်ရှိတွင် လုပ်ငန်း စတင်နေပြီဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းကဲ့သို့ ရှေ့ပြေးစီမံကိန်းအဖြစ် ရွေးချယ်ကာ လမ်းတံတားကဲ့သို့ အခြေခံ လိုအပ်ချက်များကိုတိုးချဲ့ လုပ်ဆောင် မည်ဆိုပါက ကြိုဆိုရမည်ကြောင်း သရက်ချောင်းမြို့နယ်နေ အသက် ၄၆ နှစ်အရွယ်ရှိ အငြိမ်းစားကျောင်းဆရာမ တစ်ဦးက ဆိုသည်။

“ကျေးရွာတွေမှာ ဖွံ့ဖြိုးမှပဲ နိုင်ငံတော် ဖွံ့ဖြိုးလာမှာ။ မြို့တစ်ခုတည်း ဖွံ့ဖြိုးနေ လို့လည်း မရဘူး”ဟု အထက်ပါ ကျောင်း ဆရာမအငြိမ်းစားက ပြောသည်။

တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ် တစ်ခုချင်းတွင် ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ မြို့နယ်တစ်ခုနှင့်တစ်ခု ခေါင်းစဉ်မတူကြောင်း ဦးအောင်စိုးမိုးက ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဖော်ဆောင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရေးခေါင်းစဉ်ဖြင့် လုပ်ဆောင်ပြီး မကွေးတိုင်းတွင် ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ယုံကြည် မှုမြှင့်တင်ရေးနှင့် မြို့နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကျေးအဆင့် အုပ် ချုပ်ရေးယန္တရားခိုင်မာအားကောင်းရေးခေါင်းစဉ်ဖြင့် လုပ်ဆောင်သည်ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Dawei Watch