သိမ်းဆည်းမြေကိစ္စ ထွေအုပ် ဖြေရှင်းချက်ကို မကျေနပ်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်တောင်း

0
504

ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွင် သိမ်းဆည်းခံလယ်သမား များကို ခေါ်ယူဖြေရှင်းသည့် သိမ်းဆည်း မြေကိစ္စ ဖြေရှင်းချက်ကို မကျေနပ်သဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့် ပေးရန် ဇန်နဝါရီလ ၈ ရက်စွဲဖြင့် ယင်း လယ်သမား ခြောက်ဦးက စာပို့ထား ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်က ထားဝယ် ခရိုင် အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့ မြို့သစ်အတွက် သိမ်းဆည်းခံရသည့် လယ်သမား ၇ ဦးကို ခေါ်ယူပြီး အစား ထိုးမြေကွက်များ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆို ရာတွင်ပါဝင်သည့် ဦးညီညီထွန်းက ပြောသည်။

အစားထိုးမြေကွက်ပေးအပ်ရာတွင် လယ်သုံးဧကလျှင် ပေခြောက်ဆယ်၊ လေးဆယ်ပတ်လည်ခန့် အကျယ်အဝန်း ရှိသည့် မြေကွက်တစ်ကွက်နှုန်းဖြင့် ပေး အပ်ခဲ့ကြောင်း ဦးညီညီထွန်းက ပြော သည်။

ယခင်ကလည်း ယင်းကဲ့သို့ပင် သိမ်းဆည်းမြေ သုံးဧကလျှင် မြေကွက် တစ်ကွက်နှုန်းဖြင့် ပေးအပ်ခဲ့ဖူးပြီး ယင်း ကဲ့သို့ပေးအပ်သည့် မြေကွက်ကို သိမ်း ဆည်းခံလယ်သမား အချို့ကငြင်းပယ် ထားသည်။

လက်ရှိတွင်လည်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးက ဖြေရှင်းပေးသည့် အစားထိုးမြေကွက်ကိစ္စကိုလည်း လယ် သမား ခြောက်ဦးစလုံးက လက်မခံ ကြောင်း ဇန်နဝါရီလ ၁၀ ရက်က ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးကို တရားဝင် စာပို့ထားပြီး ဖြစ်ကြောင်း ဦးညီညီထွန်း က ပြောသည်။

ယင်းကဲ့သို့ အစားထိုးမြေကွက်များ ပေးအပ်ခြင်းသည် သိမ်ဆည်းမြေကိစ္စ များကို ပြန်လည်စိစစ်ရာတွင် လိုက်နာရ မည့် မူဝါဒ ၅၂ ချက်နှင့်ကိုက်ညီမှုမရှိကြောင်းကို တနင်္သာရီတိုင်း ဝန်ကြီးချုပ် အား အသိပေးလိုသောကြောင့် တွေ့ဆုံ ခွင့်တောင်းခံခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝန်ကြီးချုပ် လယ်ယာမြေအစည်း အဝေးမှာ ပြောထားတာ ရှိတယ်။ ၅၂ ချက်မူဝါဒနဲ့ရှင်းမယ်ဆိုတဲ့စကား။ ကျွန်တော်တို့လဲ ၅၂ ချက် မူဝါဒနဲ့ရှင်း ပေးဖို့ကိုပဲ လိုတယ်။ ဒါကြောင့် ဝန်ကြီး ချုပ်နဲ့တွေ့ဖို့ ခွင့်တောင်းတာ”ဟု ၎င်းက ဆိုသည်။

သိမ်းဆည်းမြေကိစ္စများကို နိုင်ငံတော် က ချမှတ်ထားသည့် မူဝါဒ လုပ်ငန်းစဉ် ၅၂ ချက်နှင့်အညီ အောက်ခြေအဆင့်အထိ တိတိကျကျ လိုက်နာဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကပြုလုပ်သည့် အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်ခြင်းခံရမှုများပြန် လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက မှာကြားထားသည်။

ယင်းမူဝါဒ ၅၂ ချက်အရဆိုပါက သိမ်းဆည်းထားသည့်လယ်မြေများအနက် အသုံးပြုပြီးသားမြေများကို ခေတ်ကာလနှင့်ညီသည့် လျော်ကြေးပေး အပ်ရမည်ဖြစ်ပြီး အသုံးမပြုရသေးသည့် လယ်မြေများကိုမူ လယ်သမားများထံ ပြန်လည် စွန့်လွှတ်ရမည် ဖြစ်ကြောင်း ဦးညီညီထွန်းက ပြောသည်။

ကျော်သူစိုး