မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာရွေးချယ်ခံရ

0
740

မွန်ပြည်သစ် ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီခေါင်းဆောင်အပြောင်း အလဲရှိပြီး ယခင်ပါတီ ဒုဥက္ကဋ္ဌဖြစ်သည့် နိုင်ဟံသာက ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။

ယခင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ သည် နိုင်ထောမွန်ဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် ပါတီမှ အနားယူကာ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအနေဖြင့် ဆက် လက်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

ဒီဇင်ဘာ ၂၅ ရက်မှစပြီး ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျား ဒေသတွင် ကျင်းပခဲ့သည့် မွန်ပြည် သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ စစ်ရေးကော်မတီနှင့် ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စစ်ဦးစီးချုပ်၊ ခရိုင်၊ မြို့နယ် အစရှိသည့် အဆင့်ဆင့်သော တာဝန်တို့ကို လျှို့ဝှက် မဲစနစ်ဖြင့် အသစ်ပြန်လည် ရွေးချယ်ခဲ့သည်။

အသစ်ပြန်လည် ရွေးချယ်ရာတွင် ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဂျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှနှင့် ကော်မတီဝင်အဖြစ် နိုင်လ ရီဂကောင်း၊ နိုင်ဗညာလယ်၊ နိုင်အောင်မငေး၊ နိုင်ဗညာမဲ့စန်းတို့ ရွေးချယ်ခံရ သည်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီ ဝင်တစ်ဦးက ပြောသည်။

ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ သည့် နိုင်ဟံသာသည် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာဇာတိ ဖြစ်ပြီး ၁၀ တန်း အောင်ပြီးနောက် စိုက်ပျိုးရေးဝန်ထမ်း ဝင်လုပ်ရင်း မွန်ပြည်သစ်ပါတီထဲသို့ ဝင်ရောက်ခဲ့ပြီး ယနေ့ထိပင် တာဝန်ထမ်း ဆောင်နေသူတစ်ဦးဖြစ်ကြောင်း မွန် ပြည်သစ်ပါတီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

နိုင်ဟံသာသည် မွန်ပြည်သစ်ပါတီ သို့ တပ်သားဘ၀ဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နယ်၊ ခရိုင်အဆင့်အပြင် တပ်ရင်းတပ်ဖွဲ့ အစရှိသည့် အဆင့်ဆင့်သော တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပြီး ထိုမှတစ်ဆင့် ဗဟို ကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တွဲဖက် အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ တာဝန်တို့ကိုထမ်းဆောင်လာခဲ့ သူ ဖြစ်သည်။

၎င်းပြင် နိုင်ဟံသာသည် မွန်လူထု အကြား ထောက်ခံမှုရရှိထားသူဖြစ်သည့် အပြင် ငြိမ်းချမ်းရေး ,ဖြစ်စဉ်တွင်လည်း မွန်ပြည်သစ်ပါတီတွင် သာမက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြားတွင် ပါ ယနေ့အချိန်ထိ ဦးဆောင်ကြိုးပမ်း နေသူတစ်ဦးလည်း ဖြစ်သည်။

ညီလာခံမှ ဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦး၊ စစ်ရေးကော်မတီ ၇ ဦးတို့ကို ရွေးချယ်ခဲ့သည်။

ယခုကျင်းပလျက်ရှိသည့် ညီလာခံ မှ ရွေးချယ်ခံရသည့် ဗဟိုကော်မတီဝင် များထဲတွင် လူငယ်များပိုမိုပါဝင်လာ သည့်အပြင် အမျိုးသမီးလည်း ၂ ဦးထိ ပါဝင်လာသည်။

“(မွန်ပြည်သစ်ပါတီ ခေါင်းဆောင် အပြောင်းအလဲက) ထူးထူးခြားခြား ပြောင်းလဲတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခါ အပြောင်းအလဲမှာ လူငယ်တွေ အထိုက်အလျောက် ပါဝင်လာတာကို တွေ့ရတယ်။ ကြိုလည်း ကြိုဆိုပါတယ်” ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဦးမင်းမင်းက ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ပါတီ ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာ ခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်း အလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပ သည့် ညီလာခံ၌ပင် ပြန်လည်ရွေးချယ် ကြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကျင်းပခဲ့သည့် အဆိုပါညီလာခံ တွင် ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ် ခြင်းအပြင် ပါတီ၏ အခြေခံဥပဒေဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ၊ နိုင်ငံရေး အခြေအနေနှင့် အထွေထွေဆိုသည့် ကဏ္ဍများ ဆွေးနွေးသုံးသပ်ခဲ့ကြမည်ဟု သိရသည်။

၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အကြံပေးအဖွဲ့များ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ကြသည်ဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။

ယဉ်စနိုင်း