မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး ပြဿနာကိုအရှိန်မြှင့် ကိုင်တွယ် သွားမည်

0
484

မွန်ပြည်သူလူထုများအကြား အထူး သဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿနာကို အရှိန်မြှင့် ကိုင်တွယ်သွားမည်ဟု မွန် ပြည်သစ်ပါတီက ထုတ်ပြန်လိုက်သည်။

လူငယ်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်မှာ မွန် အမျိုးသားများအတွက် မွန်ဒေသအတွက် အန္တရာယ်ရှိနေပြီး အဆိုပါမူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းသွားအောင် အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် တားဆီးသွားရမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်ထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီ ညီလာခံအပြီး ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထိုကဲ့သို့ ပြောကြားထားခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ် ဆေးဝါးပြဿနာကို တားဆီးနှိမ်နင်း နိုင်ရန်အတွက် သုံးစွဲသူ ရောင်းဝယ် ဖောက်ကားသူများကို ဖမ်းဆီးမှု ဆက်တိုက် လုပ်ဆောင်နေပြီး မူးယစ်တရားခံများကို ၎င်းတို့တရားရုံး၏ ဆုံးဖြတ်ချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ပညာပေးခြင်းတို့ကို ဆောင်ရွက်နေသည်။

“ကျွန်တော်တို့ဆီမှာ တချို့က မိဘတွေ လာအပ်တဲ့အနေအထားလည်း ရှိတယ်။ အဲဒါကျတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီစောင့်ရှောက် ပေးတယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် နိုင်အမ်စိုက်ချမ်းက ပြောသည်။

၎င်းပြင် မူးယစ်ဆေးစွဲနေသူများကို ကုသရန်အတွက် မူးယစ်ဆေးကုသရေး နှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခု ကိုလည်း မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင်အတွင်းရှိ ဝယ်ဇင်စခန်းတွင် ဖွင့်လှစ်သွားရန်လည်း မွန်ပြည်သစ်ပါတီက စီစဉ်လျက် ရှိသည်။

မွန်ပြည်သစ်ပါတီ၏ မူးယစ် ဆေးဝါးဖမ်းဆီးမှုကိစ္စနှင့် ပတ်သက်ပြီး သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက် ကိုင်ဆောင်သွား လာသည်၊ နယ်ဘက် ဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက် ဖက်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မတ်လ ခန့်က မွန်ပြည်နယ် အစိုးရက စာပို့ပြီး ကန့်ကွက်ခဲ့ဖူးသည်။

Dawei Watch