မောင်းမကန် လျှပ်စစ်မြေနေရာ ပိုင်ရှင်ကို ပြန်ပေးပါ

0
663

လျှပ်စစ်ဌာနပိုင်ဟု သတ်မှတ်ပြီး မကြာမီတွင် ဓာတ်အားခွဲရုံတည်ဆောက် ရန် စိုင်းပြင်းနေသည့် မောင်းမကန်ရွာရှိ မြေနေရာတစ်ခုကို ပြန်လိုချင်ကြောင်း ဘိုးဘွားစဉ်ဆက် မြေပိုင်ခဲ့သည်ဆိုသူ တို့က တောင်းဆိုလိုက်ကြသည်။

လောင်းလုံးမြို့နယ် မောင်းမကန် ရွာလယ်ရှိ ၎င်းမြေနေရာမှာ ဦးရှီ၊ ဒေါ်နူးပို အပါအဝင် မောင်နှမ ၄ ဦးပိုင်ဆိုင် သည့်မြေဖြစ်ပြီး ၎င်းတို့၏ မိဘများထံမှ အမွေရထားသည့်မြေဖြစ်ကြောင်း၊ ဦးရှီ နှင့် မောင်နှမများ ၎င်းခြံဝင်းအတွင်း နေထိုင်နေကြကြောင်း ကာယကံရှင်တို့ နှင့် ပြောဆိုကြသည်။

မောင်းမကန်သို့ ပြောင်းရွှေ့တာဝန် ကျလာသည့် လျှပ်စစ်ဌာနဝန်ထမ်းတို့က ခေတ္တတည်းခိုနေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အစိုးရဝန်ထမ်းကို ကူညီသော အားဖြင့် နေထိုင်ခွင့်ပြုခဲ့ရာမှ ဝန်ထမ်းတို့ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြခြင်း သာဖြစ်ကြောင်း၊ ဌာနမြေမဟုတ်ဘဲ ၎င်း တို့ပိုင်မြေသာဖြစ်ကြောင်း ကာယကံရှင်တို့က ပြောကြသည်။

အထက်ပါပြောဆိုမှုများမှာ ဟုတ်မှန် ပြီး အဆိုပါမြေမှာ ဦးရှီနှင့် မောင်နှမများ ပိုင်သည့်မြေဖြစ်ကြောင်း မောင်းမကန် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တကွ ရွာသားတို့က ပြောကြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အဆိုပါ ခြံရှေ့တွင် “လျှပ်စစ်ပိုင်မြေ မကျူးကျော်ရ” ဆိုင်းဘုတ်စိုက်ထူသဖြင့် ခြံရှင်တို့က ပိုင်းပစ်လိုက်ရာ ဌာနက ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင်တို့က ပြောသည်။

တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရကမူ အဆိုပါ မြေနေရာက ဌာနအမည်ပေါက်နေပြီး ယခုနှစ်အတွင်း ယင်းမြေနေရာတွင် ဓာတ်အားခွဲရုံတည်ဆောက်ရန် ရှိကြောင်း ပြောသည်။

ဆိုင်းဘုတ်ကို ဖြုတ်ချပိုင်းပစ်သည့် ကိစ္စ အမှုဖွင့်ခြင်းကို ဌာနကို ရပ်နားခိုင်း ထားပြီး ကိစ္စအဝ၀ကို ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“ဆိုင်းဘုတ်ဖြိုချတဲ့ အမှုကိစ္စကို တော့ နားခိုင်းထားတယ်။ အဲဒီနေရာမှာ ဒီနှစ် ပြည်ထောင်စုဘတ်ဂျက်နဲ့ ခွဲရုံ တစ်ခု ဆောက်ဖို့က ရှိနေတယ်။ ဒီကိစ္စ ကို ဝန်ကြီးချုပ်ကို တင်ပြထားတယ်” ဟု ဦးအောင်သူရက ပြောသည်။

၂၀၁၂ ခုနှစ်က ဌာနမှ ဦးရှီပါ ၃ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဖူးသည်။

လောင်းလုံးမြို့နယ် တရားရုံးက ပြစ်မှု မထင်ရှားသဖြင့် အပြီးအပြတ်လွှတ် စေနှင့် အမှုကို မှားယွင်းမှုဟု သတ်မှတ် ကြောင်း အမိန့်ချခဲ့ဖူးသည်။

၂၀၁၉ ခုနှစ်အတွင်း ဦးရှီ၏ အိမ် ပြိုကျလုလု ဖြစ်နေ၍ ပြန်တည့်မတ်ရာ ဌာနမှ ဦးရှီပါ ၆ ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထပ်တရားစွဲထားရာ ယင်းအမှုမှာ ရင်ဆိုင်နေဆဲ ဖြစ်သည်။

ယင်းသို့ အမှုရင်ဆိုင်ဆဲကာလအတွင်း ဌာနမှ ဓာတ်အားခွဲရုံ လာဆောက်ပါက ၎င်းတို့တွင် နေထိုင်ရန်နေရာ မရှိဖြစ်ကြ မည် ဖြစ်သောကြောင့် ၎င်းတို့၏ ဘိုးဘွား အမွေဖြစ်သည့် ခြံဝင်းကို ပြန်ပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်။

“ကျွန်မတို့ကတော့ ကျွန်မတို့ပိုင် တဲ့မြေ ကျွန်မတို့ ပြန်လိုချင်ပါတယ်။ ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူအားလုံး ကို အကူအညီ တောင်းခံပါတယ်။ အကူ အညီပေးကြပါ” ဟု ဒေါ်နူးပိုက ပြောသည်။

Dawei Watch