သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

0
715

တနင်္သာရီတိုင်းရှိ အသက်ကိုးနှစ်အရွယ်နှင့် ဆယ်နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ၂၀၂၀ ခုနှစ် ဇွန်လ ပထမအပတ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် အသက် ၄၀ ကျော် ၅၀ ကျော် အရွယ်ရှိ အသက်ကြီးသူများတွင်သာ အဖြစ်များသည်ဟု အထက်ပါဌာန တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

“ကိုးနှစ်ဆယ်နှစ်တွေဆိုတော့ လိင်ဆက်ဆံမှု လုံး၀မရှိသေးဘူး။ လိင်ဆက်ဆံမှုမရှိသေးမှ ဗိုင်းရပ်စ် ဆိုတာက မကူးစက်အောင် ကာကွယ်နိုင်တာ။ အိမ်ထောင်ကျပြီးသူတွေ ထိုးမရဘူးလားဆို ထိုးလို့တော့ရ တယ်။ ဒါပေမယ့် ကာကွယ်ဖို့ မသေချာတော့ဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

အိမ်ထောင်ကျပြီးသူ (လိင်ဆက်ဆံပြီးသူ)များမှာ သားအိမ်ခေါင်းကို စစ်ဆေးရမည်ဖြစ်ပြီး ရောဂါ လက္ခဏာမရှိမှသာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သာမက တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့်ပါ ဖြစ်ပွားမှုနှုန်းများလာသဖြင့် ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။

မိုးမြင့်