ရှင်တောင့်ပုံတောင်တက်ကားကိစ္စ တရားစွဲဆိုထားမှု တရားခံပြသက်သေ စစစ်မည်

0
1006

ရှင်ကိုးရှင်စာရင်းဝင် ရှင်တောင့်ပုံ ဘုရားတောင်တက်ကားကိစ္စနှင့် ပတ်သက်၍ စွဲဆိုထားသည့်အမှုကို ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းတွင် တရားခံပြသက်သေအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် တရားရုံးထံမှ သိရသည်။

ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးဥပဒေ ကို ချိုးဖောက်သည်ဟုဆိုကာ မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယကက) မှ ဦးဖေသိန်းက တရားလိုလုပ်ကာ စွဲဆို ထားသည့်အမှုဖြစ်ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

အဆိုပါအမှုတွင် စွပ်စွဲခံရသူ ဦးဇော်ဝင်းစိန်ဘက်မှ တရားခံပြသက်သေ နှစ်ဦးတင်သွင်းထားပြီး ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံးမှ သတင်း ပြန်ကြားရေးအရာရှိ ဦးဝေဇင်ဦးက ဆိုသည်။

ယင်းအမှုတွင် စွပ်စွဲခံရသူ ဦးဇော် ဝင်းစိန်က ရှင်တောင့်ပုံတောင်တက်ယာဉ် အသင်းဝင်ထားခြင်းမရှိဘဲ တောင်ပေါ် သို့ ကားပြေးဆွဲ နေသည်ဟုဆိုကာ ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေးဥပဒေပုဒ်မ- ၂၃ (က) ဖြင့် ၂၀၁၉ခုနှစ် ဇွန်လတွင် စွဲဆိုခဲ့ ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

“လက်ရှိကတော့ တရားခံပြ သက်သေ စစ်ဆေးရန်အဆင့်ကို ရောက်ရှိနေပါပြီ” ဟု ဦးဝေဇင်ဦးက ပြောသည်။

အဆိုပါ အမှုတွင် တရားလိုပြ သက်သေ ၇ ဦးကို စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဦးဇော်ဝင်းစိန်ကလည်း ၎င်း၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သည် ဟုဆိုကာ ရှင်တောင့်ပုံဘုရားဂေါပက အဖွဲ့ဝင် ၁၀ ဦးကို အရေးယူပေးရန် ၂၀၁၉ ခုနှစ် ဇွန်လက တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက် ၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားရုံးတွင် ဂေါပကအဖွဲ့ဝင်၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ- ၅၀၀ ဖြင့် တရားစွဲ ဆိုခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ တရားလို ဦးဇော်ဝင်းစိန်ကို မစစ်ဆေးမီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် တရားလိုက ကျေအေးခွင့်လျှောက်ထားလာသည့် အတွက် ကျေအေးခွင့်ပြုလိုက်ကြောင်း ဦးဝေဇင်ဦး က ဆိုသည်။

“လိုပြသက်သေတစ်ဦးမှ မစစ် လိုက်ရဘဲ တိုင်လျှောက်သူ တရားလိုက နေပြီးတော့ မိမိဆန္ဒအလျောက် ကျေ အေးခွင့် တင်တဲ့အတွက်ကြောင့်မို့လို့ ကျေအေးခွင့်ပြုပြီးတော့ အမှုကနေ အပြီးပြတ်လွှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးဝေဇင်ဦးက ပြောသည်။

ရှင်တောင့်ပုံစေတီရှိရာ တောင်ပေါ် သို့ တစ်ဆင့်ခံကားများဖြင့် ပြေးဆွဲရန် ဂေါပကအဖွဲ့က ဦးဆောင်ကာ တောင်တက် မော်တော်ယာဉ်အသင်းကို ဖွဲ့စည်း ထားသည်။

ယခင်က ရှင်တောင့်ပုံတောင်ပေါ် သို့ ပြေးဆွဲနေသည့် ဇေယျာဝင်းယာဉ် အသင်းနှင့် တောင့်ပုံရတနာအသင်းတို့ ပူးပေါင်း၍ ဂေါပကအဖွဲ့၏ စီမံမှုအောက်တွင် တောင်တက်မော်တော်ယာဉ်ကြီး ကြပ်ရေးအဖွဲ့ကို တိုင်းအစိုးရ သဘောတူ ညီချက်ဖြင့် ဖွဲ့စည်းထားသည်။

ကိုဇော်