ဝါး ရောင်းအား ထက်ဝက်ကျဆင်း

0
1211

ထားဝယ်မြို့တွင် ဝါးရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာကြောင်း ဝါးနှင့် ဝါးထွက်ပစ္စည်း ရောင်းချသူအချို့ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က တစ်လလျှင် ဝါးအလုံးရေ ၃၀၀၀ ခန့် ရောင်းချရပြီး လက်ရှိတွင် အလုံးရေ ၁၅၀၀ ဝန်းကျင်သာ ရောင်းရတော့ကြောင်း ထားဝယ်မြို့ ကမ်းနားလမ်းတွင် ဝါးရောင်းချနေသည့် ဦးစောဟန်က ဆိုသည်။

ဝါးကို ခြံဝင်းခတ်ခြင်း၊ ဓနိဖက်ဖြင့် အိမ်အမိုး မိုးရာတွင် “ခြင်” အဖြစ် အသုံး ပြုခြင်း စသဖြင့် အိမ်များတွင် အသုံးပြု ကြသည်။

လက်ရှိအချိန်တွင်မူ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ရာ၌ ငြမ်းအဖြစ်သာ အသုံးပြုပြီး အိမ်ရာအဆောက် အအုံများတွင် သုံးစွဲမှုနည်းလာခြင်း ကြောင့် ဝါးရောင်းအား ကျနေသည်ဟု ထင်ကြောင်း ဦးစောဟန်က ဆိုသည်။

“ရောင်းအားကျလာတာက နှစ်နှစ် လောက်ပဲ ရှိသေးတယ်။ တစ်ဝက် လောက်ကို ကျသွားတာ”ဟု ဦးစောဟန်က ပြောသည်။

ထားဝယ်ဒေသတွင် ရောင်းချနေသည့် ဝါးအများစုကို ကလိန်အောင်မြို့ ဘက်မှ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ဆောင်လာကြသည်။

ရေလမ်းမှ ထားဝယ်မြစ်အတိုင်း သယ်ယူလာသည့် ဝါးကို ဖောင်အလိုက် ဝယ်ယူရပြီး ဝါးတစ်လုံး ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ အရွယ်အစားအလိုက် ပြန်လည်ရောင်းချကြသည်။

လက်ရှိတွင် ဝါးဝယ်လိုအား နည်း နေသော်လည်း ဓနိဖက်အမိုးများသည့် မိုးရာသီအစတွင် ရောင်းအားကောင်းလာ နိုင်ကြောင်း ထားဝယ်မြို့ ကမ်းနားလမ်း ၌ ဝါးရောင်းချနေသည့် ဒေါ်အင်ကြူက ဆိုသည်။

“မိုးရာသီဆိုတော့ နည်းနည်းရောင်း ကောင်းလာမယ်ထင်တယ်။ ပုံမှန် ဈေးကွက်က အမြဲတမ်းရောင်းကောင်းနေတာ မဟုတ်ဘူး”ဟု ဒေါ်အင်ကြူက ပြောသည်။

ဝါးရောင်းအား ကျဆင်းလာခြင်းမှာ ဝါးအသုံးပြုသူနည်းလာသည့် အချက်ပါ သလို ဝါးရောင်းချသည့် ဆိုင်အရေ အတွက် များလာခြင်းကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ဝါးရောင်းသည့် ဆိုင်များ မှာ ယခင်က ထားဝယ်မြို့တွင်သာရှိ သော်လည်း လက်ရှိအချိန်တွင် နယ်ဒေသ များတွင်ပါ ဝါးအရောင်းဆိုင်များ ဖွင့်လှစ်လာခြင်းကြကြောင်း ထားဝယ်မြို့ရှိ ဝါးရောင်းသူများက ပြောသည်။

ရေလမ်းမှ သယ်ယူလာသည့်ဝါးမှာ ရေငန်စိမ်ထားရသည့်အတွက် ကုန်းလမ်း မှ သယ်လာသည့် ဝါးထက် တာရှည်ခံ သည်ဟု ဆိုကာ လူကြိုက်များကြောင်း ဝါးရောင်းချသူများထံမှ သိရသည်။

ကိုဇော်