မောတောင်နယ်စပ်တွင် ဖမ်းမိဝက်များ လေလံတင်ရောင်း

0
715

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှ ဖမ်းမိခဲ့သည့် ဝက်ကောင်ရေ လေးဆယ်ကျော်အတွက် လေလံကြေးငွေ ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က နယ်စပ်ဂိတ်မှတဆင့် ထိုင်းမော်တော်ယာဉ်ဖြင့် တရားမဝင် တင်သွင်းလာသည့် ဝက်လေးဆယ်ငါးကောင်အား ဇန်နဝါရီလ ၃ ရက်က လေလံတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။

“လေလံဆွဲတာက တစ်ယောက်တည်းဖြစ်သွားတယ်”ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမင်းဝေက ပြောသည်။

ဖမ်းမိဝက်များအား လေလံတင်ရောင်းချရာတွင် မြိတ်မှ လုပ်ငန်းရှင်တစ်ဦးနှင့် တနင်္သာရီမြို့မှ လုပ်ငန်းရှင်တစ်ဦးတို့ လေလံလျှောက်လွှာတင်ခဲ့ပြီး လေလံရောင်းချသည့်နေ့တွင် တနင်္သာရီမြို့မှ လုပ်ငန်းရှင် တစ်ဦးသာ လေလံဆွဲဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဝေက ပြောပြသည်။

Dawei Watch