“သူတို့ဘက်ကတော့ ရလေလိုလေပဲပေါ့နော်”

0
1366
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ITD ကုမ္ပဏီတာဝန်ရှိသူတို့အကြား စာချုပ် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ Pto:Dawei Special Economic Zone's Facebook Page

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

ကာလကြာရှည်ရပ်နားနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း အကောင်အထည်ဖော်ရေး စာချုပ်ပိုင်းဆိုင်ရာများ ပြင်ဆင်ပြီးဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဒေါက်တင်ထူးနိုင်ကို တနင်္သာရီအပတ်စဉ်က တွေ့ဆုံ မေးမြန်းထားပါသည်။

တနင်္သာရီအပတ်စဉ် – ထားဝယ်အထူးစီးပွား ရေးဇုန်ရဲ့ ကနဦးစက်မှုဇုန်နယ်မြေမှာ အီတာလျံ- ထိုင်း(ITD)နဲ့ မြေငှားစာချုပ် ပြင်ဆင်ချုပ်ဆိုတာနဲ့ ပတ်သက်ပြီး ငါးနှစ်အတွင်းမှာပေါ့နော် ဘယ်လို မျိုးဟာတွေ လုပ်ဆောင်ခဲ့ရလဲခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- ITD အနေနဲ့ ၂၀၁၅ ခုနှစ်မှာ စာချုပ်အသစ်ပြန်ချုပ်ပြီးတော့ Initial phase (ကနဦးစီမံကိန်း) သူတို့ကို လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ လုပ်ကိုင်ခွင့်ပေးခဲ့ပြီးနောက်ပိုင်းမှာ မြေပြင်ပေါ်မှာကျတော့ ဘာတိုးတက်မှုကိုမှ တကယ် မဖော်ဆောင်နိုင်ခဲ့ဖူးပေါ့နော်။

ကျွန်တော်တို့ တာဝန်ယူတာက ၂၀၁၆ ခုနှစ် မှာ တာဝန်ယူတယ်ပေါ့။ တာဝန်ယူပြီးတဲ့အချိန်မှာ သူတို့နဲ့ စပြီးတွေ့ရတာက Agreement (စာချုပ်) တွေနဲ့ ပတ်သက်ပြီးတော့ အချို့အချက် တွေက သူတို့အနေနဲ့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်။ အဲဒီအတွက် အချို့အချက်တွေက ပြင်ဆင်ပေးဖို့ ဆိုတာမျိုးတွေ ညှိနှိုင်းလာတာမျိုးတွေ ရှိပါတယ်။ အဲဒီအပိုင်းမှာလည်း လက်ရှိ တစ်ကယ် ဖြစ်ပျက် နေတဲ့ အနေအထားနဲ့ ကိုက်ညီအောင် အကြောင်း အရာရဲ့ အနေအထားတွေနဲ့ ကိုက်ညီအောင် ကျွန်တော် သူတို့နဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်မှုတွေ လုပ်ပေး ခဲ့ပါတယ်။

အဲဒီလုပ်ပေးတယ်ဆိုတာကလည်း တကယ့် တကယ်ကျတော့ အချိန်အများကြီးယူခဲ့ရပါတယ်။ စာချုပ်ဆိုလည်း တစ်ခုတည်းမဟုတ်ဘူး။ တစ်ရွက် တည်းမဟုတ်ဘူး။ ဒါကြောင့်ကျွန်တော်တို့ သူနဲ့ သက်ဆိုင်တဲ့အနေအထားမျိုးတွေကို ပြင်ပေးပြီး တော့ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ၂ နှစ်လောက် သူတို့နဲ့ ညှိနှိုင်းခဲ့ရတယ်ဗျ။ မြေငှားစာချုပ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘက်က စိတ်ပူတာကလေ ကျွန်တော် တို့နိုင်ငံပိုင်မြေ သေနတ်တစ်ချက်မှ မဖောက်ရဘဲနဲ့ နှစ် လေးငါးဆယ် ပေးလိုက်ရမှာလေ။ နိုင်ငံ အတွက်ရော အဓိကကတော့ ဒေသအတွက်ပေါ့နော် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကျိုးကျေးဇူး အများဆုံးဖြစ်အောင် ဒီကနေမှတစ်ဆင့် နိုင်ငံ အတွက် အကျိုးရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်ပုံစံမျိုးနဲ့ ညှိနှိုင်းခဲ့ရတာပါ။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ အလောသုံးဆယ် တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အချိန်တော့ ယူခဲ့ရတာရှိပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ မြေငှားချုပ်ကို နှစ်ဦးနှစ်ဖက် အဆင်ပြေဆုံးဖြစ်မယ့် အနေအထားကို ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။

တနင်္သာရီအပတ်စဉ်- ပြင်ဆင်တဲ့အချက်ပေါ့ နော်ခင်ဗျား။ စုစုပေါင်းဆိုရင် ဘယ်နှချက် လောက်ရှိနိုင်မလဲခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- ပြင်ဆင်တဲ့အချက်က ဒီစာချုပ်တွေရဲ့ သဘောသဘာ၀အရ အပြင်ကို ထုတ်လို့မရတာ ရှိပါတယ်။ အချက်ကတော့ တော်တော် လေးများပါတယ်။ သို့သော် ကျွန်တော်တို့ ပြောလို့ ရတာက ဒီလိုပြင်ဆင်လိုက်တဲ့အတွက် ဒေသ အတွက်ရော၊ နိုင်ငံအတွက်ရော ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကြိုးစားပြီး ပြင်ဆင်ခဲ့တယ်လို့ပဲ ပြောလို့ ရမှာပါ။

သူတို့ဘက်ကတော့ ရလေလိုလေပဲပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း ဒေသနဲ့ နိုင်ငံအတွက်ကို ကြည့်ရတာဖြစ်တဲ့အတွက် လိုက်လျောလို့ရတဲ့ အနေအထားပေါ့။ သူတို့လိုချင်တာလည်း ကျွန်တော် တို့ မပေးနိုင်ဘူး၊ ကျွန်တော်တို့ဘက်က အနေ အထားကလည်း ကျွန်တော်တို့ရအောင် မယူနိုင်ဘူး။ သို့သော် အကောင်းဆုံးအနေအထားဖြစ်အောင် တော့ ညှိနှိုင်းခဲ့ပါတယ်။

တနင်္သာရီအပတ်စဉ်- ဒီအပြီးသတ်ပြင်ဆင် ချုပ်ဆိုတဲ့ အချိန်ကလေ ဘယ်လလောက်က ဖြစ်နိုင်မလဲခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- ကျွန်တော်တို့က ဒါ မချုပ်ဆိုရသေးဘူးခင်ဗျား။ ဒါက ညှိနှိုင်းလို့ပြီးသွား တာ။ ချုပ်ဆိုဖို့အတွက် ကျွန်တော်တို့က သူတို့ဆီကို ပေးလိုက်ပြီ။ ပေးတဲ့အပေါ်မှာမှ သူတို့ဖက်ကနေ ပြီးတော့ ဒီအချက်တွေအပေါ်မှာ မူတည်ပြီးတော့ ချုပ်ဆိုတဲ့အဆင့်ကို မကြာခင်ရောက်တော့မှာပေါ့ နော်။ ဒါမှ တရားဝင်ချုပ်ဆိုတဲ့ အဆင့်ကို ရောက်မှာ ပါ ခင်ဗျား။ ချုပ်ဖို့အတွက် အသင့်ဖြစ်သွားပြီဆိုတဲ့ အနေအထားကို ရောက်သွားတာပါ။

တနင်္သာရီအပတ်စဉ်- စာချုပ်ပြင်ဆင်ချုပ်ဆိုဖို့ ပြင်ဆင်ရာမှာ အဓိက အခက်အခဲဆုံးစိန်ခေါ်မှုတွေ က ဘာတွေဖြစ်နိုင်မလဲခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- အဓိက အခက်အခဲ ကတော့ဗျာ သူတို့ကလည်း မြေဆိုရင် တတ်နိုင် သရွေ့ အနည်းဆုံးနဲ့ လိုချင်တာ။ သူတို့အတွက် အကျိုးအများဆုံးဖြစ်မယ့်ဟာမျိုးတွေကို ကျွန်တော် တို့ဆီကို တောင်းဆိုတာပဲ။ ကျွန်တော်တို့အနေနဲ့က လည်း ပြောရရင် ဒါက ကိုယ့်နိုင်ငံပိုင်မြေဗျာ။ ဒီမြေကြီးကို သူတို့ဆီကို ပေါပေါလောလောနဲ့ ကျွန်တော်တို့ မပေးနိုင်ဘူး။ အဲလိုပေးလိုက်တယ်ဆို လို့ရှိရင်လည်း သူဋ္ဌေးသားဗျာ မိဘအမွေရတဲ့မြေကို ဈေးပေါပေါလောလောနဲ့ ရောင်းစားတာမျိုး၊ ငှားစား တာမျိုးမဖြစ်အောင် ကျွန်တော်တို့က အမြဲတမ်း စဉ်းစားရတယ်။

တကယ်လာလုပ်တဲ့လုပ်ငန်း တွေက ဒေသရဲ့ စီးပွားရေးကို ဘယ်လောက်ထိအောင် အကျိုးပြုနိုင်မှာလဲ။ ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ လူ တွေအတွက်ကော ဘယ်လောက်အကျိုးပြုနိုင် မလဲဆိုတဲ့ အပိုင်းတွေကို အများကြီးညှိရတယ်။ ဒီအလုပ်ကို လုပ်တဲ့အတွက် ဒေသခံဘယ်လောက်ကို အလုပ်အကိုင်ခန့်ထားပေးနိုင်မှာလဲ။ အဲလိုလာလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေက ဒေသမှာရှိတဲ့ စီးပွား ရေးလုပ်ငန်းတွေနဲ့ ဘယ်လောက်တောင် ချိတ်ဆက် ဆောင်ရွက်နိုင်မှာလဲ။ ဒါမျိုးတွေကို ညှိနှိုင်းတာဗျ။ အဲဒီအပိုင်းမှာ ခက်ခဲတာ သူတို့နဲ့က။

တနင်္သာရီအပတ်စဉ်- ကနဦးစက်မှုဇုန်နယ် မြေထဲမှာပေါ့နော် လျော်ကြေးကိစ္စကရော ဘယ်လို မျိုးပုံစံနဲ့ သွားမှာလဲ။ ပြဿနာတွေကရော ဘယ် လောက်အထိ ဖြေရှင်းလို့ အဆင်ပြေသွားပြီလဲ ခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- အခုသတ်မှတ်ထားတဲ့ မြေမှာကတော့ တတ်နိုင်သရွေ့ပေါ့နော်။ လျော်ကြေး ကိစ္စတွေ၊ နေရာပြန်လည် ချထားရေးတွေ မပါသေး တောင် အနည်းဆုံး အဓိကအားဖြင့်ကြိုးစား ထားပါတယ်။ ပြဿနာအနည်းဆုံးဖြစ်မယ့်အနေအထားမျိုးကို ရွေးချယ်ထားတာပါဗျ။ အစမှာ ကတည်းက အခက်အခဲက ကြုံတွေ့ရမယ်ဆိုတာ အစကတည်းက သိတယ်။ အဲလို အခက်အခဲကြုံတွေ့ တဲ့နေရာမှာလည်း International Practices (နိုင်ငံတကာကျင့်ထုံးများ) ကျင့်သုံးနိုင်အောင်။ ဘာလို့လဲဆိုရင် ဒေသမှာတင် အများကြီး တွေ့ဖူး မှာပါ။ သီလဝါတို့ ဘာတို့မှာပေါ့နော်။ ဒေသခံတွေ ဆီကနေ မြေယူလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့မှာ အာမခံချက်တွေ အများကြီးပေးရမယ်။ သူတို့အနေ နဲ့။ ဘာအာမခံချက်ပေးရမလဲဆိုလို့ရှိရင် အဓိက အားဖြင့် ဒီလိုပြောင်းရွှေ့လိုက်ခြင်းအားဖြင့် ဒေသခံ တွေရဲ့ လက်ရှိအနေအထားနဲ့နိမ့်ပါးသွားတဲ့ အနေ အထားမျိုးမဖြစ်ရအောင်။

ဒီနေရာကနေ အခြားနေရာကို ပြောင်းရွှေ့ လိုက်တဲ့အချိန်မှာ ဒီထက်ပိုပြီးသာလွန်တဲ့ အနေ အထားမျိုးကို ရေရှည်မှာ ဖန်တီးနိုင်တဲ့ အနေ အထားမျိုးဖြစ်အောင် ဖန်တီးပေးရမယ်။ ဒါမျိုးလေး တွေကို ညှိနှိုင်းရတာ ဖြစ်တဲ့အတွက် စီးပွားရေးသမား ကတော့ဗျာ။ တတ်နိုင်သရွေ့ ဘယ်ကြိုက်မလဲ ပေါ့ဗျာ။ အဲလိုအနေအထားမျိုးဖြစ်အောင် ညှိရတာ ပေါ့။ လုပ်လိုက်တဲ့အတွက် ပိုပြီးတော့ ကောင်းသွား တာဖြစ်ရမယ်။ ပိုမကောင်းတောင် လက်ရှိအနေ အထားထက် မယုတ်လျော့ရဘူးဆိုတဲ့ အဓိကမူဝါဒ ကို အခြေခံပြီးလုပ်ရတာပါဗျ။

တနင်္သာရီအပတ်စဉ်- အခုပြင်ဆင်ဖို့ ညှိနှိုင်း ထားတဲ့အထဲမှ ဒီအချက်တွေလည်း ပါတယ်ပေါ့ နော်ခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- ဒါမျိုးတွေကို အဓိက ပြင်ဆင်ပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာပါ။ အဓိကဆိုလို့ရှိရင် ဒေသခံတွေရဲ့ အကျိူးစီးပွားပေါ့။ အဓိကအားဖြင့် အလုပ်အကိုင် အနေအထားမျိုးတွေ၊ ဒီမှာလာမယ့် လုပ်ငန်းတွေက ဒေသမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဘယ်လောက်ချိတ်ဆက်ဆောင် ရွက်နိုင်မလဲ။ အထူးသဖြင့် ကုန်စည်ကူးသန်းမှု လုပ်တဲ့နေရာမှာ ဝင်လာမယ့် ကုန်သွယ်မှု ဝန်ဆောင် မှုလုပ်ငန်းတွေအတွက်ကို ဘယ်လောက်အထိ ဖွံ့ဖြိုးလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ကြိုးစားပြီးတော့ ညှိတာပေါ့လေ။ သို့သော် မြေငှား စာချုပ်ထဲမှာနေတော့ ဒီလောက်အထိ ကျယ်ကျယ် ပြန့်ပြန့် မပါပါဘူး။ သို့သော် ဒီမြေငှားစာချုပ်ကနေ စပြီးလုပ်လိုက်တာနဲ့ နောက်ထပ်ပေါ်လာမယ့် စီးပွားရေးမော်ဒယ်တွေ အဲဒီဟာတွေကိုပါ ထည့်သွင်း ပြီးတော့ စဉ်းစားပြီး ဆောင်ရွက်ထားတာပါဗျ။

တနင်္သာရီအပတ်စဉ်- ဒီစာချုပ်ပြင်ဆင်ချုပ်ဆို ဖို့ ညှိနှိုင်းပြီးစီးတဲ့အပေါ်မှာပေါ့နော် ဒေသကလူတွေ၊ တိုင်တွင်းကလူတွေကို ဘယ်လိုမျိုးပြောချင်တာမျိုး ရှိလဲခင်ဗျား။

ဒေါက်တာတင်ထူးနိုင်- ဒီစာချုပ်တွေ မချုပ်ခင် တုန်းကလည်းပဲ ဒီ Project (စီမံကိန်း)နဲ့ ပတ်သက် ပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတွေ လာပြီးတော့ လုပ်ပေးခဲ့တာ ရှိပါတယ်။ အခုလည်းပဲ ဒီအနေ အထားကို သေသေချာချာ ဒေသမှာရှိနေတဲ့လူတွေ၊ ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာ၊ လွှတ်တော်၊ ဒေသအစိုးရကို လာပြီးရှင်းပြဖို့ရှိ ပါတယ်။ သေသေချာချာ သူတို့ရဲ့ သဘောထားတွေ၊ သူတို့ရဲ့အကြံဥာဏ်တွေကို ကျွန်တော်တို့က ယူချင် ပါတယ်။ စလည်း ပြင်ဆင်နေပါပြီ။ အခုလည်း ရက်တောင်းထားတယ်။

မြေငှားစာချုပ်ဆိုတာ တကယ့်တကယ်တော့ အခြေခံတစ်ခုပေါ့နော်။

ကိုဇော်