လောင်းကစား ခေါင်းထောင်ဆဲ

0
1871

ထားဝယ်ခရိုင်အတွင်းရှိ မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးလက်ဒေသများတွင် လောင်းကစားဝိုင်းများ ခေါင်း ထောင်နေဆဲကြောင်း ဒေသခံအချို့က ပြောဆိုလာကြသည်။

မြို့ပေါ်ရပ်ကွက်အချို့တွင် ဘောလုံး ပွဲဒိုင်နှင့် နှစ်လုံး၊ သုံးလုံးထီဒိုင်များ ဖွင့်လှစ်လောင်းကစားနေကြပြီး နယ်ဒေသ များတွင်မူ ပွဲတော်နှင့် ဆက်စပ်လျက် လေးပြား၊ အနီထောင်ဝိုင်း၊ ဖဲဝိုင်းများကို တွယ်ကျယ်စွာ လောင်းကစားနေကြသည်။

နယ်ဒေသအများစုတွင် ရိုးရာနတ်ပွဲ အပါအဝင် အခြားပွဲတော်များနှင့်အတူ အနီထောင်၊ ဖဲဝိုင်းများကို ရပ်ကျေး အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များက ကိုယ်တိုင် ခွင့်ပြုပေးထားသည်ကို တွေ့ရကြောင်း လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ် ဦးက ဆိုသည်။

“တစ်ခါတလေမှ လုပ်တာမဟုတ်ဘူး။ နှစ်တိုင်းနှစ်တိုင်းလုပ်တာ”ဟု အဆိုပါ အမျိုးသားက ပြောသည်။

လောင်းကစားဝိုင်းများကို ပွဲခင်းနှင့် အလှမ်းဝေးပြီး လူသူမမြင်နိုင်သည့် တောအုပ်များအတွင်း လုပ်ဆောင်လေ့ ရှိသည်။

ရိုးရာနတ်ပွဲများတွင် ပွဲတော်ရက် မတိုင်မီကပင် ကြိုတင်လုပ်လေ့ရှိကြောင်း လောင်းလုံးမြို့နယ်နေ အသက် ၃၀ နှစ် အရွယ် အခြားအမျိုးသားတစ်ဦးကလည်း ထောက်ခံပြောဆိုသည်။

“ပွဲက မနေ့ကစလုပ်နေတာ။ လောင်းကစားဝိုင်းကတော့ ပွဲမရှိခင်ကတည်းက ရှိနေတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

လောင်းကစားဝိုင်းများကို ရပ်ကျေး အုပ်ချုပ်ရေးမှူးကိုယ်တိုင် ခွင့်ပြုကြောင်း စိစစ်တွေ့ရှိပါက တာဝန်မှ ရပ်နားပြီး ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ရှိနေခြင်းကို ပြည်သူများအနေဖြင့် သတင်းပေးရန် လိုအပ်သကဲ့သို့ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တွင်လည်း တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးခွင့်ပြုချက်နဲ့ လုပ်တာတွေရှိကောင်းရှိမယ်။ ဆက်စပ်နေတယ်ဆိုရင် အရေးယူမှာပဲ။ ပြင်းပြင်းထန်ထန် အရေးယူမယ်။ အဲဒါ ကတော့ စိတ်ချ”ဟု ဦးအောင်စိုးမိုးက ဆိုသည်။

နယ်ဒေသအချို့ရှိ ပွဲခင်းများတွင် အနီထောင်နှင့် ဖဲဝိုင်းများ ပြုလုပ်လေ့ ရှိသကဲ့သို့ ထားဝယ်မြို့ပေါ်တွင်လည်း ဘောလုံးပွဲဒိုင်နှင့် ထီဒိုင်များကို ပြောင်ကျကျ လောင်းကစားနေကြသည်။

ထားဝယ်မြို့အတွင်းတွင်ပင် နာမည် ကြီးလောင်းကစားဒိုင် လေးဒိုင်ထက် မနည်းရှိသည်ဟု ဒေသခံများက ပြောသည်။

တရားဥပဒေစိုးမိုးမှုရှိစေရန် လောင်းကစားဒိုင်များကို တိတိကျကျ အရေးယူရန်လိုအပ်နေကြောင်း ထားဝယ် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

ရပ်ရွာအတွင်း လောင်းကစားဒိုင်ရှိ^ မရှိကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် သိရှိနေသည့်အတွက် သတင်းပေးရန် ပျက်ကွက်ခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ ရှိပါက ထိရောက်စွာ အရေးယူရန်လိုအပ် ကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောသည်။

“အရေးယူမယ်ဆိုရင် သေသေ ချာချာ လုပ်ဖို့တော့လိုတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို နောက်ဆုံး အကြိမ်သတိပေးလိုက်၊ မြို့နယ်အုပ်ချုပ် ရေးမှူးကနေ တရားဝင်စာထုတ်ပြီး သတိပေး၊ နောက်ဆုံးအကြိမ်ပေါ့”ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ဆိုသည်။

လောင်းကစားဝိုင်းနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ခရိုင် အုပ်ချုပ်ရေးမှူးထံ အထောက်အထား အပြည့်အစုံဖြင့် စာပေးပို့တိုင်ကြားနိုင်ပြီး တိုင်ကြားသူကို လုံး၀လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“အဲလူတိုင်လို့ သွားဖမ်းရပါတယ် ဆိုတာ မဖြစ်စေရဘူး။ သက်သေအထောက် အထားနဲ့ သေချာလေးတိုင်ဖို့လိုတယ်။ တိုင်တယ်ဆိုရင်တော့ အရေးမယူဘူးဆိုတာ မဖြစ်စေရဘူး”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက် ကလည်း ရပ်ရွာအတွင်းရှိ လောင်းကစားဒိုင်များ၏ အမည်စာရင်းကို ပေးပို့ပေးကြရန် ရပ်ကျေးအုပ်ချူပ်ရေးမှူးများနှင့် တွေ့ဆုံ ပွဲတစ်ခုတွင် ဆော်ဩခဲ့ဖူးသည်။

သို့ရာတွင် ယင်းသို့ ပြောဆိုပြီး နောက်ပိုင်းတွင် လောင်းကစားဝိုင်းနှင့် ပတ်သက်၍ ထူးခြားသည့် အရေးယူဆောင် ရွက်မှု လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ပေ။

Dawei Watch