ကလေးထိန်း ပညာရေးအတွေး

0
1492

ကျွန်တော့်ရဲ့ဆောင်းပါးကို ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအချင်းချင်း အမြဲ စနောက်ပြောဆိုတတ်ကြတဲ့ “လူဆိုးထိန်း” ဆိုတဲ့ ပုံပြင်လေးနဲ့ စချင်ပါတယ်။ ပုံပြင် ဆိုပေမယ့် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။

တစ်ခါက ရွာတစ်ရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးဟာ ရွာထဲဆွမ်းခံကြွသတဲ့။ ဆွမ်းခံကြွရင်းနဲ့ အိမ်တစ်အိမ်ရဲ့ရှေ့ရောက်တော့ ဒကာမတစ်ဦးက သူမရဲ့သားကို ရိုက်နှက်ဆုံးမရင်း ပါးစပ်ကလည်း “နင့်ကို ညနေကျရင် လူဆိုးထိန်းဆီ ပို့ပစ်မယ်” လို့ ပြောသတဲ့။ လူဆိုးထိန်းဟာ ဘယ်သူလဲဆိုတာ ဆရာတော်အတွက် ပဟေဠိဖြစ်နေခဲ့သလို သိချင်စိတ်လည်း ပြင်းပြနေပါတော့တယ်။ ဒီလိုနဲ့ကျောင်းပြန်ရောက်လို့ ဆွမ်းစားပြီးလို့ လူဆိုးထိန်းအကြောင်းစဉ်းစားရင်းနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာပါတော့တယ်။ ဆရာတော်အတွက် စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ဆိုသလိုမျိုး ဖြစ်နေတော့တာပေါ့။

ညနေစောင်းရောက်တော့ ကျောင်းဝင်းထဲကို မိန်းမတစ်ယောက်နဲ့ ကလေးလေးတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသတဲ့။ လက်တစ်ဖက်က ကလေးလက်ကိုဆွဲ၊ ကျန်လက်တစ်ဖက်က ငှက်ပျောသီးတစ်ဖီးကို ဆွဲထားရင်းနဲ့ပေါ့။ ဆရာတော် နဲ့ခပ်လှမ်းလှမ်းကို ရောက်လာလို့ အသေအချာကြည့်လိုက်တော့ ဆွမ်းခံထွက်တုန်းက ကလေးကိုရိုက်ရင်း လူဆိုးထိန်းဆီပို့မယ်လို့ ပြောဆိုနေတဲ့ ဒကာမဖြစ်နေတာကို တွေ့ရသတဲ့။ အဲဒီချိန်ရောက်မှပဲ လူဆိုးထိန်းဟာ ဘယ်သူလဲဆိုတဲ့အဖြေ ကို ဆရာတော်အနေနဲ့ အတိအကျ သိလိုက်ရတော့တာပေါ့။

အခုတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ မီဒီယာသမားတွေကို ဖြေကြားခဲ့တဲ့စကားကြောင့် ဆရာ၊ ဆရာမတွေကြားမှာ ကလေးထိန်းတွေ ဆိုပြီးတော့ အချင်းချင်းစနောက်နေကြလေရဲ့။ လူဆိုးလည်းထိန်းရင်း၊ ကလေးလည်း ထိန်းကြရတာပေါ့။ စောစောကျောင်းပိတ်ရင် ကလေးတစ်ဖက်နဲ့မို့ မိဘတွေအနေနဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်မှာစိုးလို့ လေးတန်း၊ ရှစ်တန်းနဲ့ ဆယ်တန်းကလွဲပြီး ကျန်တဲ့အတန်းတွေကို မတ်လကုန်တဲ့အထိ ကျောင်းတက် ခိုင်းတာပါလို့ ပြောပါတယ်။ ကလေးတွေ ကျောင်းမှာခေါ်ထားပေးရင် မိဘတွေအနေနဲ့ အလုပ်ကောင်းကောင်း လုပ်နိုင်မှာမို့ နိုင်ငံ့စီးပွားရေးတိုးတက်လာမယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့ အဖြေကို မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ကျောင်းသားတွေကို မတ်လ၃၁ရက်အထိ ကျောင်းတက်ခိုင်းရတဲ့အကြောင်းရင်းက ဒီတစ်ခုတည်းဆိုရင်တော့ စဉ်းစားသုံးသပ်စရာတွေ၊ မေးခွန်းထုတ်စရာတွေက အများကြီးဖြစ်လာပါတယ်။ အခုလို ဆုံးဖြတ်ချက်ချဖို့၊ တစ်နည်းအားဖြင့် မူဝါဒချမှတ်နိုင်ဖို့အတွက် အသေအချာ သုတေသနလုပ်ထားခဲ့သလား။ စစ်တမ်း လုပ်ထားတာရှိလားဆိုတာ မေးခွန်းထုတ်စရာပါ။ ကျောင်းဖွင့်တဲ့လတွေမှာ နိုင်ငံ့စီးပွားရေးတက်လာပြီး၊ ကျောင်းပိတ်တဲ့လတွေမှာ နိုင်ငံ့စီးပွားရေး ကျသွားတတ်လို့လား။ အဲဒီလို ဖြစ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့တော့ မထင်ပါဘူး။

ဝန်ကြီးဆိုလိုတဲ့ မိဘတွေဆိုတာက ဘယ်လိုမိဘမျိုးကို ဆိုလိုသလဲ။ ဝန်ထမ်း ဖြစ်နေတဲ့ မိဘတွေကိုလား။ သို့တည်းမဟုတ် လူတန်းစားမရွေးပါဝင်တဲ့ မိဘတွေအားလုံးကို ဆိုလိုသလား။ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘအားလုံးကို ဆိုလိုတယ်ဆိုရင်တော့ ဝန်ကြီးရဲ့အကြောင်းပြချက်က ရာနှုန်းပြည့်မှန်ဖို့ မလွယ်ပါဘူး။

ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တာနဲ့အညီ ဆင်းရဲသားက ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။ ပန်းရောင်းပြီး မှ ကျောင်းတက်ရတဲ့ကလေး၊ အကြော်ရောင်းပြီး၊ သတင်းစာ၊ ဂျာနယ်ရောင်းပြီးမှ ကျောင်းတက်ရတဲ့ကလေး စသဖြင့် ဘဝမျိုးစုံလှပါတယ်။ နွေကျောင်းပိတ်ရက်မှာ ရရာအလုပ်ကိုလုပ် ပိုက်ဆံစုပြီးမှ ကျောင်းစရိတ်ရှာရတဲ့ ကလေးတွေလည်း ရှိပါတယ်။ နွေကျောင်းပိတ်ရက်တွေမှာ မိဘကိုကူရင်း၊ မိမိကိုယ်တိုင် ပိုက်ဆံ ရမယ့်အလုပ်တွေကိုလုပ်ရင်း ကျောင်းစရိတ် ရှာရတဲ့ကလေးတွေ နိုင်ငံတစ်ဝန်း အများကြီး ရှိနိုင်ပါတယ်။ အခမဲ့ပညာရေး ဆိုပေမယ့် အခမဲ့မဟုတ်သေးတာတွေက အများကြီးကျန်နေသေးတယ် မဟုတ်လား။

ကလေးတစ်ဖက်ဆိုတာ မူကြိုအရွယ်၊ မူလတန်းအရွယ်ဆိုရင်တော့ လက်ခံပေးလို့ ရပါသေးတယ်။ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားတွေအတွက် မိဘတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စရာအကြောင်း သိပ်မရှိပါဘူး။ ကျောင်းဖွင့်နေရင်သာ ကျောင်းကြို၊ ကျောင်းပို့ လုပ်ပေးရတာနဲ့၊ ထမင်းချိုင့်အတွက် စီစဉ်ပေးရတာနဲ့ အလုပ်ပိုရှုပ်ရပါတယ်။ နောက်တစ်ချက်က ကျူရှင်တစ်ဖက်နဲ့ဆို ပိုတောင်ဆိုးပါသေးတယ်။

ကလေးထိန်းပေးမယ့် ဝန်ကြီးရဲ့ စေတနာကိုတော့ လေးစားပါတယ်။ သို့သော်လည်း လက်တွေ့မကျတဲ့ စေတနာမျိုး ဖြစ်နေမှာကိုတော့ စိုးမိပါတယ်။ နောက်တစ်ချက်က တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သုတေသနမပါဘဲ စေတနာကို ရှေ့တန်းတင်ပြီးချမှတ်မိမယ်ဆိုရင် အမှားတွေ့ဖို့များပါတယ်။

နောက်တစ်ချက်က ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုအပ်ပါမယ်။ အခုကိစ္စမှာ နှစ်စကတည်းက တရားဝင်စာထုတ်ပြီး ညွှန်ကြားတာမျိုးကို မတွေ့ခဲ့ရပါဘူး။ ဆိုတော့ ပညာရေးနဲ့နှီးနွယ်ပြီး လုပ်နေကြ ရတဲ့သူတွေအတွက် ကမောက်ကမဖြစ်ရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဘော်ဒါတွေ၊ ကိုယ်ပိုင်ကျောင်းတွေဟာ အခကြေးငွေယူပြီး လုပ်ရတဲ့လုပ်ငန်းတွေပါ။ စာသင်လ တစ်လတိုးလိုက်တဲ့အတွက် စရိတ်တစ်လစာ ပိုကုန်သွားပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ စရိတ်က တစ်လတစ်သိန်းရှိတယ်ဆိုရင် ကျောင်းသားတစ်ထောင်ဆိုရင် သိန်းတစ်ထောင်ပို ကုန်သွားပါတယ်။ နှစ်စကတည်းကသာ တိတိကျကျညွှန်ကြားချက် ထုတ်ထားရင် အဲဒီတစ်လစာအတွက် ကြိုပြီးတော့ယူထားလို့ ရပါတယ်။ အခု ချိန်မှာတော့ မိဘတွေမှာပြန်တောင်းရလည်းအခက်။ ပြန်မတောင်းပြန်ရင်လည်း အရှုံးခံကြရမယ့်သဘော ဖြစ်နေကြပါတော့တယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်ထားသူတွေ၊ Summer programme တွေကို တက်ခိုင်းဖို့ စီစဉ်ထားတဲ့ မိဘတွေအနေနဲ့လည်း အတော်လေး စနိုးစနောင့်ဖြစ်ရမယ့် အခြေအနေမျိုးပါ။ ငါတို့လုပ်ချင်ရာလုပ်မယ် ပြည်သူ တွေဘာဖြစ်ဖြစ်ဆိုတဲ့ အာဏာရှင်ဆန်တဲ့ သဘောမျိုး သက်ရောက်နေသလို ခံစားမိပါတယ်။

အဆိုးဆုံးကတော့ စကားကို လက်လွတ်စပယ် ပြောဆိုခြင်းပါ။ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းပြောတဲ့ “တစ် နိုင်ငံလုံး မပူပါဘူး”ဆိုတဲ့ အပြောအဆိုမျိုး က လက်ခံဖို့ ခက်လွန်းပါတယ်။ မြန်မာနိုင်ငံမှာ ပူတဲ့ဒေသနဲ့ အေးတဲ့ဒေသ ရာခိုင်နှုန်းဘယ်ကများသလဲဆိုတာ လူပြိန်းတွေကအစ သိပါတယ်။ အပူဒဏ်ကို ကာကွယ်ဖို့နည်းလမ်း ရှိပြီးသားလို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာတော့ မျက်နှာကြက်ပြုပြင်ဖို့လိုတဲ့ကျောင်းနဲ့၊ ဖေဖော်ဝါရီနဲ့မတ်လအတွက် သောက်သုံးရေ ရရှိ နိုင်မှု စာရင်းတို့ကို ပြုစုပြီးတင်ပြကြဖို့ အခြေခံပညာကျောင်းတွေကို ညွှန်ကြားထားတာ တွေ့ရပါတယ်။

ဒီစီမံချက်က ရန်ကုန်တိုင်းအတွက် အဆင်ပြေတယ်ထားပါဦး။ တစ်နိုင်ငံလုံးအတွက် အဆင်ပြေနိုင်ပါ့မလား။ နောက်တစ်ချက်က ဘတ်ဂျက်လုံလောက်မှု ရှိနိုင်ရဲ့လား။ ဘတ်ဂျက်လုံလောက်တယ် ထားဦးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းအားလုံးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါ့မလား။ မျက်နှာကြက် တပ်ဖို့နေနေသာသာ အကာအရံတောင်မှ မရှိတဲ့ကျောင်းတွေအတွက်ဆို ဘယ်လိုလုပ်ကြမလဲ။ လက်ရှိခံစားနေရတဲ့ အပူချိန်က မျက်နှာကြက်နဲ့ ပန်ကာနဲ့တောင်မှ မခံနိုင်တဲ့အနေအထားမျိုး။ ဒီကြားထဲ လူဦးရေ ၄၀-၅၀လောက် ပြွတ်သိပ်နေကြရတဲ့ စာသင်ခန်းတွေဆို ဘယ်လောက်အခြေအနေဆိုးမလည်းဆို တာ တွေးကြည့်ကြပါတော့။ ဒီလို အခက်အခဲဒုက္ခမျိုးကို အဲယားကွန်းခန်းထဲက လူတွေ ကိုယ်ချင်းစာစိတ်ထားနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ အပူဒဏ်ကို ကြံ့ကြံ့ခံဖို့သာ ပြင်ထားကြပေတော့။

နောက်တစ်ချက်က ကျောင်းတက် ရက်ရှည်တိုင်း ပညာရေးမှာအောင်မြင်မှု ရမယ်လို့များထင်နေကြလားမသိ။ နိုင်ငံတချို့ရဲ့ ကျောင်းတက်ရက်တွေကို ကျွန်တော်လေ့လာကြည့်မိပါတယ်။ ကျောင်းတက်ရက်တွေအနေနဲ့ ဂျပန်က ၂၃၀ရက်၊ တရုတ်နဲ့တောင်ကိုရီးယားက ၂၂၀ရက်၊ ရုရှားက ၂၁၀ရက်၊ ဩစတေးလျနဲ့ ဘရာဇီးလ်က ၂၀၀ရက်၊ ယူကေနဲ့ကင်ညာ က ၁၉၀ရက်၊ ပြင်သစ်က ၁၆၀ရက်တို့ အသီးသီး ရှိကြပါတယ်။
လတ်တလော ပညာရေးမှာထိပ်လို့ သတ်မှတ်ထားတဲ့ ဖင်လန်နိုင်ငံမှာကတော့ ကျောင်းတက်ရက်က ၁၉၀လို့ သတ်မှတ်ထားပေမယ့် တရားဝင်ရုံးပိတ်ရက်တွေက ကျောင်းတက်ရက်ကို ထပ်မံ လျော့ကျစေပါသေးတယ်။ စာသင်နှစ် တစ်နှစ်အတွင်း တရားဝင်ကျောင်းပိတ်ချိန်လေးကြိမ် ရှိပါတယ်။ အဲဒီလေး ကြိမ်ပေါင်း ကျောင်းပိတ်ရက်က ၂၈ရက် ရှိပါတယ်။

ကျွန်တော်တို့ဒေသတွင်းက ပညာရေးမှာထိပ်ရောက်နေတဲ့ စင်ကာပူနိုင်ငံမှာတော့ စာသင်နှစ်တစ်နှစ်ကို ရက်သတ္တပတ် ၁၀ပတ်စီပါတဲ့ စာသင်ချိန်ကာလလေးခု သတ်မှတ်ထားပါတယ်။ စာသင်နှစ်ကိုတော့ ဇန်နဝါရီလ ၂ရက်နေ့မှာ စတင်လေ့ရှိပြီး စာသင်နှစ်ပထမကာလ(first term) နဲ့ တတိယကာလ(third them)ပြီးချိန်မှာ ကျောင်းတစ်ပတ်စီပိတ်ပေးပါတယ်။ ဒုတိယကာလ(second term)ပြီးဆုံးချိန်မှတော့ ကျောင်းလေးပတ်ပိတ် ပါတယ်။ စာသင်နှစ်ပြီးဆုံးချိန်မှာတော့ ရက်သတ္တပတ်ခြောက်ပတ်ပိတ်ပေးတယ်။ ကျန်တဲ့အစိုးရရုံးပိတ်ရက်တွေကိုလည်း ထပ်ပိတ်ပေးပါတယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ကျောင်း တက်ရက်၊ ပိတ်ရက်ဖွင့်ရက်တွေနဲ့ နှိုင်းယှဉ်စံထိုးကြည့်နိုင်ဖို့ပါ။

နောက်ဆုံးအနေနဲ့ ကျွန်တော်ဆွေးနွေးချင်တာက ကလေးထိန်းပေးပြီးတော့ မိဘတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ်ပေးနိုင်မလား။ သို့တည်းမဟုတ် ပညာရေးစနစ် ကောင်းအောင်လုပ်ပြီးတော့ ကျောင်းသားတွေ၊ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ capacity ကို မြှင့်တင်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းက နိုင်ငံရဲ့စီးပွားရေးကို ပိုပြီးဖွံ့ဖြိုးတိုးတက်စေနိုင်မလား စဉ်းစားကြဖို့ပါ။ ကလေးထိန်းပေးမယ့် အတွေးမျိုးလောက်နဲ့တော့ စင်ကာပူကို ကျော်ဖို့ မလွယ်လောက်ဘူးထင်ပါတယ်။

သန်းဇော်ဦး(ရလိုင်)