“ ပသျှူးမို့လို့ နေရာ မပေးဘူး ”

0
1775
ကြော်ငြာဝန်ဆောင်မှု

မြန်မာနိုင်ငံတောင်ပိုင်းရှိ ပသျှူးလူမျိုးများ ခွဲခြားဆက်ဆံခံနေရသည်

ပသျှူးထမင်းကြော်သည် နိုင်ငံကျော်သည်။ ပသျှူးလူမျိုးတွင်မူ နိုင်ငံကျော်သူ မရှိပါ။

ထူးချွန်ထင်ရှားသူဖြစ်ရန် သူတို့အတွက် အခက်အခဲ များစွာရှိနေကြောင်း ပသျှူးလူမျိုးတချို့က ဖွင့်ဟကြသည်။

ထင်ရှားသည့် ဘောလုံးအားကစားသမားတစ်ဦး ဖြစ်လိုသည်ဆိုသော ကော့သောင်းဆယ်မိုင်ရွာမှ အသက် ၂၀ ကျော်အရွယ် ပသျှူးလူငယ်တစ်ဦးကလည်း ဝါသနာပါရာလမ်းကို လျှောက်လှမ်း ခွင့်ရရန် အဟန့်အတားများ ရှိနေကြောင်း ဖွင့်ဟသည်။

ယင်းအဟန့်အတားမှာ ပသျှူးလူမျိုး ဖြစ်နေခြင်းက စသည်ဟု ထိုလူငယ်ကပြောသည်။

“ပသျှူးမို့လို့ နေရာ မပေးဘူး။ (ဘောလုံးကန်ဖို့) မြို့နယ်ရွေးပြီးမှ အကြောင်းအမျိုးမျိုးပြပြီး ချန်ခဲ့ခံရတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေ ပြသခွင့် ဆုံးရှုံးနေတယ်။ မှတ်ပုံတင်မရှိလို့ မကစားရတာ လည်းရှိတယ်”ဟု ၎င်းလူငယ်က ပြောသည်။

အားကစားတွင် အရည်အချင်းရှိသည့် ပသျှူးလူငယ်များစွာရှိသော်လည်း သူ့ကဲ့သို့ပင် ချန်လှပ်ခံနေကြရကြောင်း ထိုလူငယ်က ပြောသည်။

ပသျှူးနှင့် အခြားတိုင်းရင်းသားတို့ ယှဉ်လိုက်လျှင် ခွဲခြားခံရတတ်သည်က ထိုပသျှူးလူငယ်အတွက် ယခုအရွယ် ရောက်မှ ကြုံရသည် မဟုတ်ပါ။

အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းတွင် မှတ်ပုံတင်အကြိမ်ကြိမ်လာလုပ်ပေးတိုင်း ပသျှူးကျောင်းသားများကို သီးခြားခွဲထုတ်ကာချန်ထားခဲ့ကြောင်း ၎င်းလူငယ်က ပြောသည်။

“စာသင်ကျောင်းမှာ ၇ တန်း၊ ၈ တန်း ကတည်းကလုပ်တယ်။ ဗမာ/ဗုဒ္ဓဆို ရသွားတယ်။ ပသျှူး/အစ္စလာမ်ဆိုရင် မရကြဘူး”ဟု ၎င်းက ပြောသည်။

ထိုလူငယ်တွင် ယခု အသက် ၂၀ ကျော်သည်အထိ မှတ်ပုံတင်မရသေးပါ။

ပသျှူးလူမျိုးတို့ မှတ်ပုံတင် ပြုလုပ်ရာတွင် ခက်ခဲကြန့်ကြာကြခြင်းက သူတစ်ဦးတည်း မဟုတ်ပါ။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုတွင် ပသျှူးလူမျိုးအိမ် ၅၇ အိမ် ရှိရာ ၃ ပုံ ၂ ပုံခန့် မှတ်ပုံတင် မရကြသေးကြောင်း ယင်းရွာအုပ်ချုပ်ရေးမှူးက ထုတ်ဖော် ပြောဆိုသည်။

“သူတို့က ဒီရွာမှာမွေး ဒီရွာမှာ ကြီးသူတွေပါပဲ။ ဒါပေမယ့် လဝကရုံးက လိုတဲ့အထောက်အထားတွေ သိပ်မပြည့် စုံဘူး” ဟု အုန်းတာကန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုသို့ အထောက်အထား မပြည့်စုံရခြင်းမှာ မိဘများက မွေးစာရင်းမလုပ်ခဲ့ခြင်း၊ လုပ်ရကောင်းမှန်းမသိခဲ့ခြင်းအပြင် စစ်အစိုးရခေတ်က ပသျှူးတို့ မလေးရှားသို့ ထွက်ပြေးသွားကြသဖြင့် အိမ်ထောင်စုကဲ့သို့သောစာရွက်စာတမ်းများ ပါသွားကြသည်များလည်းရှိကြောင်း အုန်းတောကမ်းရွာနေ ပသျှူးလူမျိုး ဟာဂျီဦးဟာမတ်က ပြောသည်။

“အရင်က ဒီမှာ ပသျှူးသပ်သပ်နေတာ လယ်၊ ဥယျာဉ်၊ ပုစွန်ပိုက်၊ ငါးပိုက် လုပ်တယ်။ ပေါ်တာတွေ ခဏခဏ ဆွဲတာကြောင့် ပသျှူးတွေ ပြောင်းပြေးကုန်တာ” ဟု ဦးဟာမတ်က ပြောသည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် စတင်ခဲ့သည့် အစိုးရ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းကြောင့်လည်း ပသျှူးတို့ဓားမဦးချစိုက်ပျိုးထားသော သီဟိုဥယျာဉ်များကို စွန့်လွှတ်ကာ ရွာလုံးကျွတ် ပြောင်းရွှေ့ သွားကြရသည်များလည်း ရှိခဲ့သည်ဟု ဒေသခံတို့က ပြောကြသည်။

ကော့သောင်းမြို့နယ် ချောင်းဖျားကြီးကျေးရွာအနီးတွင်ဆိုလျှင် ပသျှူးတို့ စိုက်ပျိုးထားသော မျှော်မဆုံး သီဟိုတောကြီးရှိကြောင်း လက်ရှိချောင်းဖျားကြီးကျေးရွာ တာဝန်ခံ ဦးမြင့်နိုင်က ပြောသည်။

“ပသျှူးတွေ စိုက်ထားတဲ့ သီဟိုတောက တစ်ရွာလုံး မှီခိုစားသောက်နိုင်တယ်။ ဒါတွေကို ဆီအုန်းစိုက်သူတွေက အပြောင်ရှင်းလိုက်တယ်။ ပသျှူးရွာလည်းပျောက်သွားတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

ချောင်းဖျားကြီးရွာသားတစ်ဦးကမူ ထိုပသျှူးတို့ ရွာဖျက်ပြေးရအောင်ဆီအုန်း စိုက်သူတို့ တမင်ကြံစည်ခဲ့ကြောင်း ပြောသည်။

မြစိမ်းရောင်စီမံကိန်း ဆီအုန်းစိုက်ပျိုးရေးလုပ်ရန် ထောင်ကျ ရဲဘက်များ ခေါ်ဆောင်လာပြီး ညဘက်တွင် ထိုထောင်သားများကို ရွာထဲလွှတ်ကာ ခိုးဆိုးလုယက်ခြင်းအပြင် မုဒိန်းမှုပါကျူးလွန်စေခဲ့ကြကြောင်း ထိုရွာသားက ပြောသည်။

တာဝန်ရှိသူကို တိုင်ကြားသော်လည်း အရေးမယူနိုင်အောင် စီစဉ်ကြောင်း ၎င်းရွာသားက ပြောသည်။

“ညဘက် ကျူးလွန်သူကို ဝှက်ထားပြီး ကျန်လူတွေကို တန်းစီခိုင်းတယ်၊ ရွေးခိုင်းတယ်။ မတွေ့ဘူးဆို ဆဲဆိုကြိမ်းမောင်းပြီး ပြန်လွှတ်တယ်။ နောက်တော့ ပသျှူးတွေပြေးသွားကြတော့ ရွာပျက်သွား တော့တယ်”ဟု ၎င်းရွာသားက ပြောသည်။

လက်ရှိတွင် ပသျှူးလူမျိုးတို့သည် ရွာလုံးကျွတ်ပြောင်းရွှေ့ရခြင်းမျိုးမရှိတော့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မလေးရှားသို့ပြောင်းရွှေ့နေကြဆဲ ဖြစ်သည်။

ထိုသို့ ပြောင်းရခြင်းမှာ ပသျှူးတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ဘဝတက်လမ်းနည်းပါး ခြင်းကြောင့်ဟု ၎င်းတို့က ပြောကြသည်။

ပသျှူးလူမျိုးတို့ မလေးရှားနိုင်ငံသို့ ရွေးချယ်ထွက်ခွာကြခြင်းမှာ ပသျှူးလူမျိုးစု၏ ဇာစ်မြစ်သည် မလေးရှားနိုင်ငံမှဖြစ် သည်။

မလေးရှားတွင်လူမျိုးစုအချင်းချင်းတိုက်ပွဲများ ဖြစ်ပေါ်လာခြင်းကြောင့် ရှောင်တိမ်းလာကြသူများဖြစ်ကြောင်း ပသျှူးလူမျိုးတို့က ပြောကြသည်။

ပသျှူးလူမျိုး အချင်းချင်းတိုက်ပွဲဖြစ်ကာ ထိုင်းနှင့် မလေးရှားနယ်စပ်ရှိ ကီဒါရပ်မှထိုင်း၊ ထိုမှတစ်ဆင့် ကော့သောင်း မလိဝမ်းဘက် ကုန်းလမ်း၊ ရေလမ်းတို့မှ ထွက်ခွာလာကြကြောင်း ဘိုးဘွားတို့ လက်ဆင့်ကမ်းခဲ့သော သမိုင်းကြောင်းကို ကော့သောင်းမြို့နယ် ကံပုံတလုံ့ ပသျှူး ရွာနေ အသက် ၆၇ နှစ်အရွယ်ပသျှူးလူမျိုး ဦးမတ်က ပြန်ပြောင်းပြောပြသည်။

မည်သည့်ရာစုနှစ်က ပြောင်းလာကြသည်ကိုမူ ပသျှူးတို့ မပြောနိုင်ကြတော့ပေ။

ကီဒါပြည်နယ်(KEDAH)သည် ထိုင်း-မလေးရှားနယ်စပ် မလေးရှားပိုင် ပင်လယ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး မြန်မာ နိုင်ငံ တောင်ဘက်အစွန်းဆုံးရှိ ကော့သောင်းမြို့နှင့် ၃၇၀ မိုင်ခန့်သာဝေးကွာပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် အနေအထားတွင် ရှိသည်။
ယင်းသို့ နေရပ်စွန့်ခွာ ရှောင်တိမ်းလာကြစဉ်က မြန်မာနိုင်ငံ၏ နယ်နိမိတ်ပင် မသတ်မှတ်ရသေးဟု ပသျှူးအရေး လေ့လာသူ ရွေးလက်ယာသုတေသနအဖွဲ့ (Yway Latyar Research) မှ ဦးသက်ကိုကိုက ပြောသည်။

ပသျှူးတို့သုံးစွဲသည့် ဘာသာစကားကို အခြေခံပြီး မလေးရှားနိုင်ငံကီဒါပြည်နယ်သုံး မလေးဒေသိယစကားဖြစ်ပြီး ကီဒါ ပြည်တွင်းစစ်တွင် အချို့အုပ်စုများ သည် မြိတ်ကျွန်းစုထဲကို ခိုလှုံဝင်လာသည် ဟု Malay Khingshipin Kedah Religion, Trade, and Society စာအုပ်တွင် ဖော်ပြသည်ဟုရွေးလက်ယာ သုတေသနအဖွဲ့က ပြုစုထားသည့် ပသျှူးစာတမ်းတစ်ခုတွင် ဖော်ပြသည်။

၁၈၃၈-၁၈၃၉ ခုနှစ်များတွင် ထိုင်းတို့ကို တော်လှန်သည့် ကီဒါတို့၏ မအောင်မြင်သည့်တော်လှန်ရေးတွင် တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဝမ်အလီခေါ်မိုဟာမက်အလီသည် မြိတ်ကျွန်းစုသို့ ခိုလှုံလာသည်ဟု အထက်ပါစာအုပ်တွင် ရေးထားပြီးကြောင်း၊ ကီဒါပြည်နယ်မှ ဆူလတန်ဘုရင်တို့သည် မြိတ်ကျွန်းစုအထိရေပြင်ကို စိုးမိုးထားခဲ့သည်မှာသေချာကြောင်း ၎င်းစာတမ်းတွင် ဖော်ပြသည်။

ပသျှူးလူမျိုးတို့သည် မြန်မာနိုင်ငံ၏ ပင်လယ်နှင့် ဆက်စပ်သောနေရာဒေသ အတော်များများတွင်လည်း ဖြန့်ကျက်နေ ထိုင်ခဲ့ကြသည်။

၁၈၂၅ ခုနှစ်က အင်္ဂလိပ်တို့ ကောက်ယူ ခဲ့သည့် သန်းခေါင်စာရင်းအရထားဝယ် ခရိုင်တွင် ပသျှူး ၂၁ ဦး ရှိသည်ဟု ဖော်ပြကြောင်း ဒေသခံသုတေသီတစ်ဦးဖြစ်သူ မောင်လေးတင့်၏ ထားဝယ်မှတ်စုစာအုပ် တွင် ဖော်ပြသည်။

၁၉၆၀ ခုနစ်တွင် ဆရာကြီး ဦးဖေမောင်တင်နှင့် အင်္ဂလိပ်လက်ထက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော နာမည် ကျော် အရှေ့တိုင်းပညာရှင် ဂျေအက်စ်ဖာနီဗဲလ်တို့ တည်းဖြတ်သည့် ဇမ္ဗူဒီပ ဦးဆောင်ကျမ်းတွင် ပုသိမ်နယ်၏ နယ်နိမိတ် ကိုပြဆိုရာတွင် တောင်ကိုလားသော် ပင်လယ်အုန်းကျွန်း ပသျှူးရွာဟုပြဆိုကြောင်း၊ အနောက်ကို လားသော် နဂါးရစ်ရိုး ပသျိူရွာ(နဂရာဇ်ရိုးမ၊ ဗသျူးရွာ)ဟု ပြဆိုထားသဖြင့် ယခု မော်တင်စွန်း ဝန်းကျင်ဖြစ်မည်ဟု ယူဆကြောင်း ရွေးလက်ယာသုတေသနအဖွဲ့၏ စာတမ်းတွင် ဖော်ပြသည်။

လက်ရှိတွင် ပသျှူးလူမျိုး အများစု သည် ကော့သောင်းခရိုင်အတွင်းရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြပြီး ယခင်က ဘုတ်ပြင်းမြို့နယ်တွင်ပသျှူးလူမျိုး ခြောက်ဆယ်ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့လယ်တွင် နေထိုင်သော အသက် ၇၉ နှစ်အရွယ် ပသျှူးလူမျိုးကြီး ဦးမန်းက ပြောသည်။

ယင်းမှာ အခြား ဘုတ်ပြင်းဒေသခံတို့၏ ပြောဆိုချက်နှင့်လည်း ကိုက်ညီ သည်။

ထိုအချိန်က ဘုတ်ပြင်းတွင် ထိုင်းလူမျိုးက သုံးဆယ်ရာခိုင်နှုန်းရှိပြီး ဗမာအပါအဝင် အခြားလူမျိုး ၁၀ ရာခိုင်နှုန်း သာရှိသည်ဟု ဒေသခံတို့က ပြောကြ သည်။ ယခုအချိန်တွင်ဘုတ်ပြင်းတွင် ပသျှူး သုံးဆယ်ရာခိုင်နှုန်းသာ ရှိတော့ ကြောင်း ဦးမန်းက ပြောသည်။

ပသျှူးရွာမှ ပသျှူးလူမျိုးတိုင်းက လူမျိုးဘာသာမတူသူများနှင့်လည်း တစ်သားတည်း ဖြစ်နေပါပြီ။ သင်္ကြန် ကဲ့သို့သော ပျော်ပွဲရွှင်ပွဲများတွင်မူ တစ်ရွာတည်း၊ တစ်ရပ်တည်းအတူနေသူများနှင့် တစ်သားတည်း ပျော်ကြသည်။

“ရခိုင်ဘက်မှာ ဖြစ်တော့ ဒီမှာ စိုးရိမ်ရတာမရှိဘူး။ ဒီမှာက တစ်ရွာလုံးက မိသားစုလို ဖြစ်နေပြီကိုး” ဟု ဘုတ်ပြင်း အုန်းတောကမ်းရွာသား ပသျှူးလူမျိုး ဦးဟာမတ်က ပြောသည်။

သို့သော် သူတို့တွင် အခွင့်အရေးတန်းတူကား မရကြပါ။ အခွင့်အလမ်း နည်းပါးကြသည်။

မြို့ပေါ်နှင့် ကျေးရွာအချို့မှ ပသျှူးများမှာ ပညာတတ်နည်းပါးလာကြောင်း ဘုတ်ပြင်းမြို့နေ ရုက္ခဗေဒဘွဲ့ရ ပသျှူး အမျိုးသမီး မစိုးမာထွန်း(ခ)ဆာလီမာက ပြောသည်။

“ခုနောက်ပိုင်း ပသျှူးထဲမှာ ဆယ်တန်း အောင်တောင် ရှားလာတော့ စိတ်မကောင်း ဖြစ်မိတယ်။ မိဘတွေက ဆင်းရဲကြတော့ စားဝတ်နေရေး မဖူလုံတော့တဲ့အတွက် ပညာရေးမှာ အားနည်းရတယ်” ဟု ဆာလီမာက ပြောသည်။

တချို့ ပသျှူးလူငယ်တို့ကလည်း ဆယ်တန်းအောင်ဘွဲ့ရသည်တိုင် ပသျှူးလူမျိုးတို့အတွက် အစိုးရအလုပ်အကိုင် နှင့် အခြားအခွင့်အလမ်းများ ရှားပါးလှကြောင်း ပြောကြသည်။

“ဘွဲ့ရလို့ ရုံးတွေ၊ ဌာနတွေ (အစိုးရ အလုပ်အကိုင်) မှာ အလုပ်လျှောက်ရင် လူမျိုး/ဘာသာ ခွဲတာမျိုးတွေ ခံရခက်တာတွေအပြင် မှတ်ပုံတင်တစ်ချပ်ရဖို့တောင် တော်တော်လုပ်နေရတာတွေကို ပသျှူးလူငယ်တွေက မခံနိုင်ကြဘူး” ဟု ကော့သောင်း ဆယ်မိုင်ရွာမှ ပသျှူးလူငယ် တစ်ဦးက ပြောသည်။

သို့ကြောင့် ယခုနောက်ပိုင်းတွင် မလေးရှားသို့ လူငယ်များအလုပ်အကိုင်အတွက် ပိုသွားကြကြောင်း ပြောကြ သည်။

သို့သော်လည်း မြန်မာပသျှူးတို့မှာ မလေးရှားတွင်လည်း ကျီးလန့်စာစား ဖြစ်ပါသည်။
မလေးရှားသို့ တရားမဝင်လမ်းကြောင်းမှ ပြောင်းရွှေ့သွားသူများသည် မလေးရှားနိုင်ငံတွင် နိုင်ငံသားခံယူခွင့် မရကြပေ။

“မလေးရှားမှာလည်း မှတ်ပုံတင်မရ ကြဘူး။ လာစစ်ရင် ပြေးရတယ်။ တကယ်လို့မိရင် ရန်ကုန်လမ်းကနေ ပြန်ပို့တယ်” ဟု ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းရွာမှ ဒေါ်ကာနားက ပြောသည်။

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်းက အုန်းတောကမ်းမှ ပသျှူးများ မလေးရှား တွင်ဖမ်းမိပြီး ပြန်ပို့ခံရသည့် အဖြစ် အပျက်တို့ ရှိခဲ့ကြောင်း ဒေါ်ကာနားက ပြောသည်။

မြန်မာပြည်တွင်လည်း ပသျှူးတို့အတွက် မိရိုးဖလာလုပ်ငန်းမှအပ အခြားထူးချွန်ထိုးထွက်နိုင်သည့် အလုပ်အကိုင်အတွက် အခွင့်အလမ်းနည်းပါးလွန်းကြောင်း ဆယ်မိုင်ရွာမှ ပသျှူးလူငယ်က ညည်းညူသည်။

ပသျှူးလူမျိုး နိုင်ငံကျော်အနုပညာရှင် မရှိ။ အောင်မြင်ထင်ရှားသည့်နိုင်ငံရေးသမား ၊ စီးပွားရေးသမား၊ လူမှုရေးသမား မရှိပါ။

ယင်းအပြင် ပသျှူးလူမျိုးအရေး လှုပ်ရှားဆောင်ရွက်သည့်အဖွဲ့ မရှိ။

အရွယ်ရောက်လာသည့် ပသျှူးလူမျိုးတစ်ဦးက မှတ်ပုံတင်ကတ်ပြားတစ်ခု ရရန်ပင် အတော်ရုန်းကန်ရကြောင်း အထက်ပါလူငယ်က ပြောသည်။ သူအပါအဝင် သူ့အစ်ကိုနှင့် အစ်မတို့ အထောက်အထား ပြည့်စုံစွာဖြင့်မှတ်ပုံတင် လုပ်ကြသော်လည်း အချိန်ကြန့်ကြာခြင်း၊ လဝက ရုံးတာဝန်ရှိသူများက ငွေသိန်းချီ တောင်းခံခြင်းတို့ ရှိခဲ့ကြောင်း ၎င်းလူငယ်က ပြောသည်။
ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှ ဦးစီးအရာရှိကမူ ၎င်းတို့အနေဖြင့် ငွေတောင်းခံခြင်းမရှိဟု ပြောသည်။ အချိန်ကြာခြင်းမှာ ခရိုင်အဆင့်သို့ တင်ပြနေရခြင်းကြောင့်အချိန် အတိုင်းအတာတစ်ခု ကြန့်ကြာရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး လဝကရုံးတာဝန်ရှိသူကမူ မှတ်ပုံတင်အတွက် ငွေတောင်းပါက မည်သူမည်ဝါတောင်း သည်ကို အထောက်အထား တိတိကျကျဖြင့် တင်ပြလာပါက အရေးယူရန်အသင့်ရှိကြောင်း ပြောပါသည်။

ယခုအချိန်တော့ ပသျှူးတို့က မှတ်ပုံတင်ရလျှင်မူ လူမျိုး/ဘာသာ နေရာ တွင် ပသျှူး/အစ္စလာမ်ဟု ဖြည့်ခွင့်ရနေ ကြသည်။

ထိုမှတ်ပုံတင်ဖြင့် အလုပ်လျှောက်ပါက ခွဲခြားခံရပြန်သည်ဟု အထက်ပါ ပသျှူးလူငယ်က ပြောသည်။

“ကျွန်တော်တို့လည်း မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးတာပဲလေ။ လူမျိုး မခွဲခြားဘဲ တန်းတူအခွင့်အရေး တော့ ပေးစေချင်ပါတယ်” ဟု ၎င်းက ပြောလေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရဟု ဖော်ပြပါရှိသည်။

ဘုတ်ပြင်းမြို့မှ ရှားရှားပါးပါး ဘွဲ့ရပသျှူးအမျိုးသမီး အသက် ၅၀ ခန့်အရွယ် ဆာလီမာကတော့ ပသျှူးလူမျိုး တို့၏ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းအတွက် အစိုးရမှ တစ်စုံတစ်ရာ ထောက်ပံ့လာမှုကို မျှော်နေသည်။

“အစိုးရက အခြားလူမျိုးတွေကို ထောက်ပံ့သလို ပသျှူးတွေကို ထောက်ပံ့ ရင်ကောင်းတာပေါ့။ ထောက်ပံ့ပေးစေချင် တယ်”ဟု ဆာလီမာက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်အတွင်းရှိ တစ်ဦးတည်းသော တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်သည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကမူ ပသျှူးကိစ္စကို ယခုအချိန်ထိ တင်ပြလာသူ မရှိသေးကြောင်း ပြောပါသည်။

ပသျှူးသည် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ပါ။ ပသျှူးလူမျိုးမည်မျှ ရှိသည်ဟု မည်သည့်အဖွဲ့အစည်းကမျှ မထုတ်ပြန်ပါ။

မြန်မာနိုင်ငံတွင် ပသျှူးထမင်းကြော်သည် နိုင်ငံကျော်သည်။ ပသျှူးလူမျိုးစုတွင်မူ နိုင်ငံကျော်သူ မရှိပါ။


မင်းခန့်