တနင်္သာရီရိုးမ ရွှေဒိုင်ယာရီ

1100
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ
ယခင်အပတ်မှ အဆက်

ရွှေတူးဖော်လုပ်ကိုင်တဲ့ နေရာမှာလည်း တူးဖော်နည်းတွေက အမျိုးမျိုးရှိပါတယ်။ အများအားဖြင့် ရေဆိုင်းနဲ့ ကုန်းဆိုင်းဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ ရေဆိုင်းလုပ်ကိုင်တဲ့နေရာမှာ တနင်္သာရီမြစ်မကြီးရဲ့ ရွှေထွက် ရှိမှု နေရာတွေပေါ်မှာ မူတည်ပြီးတော့ မြစ်မကြီးပေါ်မှာ ဝါးဖောင်တွေထိုးပြီး စက်နဲ့မြစ်သဲတွေကို စုပ်ယူတင်ပြီး ရွှေတွေကို ဇကာစစ် ပြန်ကျင်တဲ့နည်း ဖြစ်ပါတယ်။

ဝါးဖောင်ပေါ်မှာ မြင်းကောင်ရေ နှစ်ဆယ့်ငါးကောင်အားရှိတဲ့ စက်တစ်လုံးနဲ့ မြစ်ထဲကသဲတွေကို ပိုက်နဲ့ ပြန်စုပ်ယူပါတယ်။ ရေအောက်မှာရှိတဲ့ သဲစုပ်ပိုက်ကို ရွှေရှာတဲ့ ရေငုပ်သမားတစ်ယောက်က မြစ်အောက်ဘက်ထဲမှာရှိတဲ့ ရွှေရှိနိုင်တဲ့ နေရာတွေကို လိုက်ရွှေ့ပြောင်းပေးရပါတယ်။

ရေဆိုင်းလုပ်ကိုင်တဲ့ ဝါးဖောင်တွေမှာ တစ်နေ့တာရဲ့ ရွှေရရှိမှု အနည်းအများက ရေငုပ်သမားရဲ့ ရေငုပ်နိုင်မှု၊ မြစ်အောက်ဘက်ထဲမှာ ရွှေကြောရှိတဲ့နေရာကို သိနိုင်တဲ့ ကျွမ်းကျင်မှုတွေပေါ်မှာ မူတည်ပါတယ်။ ရေငုပ်သမားတစ်ယောက်ဟာ မနက်လုပ်ငန်းခွင်ဝင်ချိန်ကစလို့ ညနေအလုပ် သိမ်းချိန်အထိ နေ့လယ် ထမင်းစားချိန်ကလွဲပြီး တစ်နေကုန်နီးပါး ရေအောက်ထဲမှာပဲ ရှိနေတတ်ပါတယ်။ ဖောင်အထက်မှာ လေရှုပိုက်ထားပြီး ဒီကနေတဆင့် အသက်ရှုကြပါတယ်။

ဒီလိုအချိန်ကြာကြာ ရေငုပ်နေတဲ့ အတွက်ကြောင့် ခေါင်းတွေ အုံခဲနေတာ၊ နားတွေ၊ နှာခေါင်းတွေထဲက လေတွေ ထွက်တာ၊ သွေးတွေ ယိုကျတာတွေအထိ တောင်ရှိတယ်လို့ သိရပါတယ်။ တချို့ ရေငုပ်သမားတွေလည်း နားစည်ထိခိုက်မှုကြောင့် အကြားအာရုံ ချို့တဲ့သွားတဲ့အထိ ဖြစ်သွားကြတဲ့သူတွေလည်း ရှိပါတယ်။

ရေငုပ်တဲ့အခါမှာလည်း ရေအောက်ထဲမှာရှိတဲ့ မိုးပြာကြော၊ အနီကြော၊ ကြေးနီကြော စတဲ့ သူတို့ နာမည်ပေးထားတဲ့ ကျောက်ကြောတွေရဲ့ အရောင်အသွေးကို ကြည့်တတ်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှသာ ရွှေရှိနိုင်တဲ့နေရာတွေမှာ ပိုက်ကို အလိုက်သင့် နေရာချထားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရေငုပ်လုပ်ငန်းကို လုပ်ကိုင်ကြသူတွေထဲမှာ ဒေသခံတွေထက် ရွှေရှာတဲ့နေရာမှာ အတွေ့အကြုံရှိတဲ့ ကချင်တိုင်းရင်းသားတွေ ပိုများပါတယ်။

ကိုယ်ပိုင်ဖောင်မဟုတ်ဘဲ ကိုယ်က ရေငုပ်တဲ့သူသက်သက်သာ ဖြစ်မယ်ဆိုရင် ရရှိလာတဲ့ရွှေကို သုံးပုံပုံပြီး ဖောင်ပိုင်ရှင်က နှစ်ပုံ၊ ရေငုပ်သမားက တစ်ပုံ ရရှိတယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ဖောင်တစ်ခု ရှိဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ ဖောင်တစ်ခုမှာ လိုအပ်တဲ့ သဲစုပ်စက်နဲ့ ပိုက်လုံးတွေ တန်ဖိုးအားလုံး စုစုပေါင်း သိန်း ၃၀ နီးပါးလောက် ကုန်ကျတယ်လို့ သိရပါတယ်။ ဒါ့အပြင် သဲစုပ်စက်ကို တစ်နေ့ကုန် မောင်းထားရတဲ့အတွက် တစ်နေ့ကို ဓာတ်ဆီ သုံးလေးဂါလံလောက် ကုန်ကျ စရိတ်တွေ ရှိပါသေးတယ်။

ဒါပေမဲ့လည်း မြန်မာပြည်အထက်ပိုင်းက ရွှေမုဆိုးတွေကတော့ မြစ်ကမ်းနံဘေးမှာ တဲအိမ်လေးတွေထိုးပြီး မိသားစုလိုက် ကုန်ကျစရိတ်ခံပြီး စွန့်စွန့်စားစား လာရောက်လုပ်ကိုင်တာမျိုးတွေ ရှိပါတယ်။ ကမ်းနံဘေးမှာ စီစီရီရီရှိနေတဲ့ တဲအိမ်ကလေးတွေက ရွာငယ်လေးတစ်ခုလို ထင်မှတ်လောက်စရာ ဖြစ်ပါတယ်။

ကုန်းဆိုင်းကတော့ ရေဆိုင်းတွေလို ရေငုပ်ပေးမယ့်သူ မလိုအပ်ပါဘူး။ ကမ်းနားကုန်းပေါ်ကနေ တစ်ဆင့် ရွှေရှိနိုင်မယ့် သဲသောင်နေရာတွေမှာ ပိုက်လုံးတွေချလို့ စက်မောင်းပြီး သဲတွေကိုစုပ်ယူ၊ ဒီသဲတွေကို ဇကာနဲ့ ပြန်စစ်ယူပြီး ရွှေကျင် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ကုန်းဆိုင်းတွေက ရေဆိုင်းတွေထက် ရွှေရရှိမှု ပိုများ တယ်လို့ ဆိုနိုင်ပေမယ့် ကုန်ကျစရိတ်မှာလည်း ရေဆိုင်းတွေထက် ပိုကုန်ကျတယ်လို့ ဆိုကြပါတယ်။

ဒီလိုစက်တွေနဲ့ ရွှေတူးဖော်လုပ်ကိုင် သူတွေအတွက် တစ်နေ့ကို အနည်းဆုံးတော့ ရွှေငါးရွေးကျော်ရရှိမှ သူတို့အတွက် တွက်ခြေကိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ရွှေအိပ်မက်ကိုမက်ရင်း တွက်ခြေမကိုက်လို့ အိမ်မပြန်နိုင်တဲ့သူတွေ၊ ဒေသခံတွေနဲ့ အိမ်ထောင်ကျပြီး တနင်္သာရီရိုးမထဲမှာပဲ အခြေကျနေထိုင်တော့မယ့်သူတွေလည်း အများအပြား ရှိပါတယ်။

ရိုးမထဲက ဒေသခံတွေအနေနဲ့လည်း ဒီလိုရွှေဖောင်တွေမှာ သွားရောက်ရေငုပ်လုပ်ကိုင်တာ၊ မိမိတို့ တစ်ပိုင်တစ်နိုင် လက်နဲ့ ရွှေကျင်တာမျိုးတွေလည်း ရှိပါတယ်။ ကမ်းပါးတွေကိုတူးရင်း လက်နဲ့ကျင်ယူတဲ့အခါ အပေါ်ဘက်က ကမ်းပါးတွေပြိုကျလာတဲ့အတွက် မြေပိပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီလို ကုန်းဆိုင်း၊ ရေဆိုင်းတွေအပြင် သံယန္တရား သင်္ဘောအကြီးစားကြီးတွေနဲ့လည်း တနင်္သာရီမြစ်မကြီးထဲက ရွှေကို လာရောက်တူးဖော်ခဲ့မှုတွေ ရှိခဲ့ပါသေးတယ်။ သူတို့တွေရဲ့ တစ်နေ့ကို ရွှေရရှိမှုနှုန်းက ပိဿာနဲ့ချီ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။ အခု လက်ရှိအချိန်မှာတော့ ဒီဖောင်စက်လှေ အကြီးစားတွေနဲ့ ရွှေတူးဖော်မှုတွေ ရပ်နားသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် သံချေးတက်နေတဲ့ ဒီစက်လှေအကြီးစားတွေ မြစ်ကမ်းဘေး သောင်တွေပေါ်မှာ တင်ကျန်နေခဲ့ပါသေးတယ်။ တချို့ကလည်း မိုးတွင်းဘက်မှာ ကြမ်းတမ်းတဲ့ ရေစီးနဲ့အတူ မြစ်မကြီးအောက်ဘက်က သိန္နော၊ သရဘွင်ရွာတွေအထိ မျောပါကုန်တာမျိုးတွေ ရှိပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ တနင်္သာရီအပတ်စဉ်ရဲ့ သတင်းတစ်ပုဒ်ထဲမှာတော့ ဩဂုတ်လ ၇ရက်နဲ့ ၈ရက်တို့မှာ ဒီလိုသင်္ဘောကြီးနှစ်စင်း မြစ်အထက်ပိုင်းကနေ သိန္နောကျေးရွာအထိ မျောပါလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။ ဒီလို ရွှေတူး သင်္ဘောတွေနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို တရားဝင် ခွင့်ပြုထားခြင်း မရှိတဲ့အကြောင်းကို တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက “အစိုးရပိုင်းက ခွင့်ပြုပေးထားတာ မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒီသင်္ဘောကြီးတွေနဲ့ ပတ်သက်လို့ သရဘွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကြည် ဩဂုတ်လ ၃ရက်နေ့ ရက်စွဲ နဲ့ ရရှိခဲ့တဲ့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းရုံး မြိတ်-ထားဝယ်ခရိုင် စည်းတံဆိပ်နဲ့ ကရင်ဘာသာ စကားနဲ့ ရေးသား ထားတဲ့ စာထဲမှာတော့ ဒီသင်္ဘောတွေက ကေအင်န်ယူ မြိတ်-ထားဝယ်ခရိုင်နယ်မြေ အတွင်းမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု တွေကြောင့် ၂၀၁၈ ခုနှစ်အတွင်းမှာ ရပ်ဆိုင်းခဲ့ပြီး မိမိတို့ နေရပ်ကို ပြန်လည်သယ်ယူရခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသားထားခဲ့ပါတယ်။
ကေအင်န်ယူ ကရင်အမျိုးသားအစည်းရုံး တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် ခေါ် ပဒိုဖလို့ စိုးဝင်းက ရွှေတူးဖော်မှုတွေကို ခွင့်ပြုခဲ့ဖူးမှုတွေ ရှိပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိခဲ့လို့ ၂၀၁၈ ခုနှစ်အတွင်းမှာ တူးဖော်မှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။ စည်းတံဆိပ် ပါတဲ့ စာအပေါ်မှာတော့ ရွှေတူးဖော်ခွင့်တွေ ရပ်ဆိုင်းလိုက်တဲ့ နောက်ပိုင်းမှာ ဒီရွှေတူးသင်္ဘောတွေကို ပြန်ဖျက်ပြီး သယ်သွားဖို့အတွက် ခွင့်ပြုထားတဲ့စာဖြစ်မယ်လို့ ယူဆရကြောင်း ပြောခဲ့ပါတယ်။

တနင်္သာရီမြစ်မကြီးထဲမှာ တူးဖော် ရရှိတဲ့ရွှေကမသန့်စင်ရသေးတဲ့ ရွှေစင်အရိုင်းဖြစ်ပါတယ်။ ဒီလိုရွှေစတွေ၊ ရွှေမှုန်တွေကို ပြဒါးနဲ့ သန့်စင်ယူပြီး သိမ်းဆည်းရပါတယ်။ မြစ်မကြီးမှာ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေ များလာတာနဲ့အမျှ ရွှေကိုသန့်စင်တဲ့ ပြဒါးတွေ မြစ်ထဲကို ကျရောက်မှု များပြားလာတာတွေ၊ စက်သုံးဆီ အညစ်အကြေးတွေနဲ့ အင်ဂျင်ဝိုင်တွေ မြစ်ရေထဲ စွန့်ပစ်မှုကြောင့် မြစ်ရေညစ် ညမ်းမှုတွေ၊ ရေနေသတ္တဝါတွေ ပျက်စီးမှုတွေ၊ သဲစုပ်တင်မှုတွေကြောင့် တနင်္သာရီမြစ်မကြီးထဲမှာ သောင်တွေပေါ်ထွန်းပြီး မြစ်ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်လာတာ၊ ရေတိမ်နေရာတွေများလာတာတွေ ရှိတယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။

သဘာဝတရားကြီးက ဆန်းကြယ်လှပါတယ်။ သူ့ရဲ့သယံဇာတတွေနဲ့ လူသားတွေအတွက် နှစ်ပေါင်းမြောက်မြားစွာ အကျိုးပြုလာခဲ့ပါတယ်။ ကျွန်တော်တို့တွေ သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့ နေရာမှာ သဘာဝတရားကြီးကို မထိခိုက်အောင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် တစ်ချိန်ချိန်မှာ သဘာဝတရားကြီးက ဒဏ်ခတ်တာကို ကျွန်တော်တို့အားလုံး တွေ့ကြုံခံစားရပါလိမ့်မယ်။

အခုလက်ရှိအချိန်ထိတော့ တနင်္သာရီရိုးမထဲမှာ တနင်္သာရီမြစ်မကြီးကလည်း ကျောက်တုံးကျောက်ဆောင်တွေကတစ်ဆင့် မာန်ဟုန်ပြင်းပြင်းနဲ့ ရေစီးကြမ်းကြမ်းစီးဆင်းနေတုန်းပါပဲ။ မြန်မာပြည်အရပ်ရပ်က ရွှေမုဆိုးတွေကလည်း တနင်္သာရီမြစ်ဖျားပိုင်းက ဝါးဖောင်လေးတွေပေါ်မှာ ရွှေအိပ်မက်တွေကို မက်နေကြတုန်းပါပဲ။

မိုးရဲ