လာမည့်ဘဏ္ဍာနှစ်တွင် မြေပုံတွင်သာ လမ်းရှိပြီး မြေပြင်တွင် မရှိသေးသည့် လမ်းများကို ဦးစားပေး ခင်းမည်

0
542

လာမည့်ဘဏ္ဍာနှစ်တွင် ထားဝယ် မြို့သစ်အတွင်း မြေပုံစာရွက်ပေါ်တွင်သာ လမ်းရှိပြီး မြေပြင်တွင် လမ်းမဖြစ်သေး သည့် လမ်းများကို ဦးစားပေးခင်းမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

မြို့သစ်ဧရိယာအတွင်း လမ်းနေရာ ရှိပြီး လမ်းမဖြစ်သေးသည့် လမ်း ၅ လမ်းခန့်ရှိပြီး လမ်းအင်္ဂါရပ်နှင့် မညီ သည့် လမ်းအရေအတွက် ၂၀ ကျော် ရှိကြောင်း မြိုနယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆိုပါ လမ်းများကို ဦးစားပေးပြီး ကျောက်ရော မြေခင်းရန် ကွင်းဆင်းထားပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းများ၌ လူနေအိမ်များလည်း ဆောက်လုပ်နေထိုင်နေကြပြီးဖြစ်သည့် အတွက် အရေးပေါ် ကားများ ဝင်ထွက်နိုင်သည့်အဆင့်ထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော် ကျော်ဦးက ဆိုသည်။

“မြေပြင်ဆင်းကြည့်လိုက်တော့ အရမ်းကို ဆိုးနေတာ။ ရေအိုင်ကြီး ဖြစ်နေတယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

လာမည့်နှစ်တွင် ခင်းမည့် ကျောက်ရော မြေလမ်းခင်းပြီး နောက်နှစ်များတွင် ကွန်ကရစ်လမ်းခင်းနိုင်ရန် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါလမ်းများက ဆိုင်ကယ်ပင် သွားလာ၍မရသည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်မည်ဆိုပါက ယင်းနေရာတွင် နေထိုင်သူများအတွက် ပိုမိုအဆင်ပြေနိုင် မည်ဖြစ်ကြောင်း မြို့သစ် ၁၁ လမ်းသွယ် တွင် နေထိုင်သည့် အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အခုလို ခင်းပေးမယ်ဆိုတော့ တော်တော်ကို ကောင်းသွားမှာပါ”ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ထားဝယ်မြို့သစ်ကို အကောင်ထည် ဖော်ထားသည်မှာ ဆယ်စုနှစ်သုံးခု ခန့်အထိ ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ရေ၊ မီး၊ လမ်းအစရှိသည့် အခြေခံလိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

Dawei Watch