တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆု အများဆုံးရ

0
594

တိုင်းနှင့်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆုအများဆုံးဖြင့် ဗိုလ်စွဲ ခဲ့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ရွှေ ၁၄ ခု၊ ငွေ ၂ ခု၊ ကြေး ၄ ခုရရှိခဲ့သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဧရာ၀တီတိုင်းအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲကာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောသည်။

သို့သော် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင်မူ ဆုမရရှိခဲ့ကြောင်း ဦးဝင်းနောင်က ပြောသည်။

တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင် တနင်္သာရီတိုင်းက ရွှေ ၁၅ ခု၊ ငွေ ၂ ခု၊ ကြေး ၄ ခုဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးတွင် စွမ်းဆောင်ရည်အကောင်းဆုံးဖြင့် ပထမရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“ဘယ်လိုပြောမလဲ။ ဝမ်းသာကြည်နူးမှု ဖြစ်တယ်။ နောက်လည်း ဒီဆုတွေကို ဆက်ထိန်းဖို့အတွက် ဆက်ကြိုးစား သွားမယ် ပေါ့လေ” ဟု ဦးဝင်းနောင်က ဆိုသည်။

စွမ်းဆောင်ရည်အကောင်းဆုံးဆု ကို ရှမ်းပြည်နယ်က ဒုတိယ ၊ မကွေးက တတိယ ရရှိခဲ့သည်။
၂၀၁၂-၁၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်တွင်လည်း အားကစားစွမ်းဆောင်ရည် အကောင်းဆုံးဆုနှင့် အမျိုးသမီးဘော်လီဘောတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်မှစကာ ကျောင်းသားအားကစားပွဲတော်ကို မကျင်းပဖြစ်တော့ဘဲ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်ဟု တိုင်းပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသားအားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

မိုးမြင့်