ရေဖြူလှေလှော်ပြိုင်ပွဲ ကော့သောင်း မာရမ်းအသင်း ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲ

0
1651

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ထားဝယ်မြစ်အတွင်း ကျင်းပသည့် ရေဖြူမြို့နယ် လှေလှော်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းမှ မာရမ်းရွာလှေလှော်အသင်းမှ ဆုကြီး ၃ ခုစလုံး ဗိုလ်စွဲသွားသည်။

မာရမ်းအသင်းက အလွတ်တန်း ၇ တက်လှော်၊ ၉ တက်လှော်၊ ၁၁ တက် လှော်ပြိုင်ပွဲ ၃ ခု ဝင်ပြိုင်ခဲ့ရာ ၃ ခု စလုံးတွင် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

“မာရမ်းအသင်းက လှေလည်း ကောင်းတယ်၊ လှေလှော်သမားတွေလည်း စနစ်ကျတယ်၊ နည်းပညာပိုင်းလည်း သာတယ်။ ဒါကြောင့် ဗိုလ်စွဲသွားတာပါ။ ရေဖြူမြို့နယ်က အတွေ့အကြုံရတာပေါ့ ဗျာ”ဟု လှေပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဒေါက်တာအောင်ထိန်က မှတ်ချက်ပြုသည်။

မာရမ်းလှေလှော်အသင်းသည် ပါချန်မြစ်အတွင်း ထိုင်းဘက်မှ ကမကထ ပြုကျင်းပသည့် ပြိုင်ပွဲများတွင် ထိုလှေ လှော်အသင်းများကို ကျော်ဖြတ်ကာ ဆုကြီးများ ဆွတ်ခူးထားသည့် အသင်း ဖြစ်သည်။

မာရမ်းလှေလှော်အသင်းခေါင်း ဆောင် ဒေါက်တာဘိုဘိုမင်းကမူ မာရမ်း ရွာသားများ အတွေ့အကြုံသစ်ရစေရန် ယခုပွဲကို ဝင်ပြိုင်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပြိုင်လှေကိုလည်း ရွာမှ သယ်လာခြင်း ဖြစ်ကြောင်း ပြောသည်။

၂၅ နှစ်အောက် ၇ တက်လှော်ပြိုင် ပွဲနှင့် အမျိုးသမီးလှေလှော်ပြိုင်ပွဲတွင်မူ ရေဖြူမြို့မအသင်းက ဗိုလ်စွဲခဲ့သည်။

ရေဖြူမြို့နယ်လှေလှော်ပြိုင်ပွဲမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခင်က ရေဖြူမြို့ နယ်အတွင်းမှ လှေများသာ ပြိုင်လေ့ရှိ ရာမှ ယခုနှစ်တွင် အခြားမြို့နယ်အသင်း များကိုပါ ဖိတ်ခေါ်လာခြင်း ဖြစ်သည်။

နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပသွားမည်ဟု လှေပြိုင်ပွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာအောင်ထိန်က ပြောသည်။

Dawei Watch