မြိတ် လမ်းကျူးဆိုင်များ ပြန်ဆုတ်ပါ

0
722

အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲခြင်းနှင့် ရေ မြောင်းအဖုံးပေါ်တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင်ဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဂ) အရ လမ်းပေါ်တွင်လည်းကောင်း၊ လမ်ဘေးရှိ ရေစီးရေလာမြောင်းပေါ်တွင်လည်းကောင်း၊ လူသွားစင်္ကြန်ပေါ်တွင်လည်းကောင်း ပိတ်ဆို့ပြီး စားပွဲ၊ ခုံတန်းလျား၊ သေတ္တာ၊ ဗျတ်၊ ကုန်ပစ္စည်း သို့မဟုတ် အခြားအရာဝတ္တုတစ်ခုခုကို ခင်းကျင်းထားရှိခြင်း၊ ရောင်းချခြင်း မပြုလုပ်ရဟု ဥပဒေထုတ်ပြန်ထားကြောင်း အထက်ပါ ကော်မတီမှ သိရသည်။

မလိုက်နာပါက ပထမအကြိမ်တွင် ဒဏ်ငွေကျပ်သုံးသောင်းမှ ငါးသောင်းအကြား၊ ဒုတိယအကြိမ်တွင် ကျပ်တစ်သိန်း စသဖြင့် တိုးမြှင့်ပြီး ဒဏ်ကြေး ဆောင်စေမည်ဖြစ်ကြောင်း ဦးမင်းဝေက ပြောသည်။

ယင်းကဲ့သို့ စည်ပင်ဥပဒေဖြင့်အရေး ယူမည်ဖြစ်ကြောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် မြို့ပေါ်ရှိ ဈေးဆိုင် နှစ်ဆယ်ကျော်အား စာဖြင့် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အရ ဆိုင်များ သည် ဇန်နဝါရီလ ၅ ရက် နောက်ဆုံးထားပြီး မိမိတို့ပိုင် နယ်နိမိတ်အတွင်း ပြန်ဆုတ်ရမည်ဖြစ်သည်။

Dawei Watch