စပါးသိမ်းချိန် အလွမ်း

0
330
ကြော်ငြာဝန်ဆောင်မှု

လယ်ကွင်းထဲက စပါးတို့ ရွှေရောင် ဝင်းလာပြီဆိုသည်နှင့် ဦးမင်းဟန်တို့ အလှုပ်ရှုပ်ရပြီ။
မနှစ်က သိမ်းထားသည့် တံစဉ်များ ကို ပြန်သရသည်။ ပန်းပဲဖိုပြေးကာ ဆေးတင်ရသည်။ စပါး (ကောက်) လှိုင်း စည်းရန် ကောက်လှိုင်းကြိုးများ ပြုလုပ်ရသည်။

စပါးအခြေအနေအရ စပါး စသိမ်း ရန် အချိန်တန်ပြီဆိုလျှင် လှည်းကို အိမ်ရှေ့ ထိုးရပ်မည်။ လှည်းပေါ်သို့ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ငါဆားထိုးဘူး၊ ချက်ပြုတ် ရန် ခွက်ယောက်မှအစ လယ်ယာသုံး ပစ္စည်းများအလယ်၊ ဖျာ၊ ခေါင်းအုံး၊ အဝတ်အစားအဆုံး တင်ကြမည်။

ခြေကျင်လိုက်နိုင်သည့် နွား၊ ဝက်တို့ ကို လှည်းတွင် ကြိုးဖြင့် တွဲခေါ်မည်။ ကြက်၊ ကြောင်၊ ခွေးနှင့် ပုစုခုလုလေး များမှအစ၊ အိမ်သားအားလုံး လှည်းပေါ် တက်ကာ ထွက်ခွာကြမည်။

ရှေးရှုရာက လယ်တဲဆီသို့။

“စပါးရိတ်တဲ့အချိန်ဆိုရင် ရွာထဲမှာ လူမရှိတော့ဘူး။ အိမ်မှာ ရှိတဲ့ ကြက်တွေ ငှက်တွေပါ လယ်ထဲပါတယ်။ လယ်ထဲ မှာပဲ မွေးတယ်။ အဖိုးတွေ၊ အဖွားတွေနဲ့၊ ကျောင်းသားတွေပဲ ကျန်တော့တာ။ ကျောင်း နေတဲ့ ကလေးတွေကတော့ အဖိုးတွေ၊ အဖွားတွေရှိရင် အပ်ခဲ့တယ်။ အစ်ကိုတွေ၊ အစ်မတွေဆီမှာ အပ်ခဲ့တယ်။ သူတို့ လည်း ကျောင်းပိတ်တာနဲ့ လယ်ထဲ အကုန်ဆင်းလိုက်လာတာပဲ”ဟု ဦးမင်းဟန်က ပြောသည်။

ယင်းသို့ မိသားစုလိုက် မပြောင်းမီ ဦးမင်းဟန်က လယ်ထဲ ကြိုဆင်းထားရ သည်။

လယ်တဲကို ပြန်မွမ်းမံရသည်။ ရေတွင်းတူးသည်။ ချဉ်ပေါင်၊ ကန်စွန်း၊ ပဲ၊ ရုံးပတီ၊ ကြိုစိုက်ထားသည်။

မိသားစု တဲပြောင်းလာက နေရေး၊ စားရေး အသင့်။

“(ငါးအတွက်) ချောင်းထဲမှာ ပိုက် ချထားတယ်။ ငှက်တွေ ကျော့ကွင်း ထောင်ထားတာ ရှိတယ်။ ဓနိတောထဲမှာ အဲရှာတယ်၊ မြှုံးနဲ့ငါးရှဉ့်ထောင်ထားတာရှိတယ်။ လယ်ထဲမှာနေတာ စားဖို့ သောက်ဖို့ မဝယ်ရဘူး။ အဲတာရတာနဲ့ စားပဲ။ ပိုလို့ရောင်းတောင်ရောင်းရသေးတယ်”ဟု ဦးမင်းဟန်က ပြောသည်။

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသား ဦးမင်းဟန်အပါအဝင် တနင်္သာရီ တိုင်းမှ လယ်သမား အတော်များများက စပါးစိုက်လျှင် ကောက်ညှင်းသက်ငယ်ကို ရောစိုက်ထားကြသည်။

မိသားစု လယ်ထဲရောက်လျှင် ကောက်ညှင်းကို ဦးစွာ ရိတ်ကြသည်။ ခြေဖြင့် စပါးနယ်မည်။ ရွာတွင် စပါးစက် မရှိက ထောင်းဆုံ၊ လက်လှည့်ဆုံဖြင့် ကောက်ညှင်းဆန်ဖွတ်မည်။

မနက်စောစောတွင် မိသားတစ်စုလုံး ဆန်သစ်ရနံ့သင်းသင်း ကောက်ညှင်း ပေါင်းလေးနှင့် ငါးခြောက်ဖုတ် ဆီဆမ်း မွှေးမွှေးလေး ရောဝါးကြမည်။

“ကောက်ညှင်းပေါင်းစားပြီးရင် တော့ ကိုယ်ခမောက်ကိုယ်ဆောင်း ကိုယ့်တံစဉ်ကိုယ်ကိုင် စပါးရိတ်ထွက်ပြီးပေါ့”ဟု ဦးမင်းဟန်က ပြောသည်။

နေ့လယ်တွင် လယ်ထွက် သီးစုံဟင်း၊ ပိုက်တွင် မိသည့် ငါးကြော်ငါးဟင်း (ငါးမမိလျှင် ငါးခြောက်ကြော်၊ ငါးဆား ထိုးပေါင်း)၊ ပအုန်းရည်ငါးပိဖျော်နှင့် တို့စရာတို့ဖြင့် ထမင်း မြိန်မြိန်လွေးမည်။

ပြီးလျှင် နေ့လယ်ပိုင်း တစ်ရေးတမော အိပ်ကာ ညနေလုပ်ငန်းခွင်အတွက် အား မွေးမည်။

မြိတ်မြို့နယ်၊ တောင်ရွည်ရွာဇာတိ ဦးအောင်အောင် အကြိုက်ဆုံးအချိန်က တော့ ညနေအလုပ်သိမ်းချိန် တဲနီးချင်း များစုကာ ဓနိရည် သောက်ချိန် ဖြစ်ပါ သည်။

“ရေတက်ချိန် ချောင်းထဲ ငါးကိုင်း လေး ထောင်လိုက်၊ ဓနိတောထဲ ကဏန်း တွေ လိုက်နှိုက်လိုက်၊ လယ်နဲ့ဓနိတော အစပ်တွေမှာ ဖွတ်ကိုင်း(သုတ်ကိုင်း)လေး ထောင်လိုက်။ ပြီးတော့ ညနေဘက် အနီး အနားတဲတွေက လူတွေ တဲတစ်ခုမှာ ဆုံပြီး ဓနိရည်ခါးလေးသောက်လိုက်၊ ငှက်ကြော်လေးမြည်းလိုက်နဲ့ တော်တော် ပျော်စရာကောင်းတယ်”ဟု ဦးအောင်အောင်က ပြောသည်။

စပါးများ ရိတ်ပြီးနောက် ကောက် လှိုင်း လှိုင်းပြီးချိန်ဆိုက တဲနီးချင်းတို့ လူစုကာ စပါး(ကောက်)လှိုင်း ဝိုင်းထမ်း ကြသည်။

“ကောက်လှိုင်းထမ်းတဲ့အခါ အမြန် ပြီးချင်လို့ အဖေက တောချက်အရက် တစ်ဂါလံနဲ့ ဘဲနီလာ နှစ်ကောင် ဟင်းချက် ပြီး ကာလသားတွေကို ဧည့်ခံပြီး ထမ်းခိုင်းတာ တောချက်တန်ခိုး၊ ဘဲနီ လာတန်ခိုးနဲ့ တစ်ပတ်လောက် ထမ်းရမယ့် ကောက်လှိုင်း တစ်ညတည်းနဲ့ ပြီးသွားတယ်”ဟု ဦးအောင်အောင်က ပြောသည်။

ကောက်လှိုင်း ထမ်းရာတွင် သာမက ပါ။ စပါးရိတ်ရာတွင်၊ ကျွဲအုပ်၊ နွား အုပ်ဖြင့် စပါးနင်း(ချွေ)ရာတွင် ဝိုင်းကူ ကြ၊ စပါးလွှင့်ရာတွင်လည်း အမျိုးသမီး အမျိုးသား ဝိုင်းပါကြသည်ကလည်း လယ်သမားတို့အချင်းချင်း အပြန်အလှန် ရိုင်းပင်းတတ်ကြသည့် ချစ်စရာ ဓလေ့ တစ်ခု။

ယင်းကို လက်စားလိုက်သည်ဟု ခေါ်ဆိုကြပါသည်။

ယင်းသို့ လူစုလုပ်တိုင်း လယ်တဲရှင် က တစ်ခုခုကို မငြိုငြင်စတမ်း အဝအပြဲ လုပ်ကျွေးတတ်တာကလည်း အစဉ် အလာတစ်ခုပင် ဖြစ်ပါသည်။

ယခုတော့ ထိုအစဉ်လာကို “လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့”ဆောင်ပုဒ် က တိုက်စားသွားခဲ့လေပြီ။

စပါးရိတ်မှအစ၊ စပါးချွေအလယ်၊ စပါးအိပ်များ အိမ်အရောက်အဆုံး စက် ပစ္စည်းများဖြင့်သာ လုပ်ကြသည်က များလာသည်။

မိသားစုတို့ ခွေး၊ ကြက်ဝက်ကအစ လယ်တောပြောင်းစရာ မလိုတော့ပေ။ လယ်သမား အချင်းချင်း လက်စားလိုက် ကာ စပါးကူသိမ်းပေးစရာ မလိုတော့ပေ။ စက်လုပ်သားတို့က အစစ တာဝန်ယူ လုပ်ကိုင်သွားသဖြင့် ပိုင်ရှင်တို့က ကြည့် နေရုံ။

လယ်ကွင်းက တဲလေးများတွင် ညဘက် ရေနံဆီမီးရောင်တို့ တွေ့ရခဲလှ တော့သည်။

“မိဘတွေလက်ထက်တုန်းကတော့ လက်စားလိုက်ပြီး ရိတ်ကြတာတွေရှိမှာ ပေါ့။ ကြားတော့ကြားဖူးတယ်။ ခုကတော့ စက်တွေနဲ့ပဲ ရိတ်ကြတော့တယ်”ဟု လောင်းလုံးမြို့နယ်၊ နခံတောရွာ အသက် ၃၂ နှစ်အရွယ် ကိုသန်းစိုးက ပြောပါ သည်။

တနင်္သာရီသတင်းအဖွဲ့