မောင်းမကန် DDPC ဟိုတယ်ဇုန် အတွင်း ဈေးဆိုင်ဖွင့်မည်

0
788

ထားဝယ်ဒေသတွင် ခရီးသွား လည်ပတ်မှုအများဆုံး ကမ်းခြေတစ်ခု ဖြစ်သော မောင်းမကန်ကမ်းခြေရှိ DDPC ဟိုတယ်ဇုန်အတွင်း ဈေးဆိုင်ခန်း ရောင်းချလိုပါက အဆိုပြုလွှာဖြင့် လျှောက်ထား နိုင်ကြောင်း DDPC ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

ဟိုတယ်ဇုန်အတွင်းရှိ ကမ်းခြေ အနီးတွင် ဆိုင်ခန်းပေါင်း ၁၄၀ ဆောက် လုပ်မည်ဖြစ်ပြီး မောင်းမကန်ဒေသတွင် နေထိုင်သူများကို အခမဲ့ငှားရမ်းပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆိုင်ခန်းငှားရန် အဆိုပြုလွှာများကို မောင်းမကန်ကျေးရွာရှိ ရွှေရည်လင်း ရတနာဆိုင်တွင် ရယူနိုင်ပြီး ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားကာ ယင်းဆိုင် တွင်ပင် အဆိုပြုလွှာကို ပြန်တင်ရမည် ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

ဆိုင်ခန်းငှားရာတွင် ရေအသုံးပြုခ၊ လျှပ်စစ်မီးအသုံးပြုခကိုသာ ကောက်ခံမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ ကောက်ခံ မည် မဟုတ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

ဆိုင်ခန်းငှားရမ်းရာတွင် အိမ်ထောင် စုတစ်စုလျှင် အဆိုပြုလျှောက်လွှာတစ် ခုသာလျှောက်ထားရန်၊ မောင်းမကန် ကျေးရွာတွင် အနည်းဆုံး ငါးနှစ်ဆက်တိုက် နေထိုင်သူဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ဆိုင်ခန်းနေရာများကို မဲစနစ်ဖြင့် နေရာချ ထားမည်ဖြစ်ပြီး တစ်နှစ်တစ်ကြိမ် မဲဆွဲရမည်၊ ကုမ္ပဏီမှ သတ်မှတ်ခွင့်ပြုသည့် ပစ္စည်းအမျိုးအစားကိုသာ ရောင်းချရ မည် အစရှိသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။

အဆိုပါဆိုင်ခန်းများတွင် ဒေသအစားအစားများ၊ အမှတ်တရ အဝတ်အထည်များ၊ ဒေသထွက် ငါးခြောက်၊ ရှပ်ခြောက် အစရှိသည့် ပစ္စည်းများကို ရောင်းချခွင့်ပြု မည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒေသ အတွက်လည်း လုပ်တယ်၊ ဒေသမှာလည်း အနေကြာပြီ ဒီလူကို ပေးသင့် တယ်ဆိုရင် ပေးမယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

ထို့အပြင် ဈေးဆိုင်ရောင်းချသူများ ငွေအရင်းအနှီးလိုအပ်ပါက ကုမ္ပဏီ၏ အသေးစားငွေချေးဌာနမှ ငွေထုတ်ချေး ပေးမည် ဖြစ်ကြောင်း DDPC ကုမ္ပဏီထံ မှ သိရသည်။

မောင်းမကန်ကမ်းခြေ မြောက် ဘက်အစွန်းတွင် အကျယ်အဝန်း ဧက လေးရာကျော်ကို DDPC ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားပြီး ပထမအဆင့် အဖြစ် ဧက ၆၀ ကျော်တွင် ဟိုတယ် အခန်းပေါင်း ၁၂၂ ခန်း တည်ဆောက်ထားသည်။

အထက်ပါ မြေယာကိစ္စနှင့် ပတ်သက် ၍ ကုမ္ပဏီနှင့် ဒေသခံများအကြားတွင် လက်ရှိအချိန်ထိ ပွတ်တိုက် မှုများနေဆဲ ဖြစ်သည်။

Dawei Watch