စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူပါက မွေးမြူရေးနှင့် ကုသရေးဌာနတွင် လျှောက်ထားရမည်

0
745

ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံတွင် လျှောက်ထားရသည့် စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူခွင့်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံတွင် လျှောက်ထားရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် က ညွှန်ကြားထားသည့် ကျွဲ၊ နွားများ စီးပွားသယ်ယူရာတွင် လိုက်နာရမည့် အချက်များတွင် ယင်းအချက်ကို ထည့် သွင်းညွှန်ကြားထားခြင်း ဖြစ်သည်။

နယ်စပ်မြို့များသို့ သယ်ယူခြင်းမှအပ တိုင်းအတွင်းရှိ ခရိုင်တစ်ခုမှ အခြား ခရိုင်တစ်ခုသို့ သယ်ယူခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဟု ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

“ကျွဲ၊ နွားမွေးမြူတဲ့သူတွေက လျှောက်ရမှာ မဟုတ်ဘူး။ သယ်ယူမယ့် သူတွေပဲ လျှောက်ရမှာ”ဟု ၎င်းက ဆို သည်။

ကျွဲ၊ နွားများကို ပြောင်းရွှေ့သယ်ယူ မွေးမြူရာတွင် ကူးစက်ရောဂါနှင့် အခြား မလိုလားအပ်သော ကိစ္စများ မပေါ်ပေါက် စေရေးအတွက် ယင်းကဲ့သို့ညွှန်ကြားခြင်း ဖြစ်ကြောင်း အထက်ပါ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ လျှောက်ထားလာပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ပြောင်းရွှေ့သယ်ယူမည့် ကျွဲနွားများကို ကျန်းမာရေးစစ်ဆေးပေးရမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

ညွှန်ကြားချက်တွင် လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ၊ သယ်ဆောင်ရာတွင် လိုက်နာရမည့် အချက်များ၊ သယ်ဆောင်သည့် ဒေသသို့ ရောက်ရှိပါက လိုက်နာရမည့် အချက်များ စသည်တို့ကို အသေးစိတ် ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်များကို လိုက်နာ ရန် ပျက်ကွက်ကြောင်း တွေ့ရှိပါက လက်ရှိကျင့်သုံးလျက် ရှိသည့် တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

တနင်္သာရီတိုင်းတွင် အခြားတိုင်း နှင့်ပြည်နယ်များကဲ့သို့ ကျွဲ၊ နွားများကို ခြံဝင်းဖြင့် စီးပွားဖြစ် မွေးမြူသူများ မရှိသော်လည်း လွှတ်ကျောင်းမွေးမြူကာ စီးပွားဖြစ် သယ်ယူသူများရှိကြောင်း တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။

ကျော်သူစိုး