တနင်္သာရီတိုင်းတွင် အလတ်စားသတ္တုတူးဖော်ခွင့် ကုမ္ပဏီသုံးခု ခွင့်ပြုချက်ရ

0
904

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တနင်္သာရီ တိုင်းတွင် အလတ်စား ဓာတ်သတ္တုထုတ် လုပ် တူးဖော်ခွင့်အတွက် ခွင့်ပြုမိန့်ကို ကုမ္ပဏီသုံးခုအား ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီး ဌာနထံမှ သိရသည်။

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ အုပ်စု ကြက်ပေါင်ချောင်းရွာရှိ တောင်ပိုင်း ကမ္ဘာကုမ္ပဏီအတွက် လုပ်ကွက်တစ် ကွက်၊ ဘ၀ပင်ကျေးရွာရှိ အရှေ့တိုင်း ကုမ္ပဏီအတွက် လုပ်ကွက် နှစ်ကွက်နှင့် တနင်္သာရီမြို့နယ် ကြိမ်ချောင်းရွာရှိ အောင်ပြည့်စံ ကုမ္ပဏီအတွက် လုပ်ကွက် တစ်ကွက် ချထားပေးလိုက်ခြင်းဖြစ် ကြောင်း အထက်ပါဌာနမှ အရာရှိတစ်ဦးက ပြောသည်။

၄၉ ဧကစီရှိသည့် လုပ်ကွက်များကို ၂၀၁၉ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ၁၁ နှစ်အတွက် ပြည်ထောင်စုမှ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းအရာရှိက ပြောသည်။

“ဥပဒေအရကတော့ အလတ်စားဆို ၁၅ နှစ်အထိ ချထားပေးလို့ ရတယ်ဆိုတော့ ဒီဟာက အလယ်အလတ်သဘောမျိုး ကြည့်ပြီး ခွင့်ပြုမိန့် ထုတ်ပေးလိုက်တဲ့ သဘောပေါ့နော်”ဟု ၎င်းက ဆိုသည်။

တိုင်းအတွင်း အသေးစားဓာတ် သတ္တု တူးဖော်ခွင့်သက်တမ်းကုန်ဆုံးသွား သည့် ကုမ္ပဏီ ၄၅ ခုက အလတ်စား ထုတ်လုပ်ခွင့် ထပ်မံလျှောက်ထားခဲ့ရာ ကနဦးပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် ချက်(IEE)၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EMP)ရေးဆွဲအောင်မြင်သည့် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီများသည် အမှတ်(၂) သတ္တုတွင်းဦးစီးဌာနနှင့် စာချုပ် ချုပ် ထပ်မံချုပ်ဆိုပြီးမှ ဓာတ်သတ္တု စတင်တူးဖော်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုမှ ဓာတ်သတ္တု ထုတ် လုပ်ခွင့် ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီ သုံးခုအနက် နှစ်ခုမှာ အမှတ်(၂) သတ္တု တွင်း ဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုထား ပြီးဖြစ်ပြီး အောင်ပြည့်စံကုမ္ပဏီမှာ စာချုပ်ချုပ်ဆိုရန် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၎င်းအရာရှိက ပြောသည်။

ယင်းခွင့်ပြုမိန့်ရရှိထားသော ကုမ္ပဏီ သုံးခုအနက် ချောင်းရေ ညစ်ညမ်းခြင်း၊ ဒေသခံများစိုက်ပျိုးထားသော ဥယျာဉ်ခြံ များထဲသို့ မြေစာများကျရောက်ခြင်းတို့ ကြောင့် ဒေသခံများက ခွင့်ပြုချက်ထပ်မံ ထုတ်မပေးရန် ကန့်ကွက်ထားသည့် ကုမ္ပဏီအချို့လည်း ပါဝင်သည်။

ဥပမာအားဖြင့် ကြက်ပေါင်းချောင်း ကျေးရွာရှိ တောင်ပိုင်းကမ္ဘာကုမ္ပဏီကို ဒေသခံများက အလတ်စားထုတ်လုပ်ခွင့် ထပ်မံချထားပေးခြင်းမပြုရန် တိုင်းအစိုးရ အပါအဝင် ပြည်ထောင်စုအစိုးရအထိ ငါးကြိမ်တိတိ ကန့်ကွက်စာ၊ တိုင်ကြားစာများ တရာဝင်ပို့ထားကြောင်း ယင်း ကျေးရွာသားအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ ကန့်ကွက်နေသည့် ကြားမှ ခွင့်ပြုမိန့်ရရှိသွားသည့်အပေါ် ဒေသခံများက ဝေဖန်လျက် ရှိသည်။

“ကန့်ကွက်နေတဲ့ကြားထဲက ခွင့်ပြု ချက်ရသွားတာ အရမ်းကို အံ့ဩမိတယ်။ ရွာသားတွေကို ခေါ်စစ်ဆေးနေတာတွေ က အလကားဖြစ်နေတာပေါ့” ဟု အမည် မဖော်လိုသည့် ကြက်ပေါင်ချောင်း ရွာသားတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း သတ္တုတွင်းဦးစီး ဌာနမှ အရာရှိတစ်ဦးကမူ ဒေသခံများ ကန့်ကွက်မှုများကို စစ်ဆေးပြီး တွေ့ရှိ ချက်များကို တိုင်းအစိုးရမှတစ်ဆင့် ပြည်ထောင်စုကို ပေးပို့လေ့ရှိပြီး ခွင့်ပြု ချက်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းကို လည်း ပြည်ထောင်စုကသာ ဆုံးဖြတ် ကြောင်း တုံ့ပြန်ပြောဆိုသည်။

ကျော်သူစိုး