လေဆိပ်မှသည် တက္ကသိုလ်ဆီသို့

0
2510

၁။ ထားဝယ်လေဆိပ်

ဒီနှစ် ခရီးအတော်သွားဖြစ်တယ်။ အလုပ်ကိစ္စအကြောင်းပြုပြီး ပြည်တွင်း ပြည်ပခရီး ၇၀ ဝန်းကျင် သွားဖြစ်ခဲ့တယ်။ ခရီးသွားတိုင်း ဖြတ်ဖြစ်တာက ထားဝယ်လေဆိပ်။ ရန်ကုန်ပဲသွားသွား၊ နေပြည်တော်ပဲ၊ ကော့သောင်းပဲ သွားသွား၊ ဘန်ကောက်ပဲ သွားသွား ထားဝယ်မှာနေတဲ့ ကျွန်တော့်အဖို့ ထားဝယ်လေဆိပ်ဟာ ထွက်ပေါက် ဝင်ပေါက်။ ထားဝယ်လေဆိပ်ကို အဝင်အထွက်များလို့ လေဆိပ် ဝန်ထမ်းအားလုံးနီးပါးရဲ့မျက်နှာတွေကို အလွတ်တောင် မှတ်မိနေပြီ။ ခရီးသွားရင် ပို့သူကြိုသူသာ မရှိရင်နေမယ်၊ လေဆိပ်တာဝန်ကျ ရဲအရာရှိတွေကတော့ တွေ့တိုင် ပြုံးပြနှုတ်ဆက် ဖော်ရွေခင်မင်ဖွယ်ပါပဲ။

ထားဝယ်လေဆိပ်ဟာ မြန်မာပြည်တစ်နံတစ်လျား နာမည်ကြီးတာ အားလုံးသိပြီးဖြစ်တယ်။ စိတ်မကောင်းစရာက ကောင်းသတင်းမဟုတ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထားဝယ်လေဆိပ်ရယ်ပါ။ အဂတိလိုက်စားမှုနဲ့ ထားဝယ်ထောင်တွင်းကနေ လက်ရှိ တရားရင်ဆိုင်နေရဆဲ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ ထားဝယ်လေဆိပ်ချုံရှင်းခ ကျပ်သိန်းလေးထောင်ကြောင့် ထားဝယ်လေဆိပ်ဟာ ပိုလို့ သတင်းမွှေးခဲ့တယ်ဆိုလည်း မှားအံ့မထင်။

ပုံမှန်နှုတ်ဆက်နေကျ ရဲအရာရှိကြီးတစ်ဦးရဲ့အပြုံးကြောင့် ကျေးဇူးတင်ဝမ်းမြောက်ရပေမယ့် စိတ်ညစ်ဝမ်းနည်းဖွယ် ကိစ္စအများအပြားလည်း ထားဝယ်လေဆိပ်မှာ နိစ္စဓူဝကြုံရတယ်။ မကောင်းတဲ့ အကြောင်းတွေ သိပ်မပြောလိုပေမယ့် ကောင်းစေလိုသူဆိုတော့ အမုန်းဆေးတော့ နည်းနည်းဖော်လိုသေးတယ်။ အဆိုးဆုံး တစ်ခုကိုပဲ ပြောပါမယ်။ လေဆိပ်အိမ်သာကိစ္စပါ။ များသောအားဖြင့် ထားဝယ်ကနေ ရန်ကုန်ကို ပျံလေ့ရှိတော့ အချိန်တစ်နာရီလောက်ကလေးအတွင်း လေယာဉ်ပေါ်ရောက်မှ အပေါ့ထမသွားလိုတာရော၊ ခရီးသွားရင် ကားပဲစီးစီး လေယာဉ် ပဲစီးစီး အလိုလိုနေရင်း အပေါ့သွားချင် သလို ဖြစ်နေတာရော စတဲ့ အကြောင်းတွေကြောင့် လေဆိပ်ရောက်တိုင်း အိမ်သာထဲ ခဏခဏ ဝင်ဖြစ်တယ်။ အနည်းဆုံးတော့ ရောက်ရောက်ချင်းတစ်ခါနဲ့ လေယာဉ်ပေါ်တက်တော့မယ်ဆိုတစ်ခါ နှစ်ခါတော့ဝင်ဖြစ်မြဲ။

ထားဝယ်လေဆိပ်ကအိမ်သာတွေ ဝင်တိုင်းစိတ်မချမ်းသာရ။ သေးနံ့ တထောင်းထောင်းထပြီး သာယာဖွယ်နတ္ထိ။ အိမ်သာပါဆိုမှ သေးနံ့တော့မပေါ့လို့ စောဒက တက်လိုကတက်နိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်ကတော့ အိမ်သာကို သာယာသော အိမ် သို့မဟုတ် အိမ်တစ်အိမ်၊ နေရာဌာနတစ်ခုရဲ့ သာယာသော နေရာလို့ပဲ တင်စားချင်တယ်။ အနည်းဆုံးတော့ အီးပါ၊ သေးပေါက်လိုက်ရတော့ လူကပေါ့ပြီးနေရထိုင်ရာ သာယာသွားတာ ပဲမို့လား။ ဆိုတော့ သာသာယာယာ သက်သောင့်သက်သာကလေး ဖြစ်နေဖို့ လိုပါမယ်။

ဒီလိုနဲ့လေဆိပ်ရောက်တိုင်း အိမ်သာဝင်၊ အိမ်သာဝင်တိုင်း မသာယာတော့ “သေးနံတဲ့ထားဝယ်လေဆိပ်”ဆိုပြီး နောက် တီးနောက်တောက်နဲ့ လူမှုကွန်ရက်မှာ ပို့စ်တင် ဖြစ်တယ်။ ဒီပို့စ်ကို သတိထားမိတဲ့သူများပြီး မှတ်ချက်အမျိုးမျိုးပေးကြ၊ ရှယ်ကြတာတွေလည်း ရှိတယ်။ ဒီမှာ ကျေးဇူးတင်ရမှာက တိုင်းဝန်ကြီးချုပ်ပဲ။ ထားဝယ်လေဆိပ်အိမ်သာကို အရေးတယူဝင်ကြည့်ပေးတယ်။ လိုအပ်တာတွေ လမ်းညွှန်မှာကြားမှုတွေလုပ်တာကို တွေ့ရတယ်။ အစိုးရအဖွဲ့က ထားဝယ်လေဆိပ် သန့်ရှင်းသာယာရေးကို ဂရုတစိုက်ရှိတော့ အများပြည်သူဆိုင်ရာနေရာတွေ တိုးတက်စည်ပင်စေလိုတဲ့ကျွန်တော်များ ဝမ်းသာ အားရဖြစ်မိတယ်။ မှတ်မှတ်ရရ ဝန်ကြီးချုပ်လေဆိပ်အိမ်သာကို သွားကြည့်ပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ ခရီးထပ်သွားဖြစ်တယ်။ ယခင်နဲ့မတူ သန့်ရှင်းတောက်ပြောင်နေတာကို တွေ့ရတော့ ဝမ်းသာအားရ ဖြစ်မိတယ်။

အဲဒီအဖြစ်အပျက်တွေအပြီးသိပ်မကြာဘူး။ ခရီးထပ်ထွက်ပြန်တော့ လေဆိပ်အိမ်သာဟာ ထူးမခြားနား သေးနံဆဲ သေးနံမြဲ ပြန်ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ လူမှုကွန်ရက်မှာ ထပ်တင်ဖြစ်တယ်။ သိပ်မကြာဘူး ဝန်ကြီးချုပ်တစ်ခေါက်ထပ်သွားကြည့်တာကို တွေ့ရတယ်။ မှတ်မှတ်ရရ အချိန်နှစ်လအတွင်းမှာ အစိုးရအဖွဲ့အကြီးအကဲတွေ ထားဝယ်လေဆိပ်ကို သုံးကြိမ်သွားရောက် ကြည့်ရှု ပြီးလိုအပ်ချက်တွေ လမ်းညွှန်မှာကြားတာ တွေ့ရတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထားဝယ်လေဆိပ်ကို ထပ်ရောက်ဖြစ်တယ်။ ထွက်ခွာအဆောက်အအုံရဲ့ အမျိုးသားအိမ်သာထဲ ဝင်ထိုင်ပြီး အပေါ့သွားတယ်။ ရှေ့တည့်တည့် တံခါးရွက်ရဲ့အပေါ်မှာ ဆော့ပင်န် အနီနဲ့ရေးထားတဲ့ စာတန်းကြောင့် ပြုံးစိစိ ဖြစ်မိတယ်။ ဘာတဲ့ “အိမ်သာတက်ပြီး ရေလောင်းချပါ။ လူလိုနားလည်ပါ” တဲ့။ အင်း…စဉ်းစားကြည့်တော့ ဒါလည်း မှန်တာပဲလေ။ အဲဒီစာတန်းရဲ့အထက် တံခါးမှာ ကပ်ထားတဲ့ စတစ်ကာအဝိုင်းလေးမြင်တော့ ငိုရမလို ရီရမလိုဖြစ်ရပြန်တဲ့။ ရေးထားတာက “One.Two.Fuck You” တဲ့။ အဝိုင်းပုံ စတစ်ကာလေးမှာ စာတန်းအခုံးကလေး၊ အောက်မှာလည်းတစ်ခု။ စာသားက အတူတူ။ အလယ်မှာတော့ လက်သီးပုံနဲ့။

အင်း … ဘာရယ်မဟုတ်။ လောလောလတ်လတ် လတ်လတ်ဆတ်ဆတ်ကြီး အသန့်ရှင်းဆုံးမြို့ဆု ရထားတဲ့ တိုင်းမြို့တော် ထားဝယ်လေဆိပ်က အိမ်သာအကြောင်းပါလေ။ တိုင်းဒေသကြီးရဲ့ စီးပွားရေးကို ခရီးသွားလုပ်ငန်းနဲ့မြှင့်တင်ဖို့ ပြောထားဆိုထားတာတွေ လည်းကြားရတော့ ဒီစာတန်းတွေမြင် တော့အတွေးတွေတော့ပွားမိသား။

၂။ ထားဝယ်တက္ကသိုလ်

နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ကိုယ်တွေမေဂျာက အာစရိယပူဇော်ပွဲကြီးသွားတယ်။ အဲဒီပွဲကို မီချင်လွန်းလို့ မနက်အစောကြီး ၆ နာရီ ရန်ကုန်ကနေ ထားဝယ်လာမယ့် လေယာဉ်လက်မှတ်ကို မရအရဝယ်ပြီး အလုပ်ကိစ္စတွေကြားက အပြေးပြန်လာခဲ့တာ။ ကံဆိုးချင်တော့ ထားဝယ်ရာသီဥတု ကြောင့် လေယာဉ်တက်ချိန်ကနောက်ကျ။ ထားဝယ်လေဆိပ်ကိုဆိုက်တော့ မနက် ၈ နာရီစွန်းစွန်း။ မနက် ၈ နာရီပွဲစမှာ ဆိုတော့ နောက်ကျနေပြီမို့ ထွက်ခွာအဆောက်အအုံထက်စာရင် သေးနံ့သိပ်အနံ ကြီးမဟုတ်တဲ့ ထားဝယ်လေဆိပ် ဆိုက်ရောက်အဆောက်အအုံထဲက အိမ်သာမှာတောင် အပေါ့မသွားဘဲ အမိတက္ကသိုလ် ကြီးဆီ အပြေးကလေးနှင်ချလာတာ။

ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားတဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးထဲရောက်တော့ အာစရိယတွေက စင်မြင့်ထက်မှာ နေရာယူနှင့်နေကြပြီ။ ဒီလိုနဲ့ အာစရိယပူဇော်ပွဲ အဆုံးသတ်၊ အော်ဟစ်နှုတ်ဆက်နေတဲ့ သူငယ်ချင်းတွေကို ခဏလေးထားရစ်ခဲ့ ပြီး အောင့်ထားရတဲ့ အန္တရာယ်ကို ဖြေရှင်းနိုင်ဖို့အရေး ဘွဲ့နှင်းသဘင်အောက်ထပ်က အိမ်သာတွေဆီ ခြေဦးအသော့နှင်ရတယ်။

ရှူးကလည်း အရမ်းပေါက်ချင်နေပြီ။ မနက်စောစော လေဆိပ်ကဆင်းတာနဲ့ကျောင်းထဲ တန်းလာပြီး အာစရိယပူဇော်ပွဲမှာ ၈ ခွဲကနေ ၁၁ လောက်အထိ ထိုင်ထားတော့ ကိစ္စကထိပ်ဝကိုရောက်နေပြီဆိုတာမျိုး။ ကြားထဲအိမ်သာက ရှာလို့မတွေ့။ မေးစမ်းကြည့်တော့ ပင်မဆောင်အောက်ထပ်မှာက အမျိုးသမီးအိမ်သာပဲ ရှိတယ်လို့ သိရတယ်။

အမျိုးသားအိမ်သာတွေက အပေါ်ထပ်မှာတဲ့။ အပေါ်ထပ်ကိုသာတက်နေရင် ရှူရှူးက လှေကားမှာတင် ထွက်ကျတော့မယ်ဆိုတာ ကိုယ့်အခြေအနေ ကိုယ်သိနေပြီ။ ဒီလိုနဲ့ပဲ တီချယ်တစ်ယောက်ရဲ့ အားပေးမှုနဲ့ အမျိုးသမီးအိမ်သာထဲမှာတင် ကိစ္စရှင်းဖို့ ဆုံးဖြတ်ချက် ပိုင်ပိုင်ကြီးချလိုက်တယ်။ လူလည်း အတော်ကလေးရှင်းနေတော့ တံခါးကိုလော့ချ၊ ရှူးပေါက်။ လူလည်းအတော် ကလေးကို ပေါ့သွားတာပါပဲ။ ဟော … ပြဿနာက အခုမှစတယ်။ ဘိုထိုင် အိမ်သာမှာ ရေဆွဲချဖို့ ခလုတ်ကကျိုးနေပြီ။ ဆွဲချမရ။ ဒီအတိုင်းကြီးကလည်းမထားခဲ့ချင်။ ဒီလိုနဲ့အိမ်သာကြွေခွက်ရေ ဆွဲပုံးရဲ့အဖုံးကို အသာမပြီး အထဲက ရေခလုတ်ကိုနှိပ်မယ်ဆိုတဲ့ မဟာ့မဟာ အကြံနဲ့ ကြွေပုံးအဖုံးကို ဖွင့်လိုက်ပါတော့တယ်။

ပရိသတ်တို့ရေ … ဒီမှာမြင်လိုက်ရတဲ့ မြင်ကွင်းက တစ်သက်စိတ်မကူးဖူးတဲ့ မြင်ကွင်းမျိုး။ အမျိုးသမီးလစဉ်သုံးပစ္စည်း (သုံးပြီးသား)တွေ ကြွေခွက်ရေဆွဲပုံးထဲမှာ။ တစ်ခုမက ၊ နှစ်ခုမက ၊ အခုပေါင်း များစွာ။

ဓမ္မတာလာတာ ဓမ္မတာပေမို့ ဘာမှဖြစ်စရာမရှိ။ ဓမ္မတာမဟုတ်ဘဲ အမှိုက်ပုံးထဲ ထည့်ရမယ့် အမှိုက်ကို ဘိုထိုင်ရေဆွဲပုံးကို တကူးတကဖွင့်ပြီး ထည့်ထားကြတဲ့ မမတို့ရဲ့ ရွှေဉာဏ်တော် စူးရောက်မှုကတော့ ဩချလောက်ပါရဲ့။ အဲဒီအိမ်သာထဲမယ် အမှိုက်ပုံးလည်း ရှိပါရဲ့။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ အိမ်သာထဲမှာ ထားပေးပြီး သုံးပြီးသားတွေကိုထည့်ဖို့ အမှိုက်ပုံးလည်း အဆင်သင့်ထားပေးပေမယ့် ခုလို စည်းကမ်းမဲ့ စွန့်ပစ်လေ့ရှိကြတယ်လို့ ကျောင်းသားသမဂ္ဂကတော့ ရင်ဖွင့်တယ်။ ဒါဟာ ခုလိုစွန့်ပစ်ခဲ့တဲ့ မိန်းကလေးတွေရဲ့အခြေခံကျန်းမာရေး ဗဟုသုတကြောင့်ပဲလား၊ တစ်ခြားဘာအကြောင်းတွေကြောင့် ဒီလောက်အထိ အရုပ်ဆိုးအကျည်းတန်ရလဲဆိုတာကတော့ တက္ကသိုလ်အသိုင်းအဝိုင်းအနေနဲ့လေ့လာ စူးစမ်းပြီး ဖြေရှင်းဖို့နည်းလမ်းရှာသင့်ပါတယ်။

ဒီလိုပြောလို့ မိန်းကလေးအိမ်သာတွေပဲ ခုလိုအဆင်မပြေဖြစ်နေသလားဆိုတော့မဟုတ်။ ယောက်ျားလေးအိမ်သာတွေလည်း ထိုနည်းနှင်နှင်။ ယောက်ျားလေးတွေလည်း ကိစ္စထိပ်ဝရောက်နေရင် ကမြောကင်းတံတားကိုပြန်ကျော်လာပြီး တံတားထိပ်ကဈေးဝယ်စင်တာမှာ ပြဿနာကို လာဖြေရှင်းကြရတယ်လို့ ဆိုကြတယ်။
တက္ကသိုလ်ဆရာမတစ်ယောက်ပြောသလို အီးပါ သေးပေါက် ကိစ္စကအစ ဆရာ၊မတွေ ဝင်ပါနေဖို့ကတော့ သိပ် မလွယ်လှ။ သို့သော် တက္ကသိုလ်စီမံခန့်ခွဲရေးကတော့ ဒီကိစ္စမှာ မဖြစ်မနေပါဖို့လိုမယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ရေအလုံအလောက်ရရှိရေးနဲ့ ပျက်စီးမှုတွေကို ပြုပြင်ထိန်းသိမ်းရေးကိစ္စတွေကို အခုထက် ဂရုတစိုက်ပိုလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ သို့ပေမယ့် စီမံခန့်ခွဲရေးက ဘယ်လိုပဲ အားစိုက်ဆောင်ရွက်ပါစေ ကျောင်းသူ၊သားတွေကိုယ်တိုင်က စည်းကမ်းတကျဖြစ်ဖို့ကတော့ အရေးအကြီးဆုံး ဖြစ်ပါမယ်။

တစ်လောလေးကပဲ ထားဝယ် တက္ကသိုလ်နဲ့ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်က ရာချဘတ်တက္ကသိုလ်နဲ့ ရှေ့ဆက်ပူး ပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့နားလည်မှုစာချွန်လွှာရေးထိုးပွဲကို တက်ရောက်ဖြစ်သေးတယ်။

ကိုယ်ပညာသင်ယူခဲ့တဲ့တက္ကသိုလ်ကို နိုင်ငံတကာတက္ကသိုလ်တွေနဲ့ရင်ပေါင်တန်းပြီး အဆင့်မီတက္ကသိုလ် တစ်ခုဖြစ်လာအောင်၊ ဒီတက္ကသိုလ်က ထွက်တဲ့ကျောင်းသား၊သူဆိုပြီး ရင်ကော့နေနိုင်အောင် ဖြစ်စေလိုတဲ့စိတ်အပြည့်ရှိပါတယ်။ အားလုံးမှာလည်း ခုလို တိုးတက်လိုတဲ့စိတ်ရှိမယ်လို့ ယုံကြည်ပါတယ်။ တက္ကသိုလ်ဆရာ၊မတွေဆိုတာ များသောအားဖြင့် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် တာဝန်ထမ်းဆောင် ပြီးရင် တစ်ခြားကိုပြောင်းသွားကြရမှာပါ။ ရောက်လေရာမှာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးကြမယ်ဆိုတာလည်း ယုံမှားသံသယ မရှိပါ။ ဒါပေမယ့် ဒီတက္ကသိုလ်မှာ တက်ရောက်ပညာသင် ကြားကြတဲ့ ကျွန်တော်တို့ဟာ ဒီဒေသကဖြစ်တဲ့အတွက် ဒီတက္ကသိုလ်တိုးတက် ဖို့အရေးဟာ ကျွန်တော်တို့တာဝန်ဖြစ်တယ်လို့ပဲ ခံယူပါတယ်။ အချိန်တန်ဘွဲ့ရရင်ပြီးတာပဲ၊ အိမ်သာဆေးတဲ့ကိစ္စလောက်က အရေးကြီးလို့လားဆိုရင်တော့ အရေးကြီးတယ်လို့ပဲ ဆိုရမှာပါပဲ။


၃။ လေဆိပ်ပဲဖြစ်ဖြစ်၊ တက္ကသိုလ် ပဲဖြစ်ဖြစ် အများပြည်သူနေရာ ဖြစ်ပါတယ်။
အများပြည်သူနေရာဖြစ်တဲ့အတွက် ပြည်သူအများနဲ့ သက်ဆိုင်ပါတယ်။ အများပြည်သူဆိုင်ရာနေရာတွေ သန့်ရှင်း သာယာတိုးတက်ဖို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်။ တစ်ပြိုင်နက်မှာ အများပြည်သူဆိုင်ရာနေရာတွေကို အသုံးပြုသူတွေဖြစ်တဲ့ ကျွန်တော်တို့မှာလည်းတာဝန်ရှိ ပါတယ်။ လေဆိပ်အိမ်သာသန့်ရှင်းရေး လေဆိပ်တာဝန်ရှိသူတွေမှာ တာဝန်ရှိသလို ရေဆွဲချဖို့ကို အသုံးပြုသူကျွန်တော် တို့တာဝန်ယူရပါမယ်။ တက္ကသိုလ်အိမ်သာတွေမှာ ရေရှိဖို့အရေး စီမံခန့်ခွဲရေးက တာဝန်ရှိသလို တက္ကသိုလ်သန့်ရှင်း သာယာလှပရေး ကျောင်းသူ၊သားတွေမှာလည်း တာဝန်ရှိပါတယ်။

သေးနံပြီး မဖွယ်မရာစာတွေ ရေးထားတဲ့ လေဆိပ်နဲ့ဆိုရင်တော့ အသန့်ရှင်းဆုံးမြို့ဆုကို သုံးထပ်ကွမ်းပဲ ပေးနေပါစေဦးတော့ ရှက်ဖွယ်လိလိပါ။
ရေမရှိတာများတဲ့အိမ်သာတွေ ဒါမှမဟုတ် သေးစော်နံနေတဲ့ ဒါမှမဟုတ် အပေါ်မှာ ဖော်ပြခဲ့သလို အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အိမ်သာရေဆွဲပုံးထဲထည့်ပစ်ခဲ့တဲ့တက္ကသိုလ်မျိုးဆိုရင်တော့ ဘွဲ့တွေ ဒီဂရီတွေ ဘယ်လောက်ပဲပေးနေပါစေ၊ အီးပါ သေးပေါက်ပေါက် ကိစ္စလောက်တောင် မစီမံတတ်တဲ့ လူ့အဖွဲ့ အစည်းပဲဖြစ်နေပါဦးမယ်။

အောင်လွင်(ကံပေါက်သား)