ခေါင်းဆောင်မှုနဲ့ အကြည်ဓာတ်

0
808

ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေ များစွာအနက်မှာ အကြည်ဓာတ်ရှိခြင်း လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အတိတ်မှာပဲနစ်မနေဘဲ သို့မဟုတ် အနာဂတ်ကိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုးမဟုတ်ဘဲ ပစ္စုပ္ပန်တည့်တည့်ရှုနိုင်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။

ဒါပေမယ့် လူအများကို စီမံရတဲ့၊ ဦးစီးဦးရွက်ပြုရတဲ့သူတွေအတွက်ဆိုရင်တော့ ပိုအရေးကြီးပါတယ်။ဘာကြောင့်ပါလဲ။

လူတိုင်းဟာ ပစ္စုပ္ပန်တည့်တည့်မရှုနိုင်လို့၊ စိတ်မှာ အကြည်ဓာတ်လေးကိန်းနေအောင် မနေတတ်လို့ ဖြစ်ပါတယ်။

အကြည်ဓာတ်ဆိုတာ ဘာပါလဲ။ အရပ်စကားနဲ့ဆိုရင်တော့ စိတ်ရှင်းတာ၊ စိတ်ကြည်တာကို ပြောလို့ရမယ် ထင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြတဲ့အခါ တစ်ယောက်ရဲ့ဓာတ် သို့မဟုတ် လှိုင်းကို တစ်ယောက်က ခံစားမိကြလေ့ရှိပါတယ်။

ဥပမာ တချို့ပြောလေ့ရှိတာက“သူ့နဲ့ စကားပြောရတာ ပူလောင်လိုက် တာ”။ “သူ့နဲ့ တွေ့လိုက်ရင် အပူတွေတစ်ဝက် သက်သာသွားသလိုပဲ။” “သူ့မျက်လုံးတွေ မြင်ရတာနဲ့တင်ကိုယ့်မှာနှင်းတောထဲ ရောက်သလို ခံစားရတယ်” စသဖြင့် အမျိုးမျိုး အပြားပြားသောခံစားမှုတွေ ရှိကြပါတယ်။

ဆိုတော့ ဘာကြောင့် ခေါင်းဆောင်လုပ်မယ့်သူက အကြည်ဓာတ်ကို အထူးတလည် လိုအပ်ပါသလဲ။

လူတိုင်းဟာ စိတ်အရောင်တစ်မျိုးမျိုးနဲ့ နေ့စဉ်ဘဝတွေကို ကျင်လည်နေကြပါတယ်။
ကိုယ်က ဦးစီးဦးရွက်ပြုရတဲ့သူဖြစ်ပြီဆိုရင် အဲလို အမျိုးမျိုးအပြားပြားသော စိတ်အရောင်တွေရှိတဲ့ တစ်နည်းအားဖြင့် စိတ်မကြည်မှုတွေ ပုံစံမျိုးစုံနဲ့ ရှိနေတဲ့သူတွေကို ကိုယ်က စီမံရမယ့်အနေအထားကို မဖြစ်မနေ ကြုံရမှာဖြစ်ပါတယ်။

ကိုယ်က အခြားသူများကို စီမံရတဲ့အခါ၊ ဦးစီးဦးရွက်ပြုရတဲ့အခါ ကိုယ့်စိတ်မှာ အကြည်ဓာတ်လေး ရှိနေခြင်းအားဖြင့် အခြားသူတစ်ဦးချင်းစီရဲ့စိတ်ခံစားမှု၊ အခုအခံ၊ ချဉ်းကပ်ပုံ၊ တွေးမှုခေါ်မှု၊ စိတ်နေစိတ်ထား စသည်ဖြင့် အစစအရာရာကို မြင်ရမှာဖြစ်ပါတယ်။

ဒါက ကြည်လင်နေတဲ့ မှန်တစ်ချပ်ကနေတစ်ဆင့် တစ်စုံတစ်ရာကို ကြည့်တဲ့အခါ အရှိကိုအရှိအတိုင်း မြင်ရတာနဲ့ ဆင်ပါတယ်။ ဆိုတော့အကြည်ဓာတ်လေးရှိဖို့ ဘယ်လိုလုပ်ရပါမလဲ။ ကိုယ့်ရဲ့အချိန်တိုင်းကို သတိတရားရဲ့ ရှင်သန်နေထိုင်တာက အခြေခံအကျဆုံးအချက် ဖြစ်ပါတယ်။

အတိတ်တွေကို သင်ခန်းစာယူစရာ၊ ဖြတ်သန်းရမယ့် အခင်းအကျင်းအဖြစ်သာ ရှုမြင်ပြီး ပစ္စုပ္ပန်တည့်တည့်မှာနေတာ၊ ကြုံလာတဲ့ ကိစ္စရပ်တွေကို ခံစားမှုနဲ့ ချက်ခြင်းမတုံ့ပြန်ပဲ နားလည်သဘော ပေါက်အောင်ကြိုးစားပြီးမှ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တာတွေက အရေးကြီးပါတယ်။

နောက်ပြီး အာရုံစူးစိုက်မှုရှိတာ၊ မောဟကို အတတ်နိုင်ဆုံးဖယ်ထားပြီး ရှင်းလင်းပြတ်သားတဲ့အမြင်၊ ခံယူချက်၊ သဘောထားရှိတာ၊ အကောင်းမြင်စိတ်နေသဘောထားရှိတာ၊ ကိုယ်နဲ့ တစ်ခရီးတည်းအတူ သွားနေတဲ့သူတွေအပေါ်မှာ မေတ္တာထားတာ၊ တတ်နိုင်သမျှ ကိုယ်တိုင်ကျင့်ကြံပြပြီး အပြစ်အနာ အဆာနည်းအောင် ကြိုးစားနေထိုင်တာတွေလည်း လိုအပ်ပါတယ်။

လူတိုင်းဟာ ခြောက်ပြစ်ကင်းဖို့ မဖြစ်နိုင်ပေမယ့် ဦးစီးဦးရွက်ပြုသူကတော့ နည်းလေကောင်းလေပါပဲ။ ကိုယ့်ပြောရ ဆိုရ လမ်းညွှန်ရ ထိန်းကွပ်ရတဲ့အခါမှ ကိုယ်ကိုယ်တိုင်က အပြစ်လုပ်ထားမိတာမျိုးဆို ယုံကြည်ချက်ရှိရှိနဲ့ ပြောဖို့ ဆိုဖို့ မလွယ်ပါဘူး။ ဆေးဖက်ဝင်ဖို့လည်း မလွယ်ပါဘူး။

ဒါတွေကို သတိထားကျင့်ကြံရင်တော့ အကြည်ဓာတ်လေးကိန်းပြီး ဦးစီးဦးရွက်ပြုနိုင်မှာ ဖြစ်ပါတယ်။


မက်အိမ်

မှီငြမ်း – 9 Ways to particle mindful leadership