ကမ်းခြေများကို စီမံခန့်ခွဲခြင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ
၁။ နိဒါန်း

ယခင်က ကမ်းခြေနှင့် ကမ်းရိုးတန်းတို့သည် အများအားဖြင့် ဒေသခံတိုင်း ရင်းသားများ အမှီပြုလုပ်ကိုင်စားသောက် ရာ၊ အသက်မွေးမှုအတွက် မှီခိုရာဖြစ် သည်။ သို့သော် နိုင်ငံအတွင်း စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ ကမ်းခြေသည် ထိုထက်ပိုလာသည်။ ကမ်းခြေသည် ငါး ဖမ်း၊ ခရုကောက် ဝမ်းစာရှာ၊ ငါးလုပ်ငန်း စခန်းချသည့် နေရာသက်သက်မျှမဟုတ် တော့ဘဲ အပန်းဖြေလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ပင်လယ်/ကမ်းရိုးတန်းနှင့် စပ်ဆိုင်သော အားကစားလုပ်ငန်း စသည့် လုပ်ငန်းများ ပိုမိုတိုးပွားလာသည်။ ထိုသို့ တိုးပွားလာသည်နှင့်အမျှ ယင်းတို့အတွက် အခြေခံအဆောက်အဦများ တိုးချဲ့ရန် လိုအပ်လာပြီး နဂိုမူလ ပင်လယ်နှင့် ကမ်းရိုးတန်းကို အမှီပြုလုပ်ကိုင်စားသောက်နေသော ဒေသခံများနှင့် ပဋိပက္ခ ဖြစ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သယံဇာတအရင်းအမြစ်များအပေါ် ထိခိုက်လာနိုင်ခြင်းတို့ ရှိလာသည်။

ထိုအခါ ကမ်းခြေကို မည်သို့စီမံ မည်နည်းဟု မူဝါဒဆိုင်ရာ မေးခွန်းများ ထွက်လာသည်။ ကမ်းခြေ စီမံခန့်ခွဲခြင်း ဆိုသည်မှာ “ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန်၊ ကုစားနိုင်ရန်နှင့် နည်းပါးစေရန် စေရန်အတွက် လူသားတို့နှင့် ကမ်းခြေ ဝန်းကျင်ကို ၎င်းတို့ အသုံးချပြုမူပုံစံကို စီမံခန့်ခွဲခြင်း (Managing Humans and the way they interact with the beach environment )”ဟု ဆိုသည်။

ယင်းတွင် အမျိုးမျိုးသော လူအုပ်စုများ ကမ်းခြေဝန်းကျင်ကို တရားမျှတစွာ၊ ပျော်ရွင်စွာ အသုံးချနိုင်ရန် လိုအပ်သော စည်းမျဉ်းဘောင်များ၊ မူဝါဒများ၊ ဆုံးဖြတ် ချက်များ၊ ဒီဇိုင်းများ ချမှတ်ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လန်းလာသည်နှင့် အမျှ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကမ်းခြေမြေယာများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ဆောင်ရေး အလို့ငှာ ဝယ်ယူခြင်း၊ ငှားရမ်းလုပ်ကိုင်ခြင်းတို့ ရှိလာသည်။ ထိုအခါ ရှေးနှစ်ပေါင်းများစွာ ကတည်းက ငါးဖမ်းခြင်း၊ ဝမ်းစာ ရှာဖွေ ခြင်း၊ ငါးဖမ်းအလုပ်စခန်းများ တည်ထောင် နေထိုင်ခြင်း၊ ဒေသခံတို့ သဘာဝအတိုင်း အပန်းဖြေခြင်းတို့ဖြင့် ကမ်းခြေနှင့် ကမ်းရိုးတန်းကို အသုံးပြုလာခဲ့သော ဒေသခံဌာနေတိုင်းရင်းသားတို့နှင့် ပဋိပက္ခ ဖြစ်လာသည်။

ကမ်းခြေမှာ အများပြည်သူပိုင် ဖြစ် သင့်သလော၊ ပုဂ္ဂလိကပိုင် ဖြစ်သင့် သလော၊ နှစ်မျိုးစလုံးကို မျှတအောင် ဖန်တီးတည်ထောင်သင့်သလော စသည်ဖြင့် မေးခွန်းများ ရှိလာသည်။ ယင်းမေးခွန်းများအတွက် အဖြေတစ်စုံတစ်ရာ ပေးနိုင်ရန် ရည်ရွယ်၍ ယခု စာတမ်းငယ်ကို ရေးသားရခြင်း ဖြစ်ပါသည်။

ကမ်းရိုးတန်းနှင့် ကမ်းခြေ စီမံခန့်ခွဲ မှုဆိုင်ရာ ပညာရပ်ဆိုင်ရာစာတမ်းများ၊ အမေရိကန်ပြည်ထောင်စုရှိ ကမ်းခြေအရေး လှုပ်ရှားသော အဖွဲ့အစည်းအချို့၏ မှတ်တမ်းများ၊ သက်ဆိုင်ရာ အစိုးရ ထုတ်ပြန်ရှင်းလင်းချက်များကို အခြေခံ၍ ရေးသားထားပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေ၊ ကမ်းရိုးတန်းများကို စီမံခန့်ခွဲရာတွင် အခြေပြု စဉ်းစားနိုင်ရန် ရည်ရွယ်၍ နောက်လာမည့် အခန်းများတွင် အများပြည်သူပိုင် နှင့် ပုဂ္ဂလိကပိုင်ကမ်းခြေများကို ဖွင့်ဆိုခြင်း၊ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်သုံးခုနှင့် နယူးဇီလန်နိုင်ငံတို့မှ ဥပမာများကို တင်ပြထားပါသည်။

၂။ အများပြည်သူပိုင် Vs ပုဂ္ဂလိကပိုင်

ကမ်းခြေမြေဖြတ်သန်းသွားရောက် ခွင့်ဟု ဆိုရာတွင် အရေးပါသော အပိုင်းနှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ ကမ်းခြေ တစ်လျှောက် အလျားလိုက် ဖြတ်သန်းခွင့် (Horizontal Access) နှင့် ကုန်းတွင်းမှ ကမ်းခြေသို့ ဖြတ်သန်းသွားရောက်ခွင့် (Perpendicular ) ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ကျယ်ပြန့်စွာ သတ်မှတ်ထားသော အချက် မှာ ဒီရေအရောက်ဆုံးနေရာ (Mean- tide line)ကို အများပြည်သူနေရာ အဖြစ် လုံးလုံးသတ်မှတ်ထားသည်။ Mean- tide line ကို ၁၉ နှစ်ကာလ တစ်လျှောက်အတွင်း ဒီရေအမြင့်ဆုံးရောက်သည့် နေရာကို ပျမ်းမျှယူကာ တွက်ချက်ကြောင်း အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့် နိုင်ငံလုံးဆိုင်ရာသမုဒ္ဒရာ စစ်တမ်းဌာနက သတ်မှတ်ထားသည်။

သို့သော် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အလိုက် ကမ်းခြေဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းပိုင်ခွင့်ရှိရာ သက်ဆိုင်ရာပြည်နယ်အလိုက် မတူညီသော အသေးစိတ် ပြဋ္ဌာန်းချက်များရှိသည်။ ဒီရေအရောက် ဆုံးနေရာ (Mean–tide lineကို အများပြည်သူနေရာအဖြစ် သတ်မှတ်ထားသော်လည်း ပင်လယ်ပိုင်းပြည်နယ် များ၏ ကမ်းခြေဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အားလုံးနီးပါးသည် အများပြည်သူလည်ပတ်အသုံးချနိုင်ခွင့် (Public Trust Doctrine ) အယူအဆကို မှီးယူပြဋ္ဌာန်းကြသည်။

ယင်းအယူအဆအရ သဘာဝတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို အများပြည်သူအတွက် ထိန်းသိမ်းထားရမည်၊ အများပြည်သူအသုံးချ၊ လည်ပတ်နိုင်ရန် နိုင်ငံတော်ပိုင်အဖြစ်ထားရှိပြီး ထိန်းသိမ်း၊ ပြုပြင်ထားရမည် ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုရှိ ရေကန်အများစုနှင့် မြစ်ချောင်းများကို အများပြည်သူအသုံးပြုနိုင်ရန်၊ သောက်သုံးရေရရှိနိုင်ရန်နှင့် လာရောက် အပန်းဖြေနိုင်ရန် အစိုးရက ထိန်းသိမ်းထားရသည်။ ကမ်းခြေသမုဒ္ဒရာများတွင် ပုဂ္ဂလိကပိုင်ဆိုင်မှု တိုးချဲ့လာရေးကို ကန့်သတ်၊ ကာကွယ်နိုင်ရန် Public Trusy Doctrine ကို အများ အားဖြင့် အသုံးပြုသည်။ Mean-tide line သည် ယေဘုယျဖွင့်ဆိုချက်သာဖြစ်ပြီး အများပြည်သူလည်ပတ်အသုံးချခွင့် အယူအဆကို မူဝါဒများ၊ ဥပဒေများ၏ အနှစ်သာရအဖြစ် အသုံးပြုသည်။

Mean-tide line သည် အများအားဖြင့် ကမ်းခြေတစ်လျှောက် ဖြတ်သန်းသွားလာခွင့် (Horizontal Accessျ) ကိုသာ ဖွင့်ဆိုနိုင်သည့်အတွက် ဥပဒေများတွင် ကုန်းတွင်းမှ ကမ်းခြေသို့ ဖြတ်သန်း သွားရောက်ခွင့် (Perpendicular Access ) ကိုလည်း သတ်မှတ်ရန် လိုသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ယခု ဖြစ်ပွားနေသကဲ့သို့ပင် ဖြစ်လေ့ရှိသည်မှာ ကမ်းခြေသို့ ကုန်းတွင်းမှ ဖြတ်သန်း ဝင်ရောက်ခွင့်အား ကမ်းခြေကို ပုဂ္ဂလိကပိုင်ဆိုင်သူများက ပိတ်ပင်လေ့ရှိခြင်း ဖြစ်သည်။

၃။ ဖြစ်ရပ်လေ့လာချက် အကျဉ်း

အမေရိကန်ပြည်ထောင်စုရှိ ပင်လယ်ပိုင်း ပြည်နယ်များတွင် အများပြည်သူ အသုံးချလည်ပတ်ခွင့်ကို ၎င်းတို့ ကိုယ်ပိုင် ဥပဒေများဖြင့် သတ်မှတ်ပြဋ္ဌာန်းထားလေ့ရှိသည်။ အများပြည်သူသုံးနှင့် ဌာနေ တိုင်းရင်းသားတို့၏ ကမ်းခြေတွင် လုပ်ကိုင် စားသောက် အပန်းဖြေနိုင်သည့် အခွင့်အရေး၊ ဥပဒေမူဘောင်တို့နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်သုံးခုနှင့် နယူးဇီလန်နိုင်ငံရှိ ဖြစ်ရပ်ဥပဒေများကို အကျဉ်းမျှ ဖော်ပြလိုက်ပါသည်။

၃.၁ အိုရီဂွန်ပြည်နယ်

အမေရိကန်ပြည်ထောင်စုအနောက် မြောက်ဘက်ရှိ အိုရီဂွန်ပြည်နယ်တွင် ၁၉၆၇ ခုနှစ် အိုရီဂွန်ပြည်နယ် ကမ်းခြေ ဥပဒေနှင့် ၁၉၆၉ ခုနှစ် ပြည်နယ်တရားရုံး စီရင်ချက်တို့အရ ပြည်နယ် အတွင်းရှိ ကမ်းခြေမြေအားလုံးကို အများပြည်သူ ဖြတ်သန်းပိုင်ခွင့်ရရှိရန် အာမခံထားသည်။ ကမ်းခြေဥပဒေအရ ကမ်းခြေတွင် ဒီရေအနိမ့်ဆုံးရောက်သောနေရာနှင့် သဲသောင်အဆုံး အပင်များ ရှင်သန်ပေါက်ရောက်ရာအထိကို အများပိုင် မြေအဖြစ် ယေဘုယျသတ်မှတ်ထားသည်။ သို့သော် အများပြည်သူများ ရှေး အစဉ်အဆက်ကတည်းက အပန်းဖြေအနားယူခဲ့သောဧရိယာဖြစ်ပါက၊ အများ ပြည်သူ အနားယူအပန်းဖြေရာနေရာအဖြစ် သတ်မှတ်ရန် အကြောင်းသင့်ပါက အများပြည်သူ အပန်းဖြေနေရာအဖြစ် သတ်မှတ်သည်။ ယင်းအပြင် ဓလေ့ထုံးထမ်းအရ ရှေးအစဉ်အဆက်ကတည်းက အများပြည်သူ လုပ်ကိုင်စားသောက် အသုံးပြုနေသောမြေကို ပုဂ္ဂလိက အကျိုးအလို့ငှာ ဝယ်ယူခွင့်၊ လျှောက်ထားခွင့်၊ ကျူးကျော် ခွင့်မရှိပေ။

ကမ်းခြေဥပဒေအပြင် အိုရီဂွန် ပြည်နယ်စီမံခန့်ခွဲမှု ဦးတည်ချက်နှင့် လမ်းညွှန်ချက်ပါ ဦးတည်ချက် အမှတ် ၁၇ (ကမ်းရိုးတန်းဆိုင်ရာ လမ်းညွှန်ချက်) အရ အများပြည်သူဆိုင်ရာ ကမ်းခြေနယ် မြေသို့ သွားရောက်နိုင်ရန် လမ်းကြောင်းများ ထားရှိပေးရသည်။ ထိုလမ်းကြောင်း များကို ပုဂ္ဂလိက အကျိုးအလို့ငှာ အသုံးပြု ရန်လိုအပ်လာပါက အခြားလမ်းကြောင်းသစ်များ ပြန်လည် တည်ဆောက်ပေးရန် လိုအပ်သည်။

၃.၂ တက်ဆက်ပြည်နယ်

အိုရီဂွန်ပြည်နယ်ကဲ့သို့ပင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းရှိ တက်ဆက်ပြည်နယ်တွင်လည်း ကမ်းခြေသဲယောင်ယံများကို အများပြည်သူ ဖြတ်သန်းသွားလာ၊ အနားယူခွင့်ပြုထားသည်။ ၁၉၅၉ ခုနှစ် ကမ်းခြေများသို့ လွတ်လပ်စွာ အသုံးပြုရေး တက်ဆက်ပြည်နယ် ဥပဒေအရ ယင်းသို့ ခွင့်ပြုထားခြင်း ဖြစ်သည်။

ကမ်းခြေများကို ဝင်ရောက်ခွင့်ရှိရေး တက်ဆက်ပြည်နယ်အစိုးရ၏ စီမံချက်အရ (Beach Access Plan ) အရ ကမ်းခြေသို့ သွားရောက်နိုင်သော လမ်းကြောင်းများကို ထင်ရှားစွာ ပြသထားရ သည်။ တက်ဆက်ပြည်နယ်တွင် ကမ်းခြေသို့ ဆင်းနိုင်သော လူသွားလမ်း၊ ယာဉ်သွားလမ်းကြောင်း ၆၁၄ ခု ရှိသည်။ ကမ်းခြေတစ်လျှောက် အနည်းဆုံး မိုင်ဝက်တိုင်းတွင် ကမ်းခြေဆင်းလမ်းများ ထားရှိပေးရန် အစိုးရတွင် တာဝန်ရှိသည်။ ထို့အပြင် အစိုးရအနေနှင့် ကမ်းခြေနှင့် ပင်လယ်ပြင် မပျက်စီးရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ၊ ပညာရေး ဆိုင်းဘုတ် များထားရှိရသည်။

၃.၃ မြောက်ကယ်လိုလိုင်းနားပြည်နယ်

အမေရိကန်ပြည်ထောင်စု မြောက်ကယ်လိုလိုင်းနားပြည်နယ်တွင် ကမ်းခြေသဲသောင်ယံများကို သွားရောက်ခွင့်ရရေး ပြည်နယ်ကမ်းခြေသောင်ယံမူဝါဒအရ အများပြည်သူအနေနှင့် ရှေးအစဉ်အဆက်အရ၊ ဓလေ့ထုံးထမ်းများအရပင် ကမ်းခြေများတွင် လွတ်လပ်စွာ အပန်းဖြေအနားယူခွင့်ရှိသည်။

ဥပဒေအရ ဒီရေ အမြင့်ဆုံးရောက်သောနေရာ (Mean-tide line ) အထိ သည် ယေဘုယျအားဖြင့် ပြည်နယ်အစိုးရ စီမံခန့်ခွဲသော အများပြည်သူပိုင်နေရာ ဖြစ်သော်လည်း ပြည်နယ်တရားရုံးက လိုအပ်ပါက အပင်များရှင်သန်ပေါက် ရောက်ရာအထိကို အများပြည်သူမြေအဖြစ် သတ်မှတ်ခွင့်ပြုထားသည်။

၃.၄ နယူးဇီလန်နိုင်ငံ

ကမ္ဘာပေါ်တွင် အလှပဆုံးနှင့်နေချင်စရာ အကောင်းဆုံးနိုင်ငံများအနက် တစ်ခုဖြစ်သော နယူးဇီလန်နိုင်ငံတွင်လည်း ကမ်းခြေကို လွတ်လပ်စွာသွားရောက် အနားယူပိုင်ခွင့်ကို ဥပဒေမူဘောင်အရ ခွင့်ပြုထားသည်။

နယူးဇီလန်နိုင်ငံ၏ သမိုင်းကြောင်းအရ ထူးခြားချက်မှာ ကုန်းမြေအများစု (၉၅ ရာခိုင်နှုန်းနီးပါး) ကို ဗြိတိန်ဘုရင်မ ၏ စီမံခန့်ခွဲမှု (နယူးဇီလန်အစိုးရ၏ စီမံခန့်ခွဲမှု) မြေအဖြစ် သတ်မှတ်ထားပြီး ကျန်ရှိသောမြေမှာ နယူးဇီလန်ကျွန်းသား ဌာနေတိုင်းရင်းသား မွာရီတို့၏ မြေဖြစ်သည်။ ဗြိတိသျှတို့ ယခုနယူးဇီလန်နိုင်ငံအဖြစ် တည်ထောင်ထားသော နေရာသို့ တဖြည်းဖြည်းကျူးကျော်လာပြီး ဌာနေတိုင်းရင်းသားများနှင့် အတူတကွ ပူးတွဲ နေထိုင်ရန် ၁၈၄၀ ပြည့်နှစ်တွင် ဝိုင်တာငီစာချုပ်ချုပ်ဆို သဘောတူခဲ့သည်။ ထိုသဘောတူညီချက်အရ ကုန်းမြေအားလုံးနီးပါး (မွာရီတို့ပိုင်သော ၅ ရာခိုင်နှုန်း ကျော်မှအပ)ကို ဗြိတိန် ဘုရင်မ၏ စီမံ ခန့်ခွဲမှုအောက်တွင်ရှိပြီး နိုင်ငံပတ်လည်ရှိ ရေပြင်နှင့်ရေအောက် ကြမ်းပြင်မှာ မွာရီတိုင်းရင်းသားများ၏ အပိုင်အဖြစ် သတ်မှတ်ထားသည်။

ဝိုင်တာငီ စာချုပ်အရ ဘုရင်မအပိုင်ဖြစ်သော ကမ်းခြေမြေကို အခြားသူများသို့ ငှားရမ်းခွင့်ရှိသည်။ မွာရီတိုင်းရင်းသား တို့ကလည်း ၎င်းတို့ပိုင်ဆိုင်သော ပင်လယ်ပြင်နှင့် ပင်လယ်မြေအောက်တွင် ငါးဖမ်းခြင်း၊ ကနူးလှေလှော်ခြင်း၊ အပန်းဖြေခြင်း၊ ဆုံးပါးသွားသူတို့၏ သင်္ချိုင်းအဖြစ်သတ်မှတ်ခြင်း၊ ပင်လယ်ကျောက်ပွင့် ရေညှိများ ကောက်ယူခြင်းတို့ဖြင့် အသက်မွေးကြသည်။ ယင်းကို (ဘုရင်မကိုယ်စား) နယူးဇီလန်အစိုးရက မွာရီတို့က ကျူးကျော်သည်ဟု သတ်မှတ်ခဲ့သည်။

ဌာနေတိုင်းရင်းသားများနှင့် အစိုးရတို့ နှစ်ဖက်အငြင်းပွားမှု ဖြစ်ပြီးနောက် နောက်ဆုံးတွင် နယူးဇီလန်နိုင်ငံ၏ အယူခံ တရားရုံးက မွာရီဌာနေတိုင်းရင်းသားများကို အနိုင်ပေးလိုက်သည်။ နယူးဇီလန်အစိုးရ ကလည်း မူလကပြဋ္ဌာန်းထားသော ၂၀၀၄ ခုနှစ် ကမ်းခြေဦးနှင့် ပင်လယ်ကြမ်းပြင် ဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရ သည်။

၂၀၁၁ ခုနှစ်တွင် နယူးဇီလန်အစိုးရ က အဏ္ဏဝါနှင့် ကမ်းရိုးတန်းဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မူလက (ဗြိတိန် ဘုရင်မကိုယ်စား) နယူးဇီလန် အစိုးရက ပိုင်ဆိုင်စီမံနိုင်သည်ဆိုသော ကမ်းခြေဦးနှင့် ပင်လယ်ကြမ်းပြင် သည် မည်သူမျှ မပိုင်ဆိုင်သော အများပြည်သူပိုင်နေရာအဖြစ် သတ်မှတ်ပေးခဲ့ရသည်။ ယင်းဥပဒေအရ မွာရီတိုင်းရင်းသားများလုပ်ကိုင်သော ငါးဖမ်းခြင်း၊ ရေလုပ်ငန်း လုပ်ကိုင်ခြင်းနှင့် အခြားသော အများပြည်သူဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို တားမြစ်ခွင့်မရှိတော့ပေ။

၄။ နိဂုံး

ကမ်းခြေအရေးဆိုင်ရာ ပဋိပက္ခများသည် မြန်မာနိုင်ငံ (အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီး) တွင်မှ ယခုမှ ထူးထူးခြားခြား ဖြစ်ပွားလာခြင်းမဟုတ်ပါ။ ယခုစာတမ်းတွင် ဥပမာပြထားသော အမေရိကန်ပြည်ထောင်စုရှိ ပင်လယ်ပိုင်းပြည်နယ်များ၊ နယူးဇီလန်နိုင်ငံတို့တွင်လည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

သက်ဆိုင်ရာအစိုးရများကမူဝါဒ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ အငြင်းပွားသူ နှစ်ဖက် တရားရုံးများတွင် တရားရင်ဆိုင်ခြင်းတို့ဖြင့် နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့ရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ထိုကဲ့သို့သော ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ်းခြေများကို ပိတ်၍ တည်ဆောက်လာသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကြောင့် ဒေသခံများ ဝမ်းစာရှာဖွေရန် လမ်းကြောင်း ပိတ်ဆို့လာခြင်း၊ ကမ်းခြေနှင့် ကျွန်းများရှိ ရေချိုအရင်းအမြစ်များအတွက် ပဋိပက္ခဖြစ်လာခြင်း၊ မြေယာပြဿနာများ ဖြစ်လာခြင်း၊ အများပြည်သူနားနေ အပန်းဖြေနိုင်သော ကမ်းခြေဧရိယာများ နည်းပါးလာ ခြင်း၊ ရေလုပ်သားတို့၏ စားကျက်များ နည်းပါးခြင်းတို့ ရှိလာသည်။

အထက်ဖော်ပြပါ အခြားနိုင်ငံများမှ ဥပမာများကို အခြေပြု၍ တနင်္သာရီတိုင်းဒေသကြီးတွင် မည်သို့သော စည်းမျဉ်းမူဘောင်များ ချမှတ်လုပ်ကိုင်မည်ဟု စဉ်းစားချက်များ ရရှိမည်ဟု မျှော်လင့်ပါသည်။ အထူးသဖြင့် ဆလုံတိုင်းရင်းသားများ၏ ရှေးရိုးအစဉ်အဆက် လုပ်ကိုင်နေထိုင်လာခဲ့သော ရေစားကျက်များ၊ ကမ်းခြေ နေရာများကို မည်သို့ စည်းမျဉ်းချ အကူအညီပေးနိုင်မည်ကို နယူးဇီလန်နိုင်ငံနှင့်မွာရီဌာနေတိုင်းရင်းသားအကြား ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို ထောက်ရှု၍ စဉ်းစားနိုင်မည်ဟု မျှော်လင့်ပါသည်။

တိုင်းဒေသကြီးအစိုးရအနေနှင့် တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများ၊ အရင်းအမြစ်များ စာရင်းကို ဦးစွာပြုစုပြီး တိကျစွာ ပြဋ္ဌာန်းထားသော မူဘောင်တစ်ခုရေးဆွဲရန် လိုအပ်ပါသည်။ တိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံထားသော ဥပဒေမူဘောင်တစ်ရပ် ရေးဆွဲထားရှိခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရာချီသော ကမ်းခြေမြေများကို တပြေးညီ စီမံခန့်ခွဲ နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ ကမ်းခြေတစ်ခု မူဘောင်တစ်မျိုးဖြင့် တစ်ခုချင်း စီမံရန်မလိုအပ်ပါ။

ရှေးအစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့သော ဒေသခံများနှင့် ယခုဝင်ရောက်လာသော စီးပွားလုပ်ငန်းသစ်တို့အကြား ပဋိပက္ခနည်းပါးစွာ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစွာ၊ အများပြည်သူလည်း အကျိုးရှိစွာ ကမ်းခြေမြေများကိုအတူတကွ အသုံးပြုရေး ယင်းမူဘောင်က အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံပိုမို စီးပွားပွင့်လန်းလာသည့် အချိန်တွင်မှ ရှေးနှစ်ပေါင်းများစွာပင်လယ်ကို အခြေပြုမှီခိုစားသောက် နေထိုင်လာခဲ့သော ဌာနတိုင်းရင်းသားများသည် အနာဂတ်ပျောက်သွားရကြောင်း မှတ်တမ်းမကျန်ခဲ့စေလိုပါ။

သူရိန်လှိုင်

Reference:

Bell, S. and Gibb, J.G., 1996. Public Access to the New Zealand Coast: Guidelines for determining legal and physical constraints. Department of Conservation.

García, R. and Baltodano, E.F., 2005. Free the Beach-Public Access, Equal Justice, and the California Coast. Stan. JCR & CL, 2, p.143.

Kingi, T., 2008. Maori landownership and land management in New Zealand. Making land work, 2, pp.129-151.

Mark Hickford, ‘Law of the foreshore and seabed’, Te Ara – the Encyclopedia of New Zealand, http://www.TeAra.govt.nz/en/law-of-the-fore shore-and-seabed (accessed 27 December 2019)

Micallef, A. and Williams, A., 2009. Beach management: Principles and practice. Routledge.

Public Trust Doctrine, https://www.law.cornell.edu/wex/public_trust_doctrine, (accessed 27 December 2019)
Sullivan, J.A., 2018. Laying Out an” Unwelcome Mat” to Public Beach Access. Florida State University Journal of Land Use and Environmental Law, 18(2), p.4.

Surfrider Foundation’s Stance on Beach Access, http://www.beachapedia.org/Beach_Access, (accessed 27 December 2019)