၂၀၁၉ သမိုင်းမှတ်တမ်း

0
2449

လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ရက်စွဲများ

ခရစ်နှစ် ၂၀၁၉ ခုနှစ်ပြက္ခဒိန်တစ်ရွက် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သတင်းစာများသည် သမိုင်းမူကြမ်းများဖြစ်သည်ဆိုသည်နှင့်အညီ ပုံမှန်အတိုင်း စဉ်ဆက်မပြတ် သတင်းများ ဖော်ပြရုံမက နှစ်တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သော အရေးကြီး အရေးအရာများ၊ ထင်ရှားစံထားအပ်သော လူပုဂ္ဂိုလ်များ၊ ရက်စွဲများကို ပြန်ပြောင်း ဖော်ပြလေ့ရှိသည်။

တနင်္သာရီအပတ်စဉ် အနေနှင့်လည်း တနင်္သာရီတိုင်းဒေသကြီး အတွင်း ၂၀၁၉ ခုနှစ်၌ ဖြစ်ပျက်ခဲ့သော မှတ်တမ်းတင်အပ်သည့် အဖြစ်အပျက်များ၊ စံထားအပ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၊ ရက်စွဲများကို မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။ စံထားအပ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ဖော်ပြရာတွင် ခေတ်အလိုက် လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနိုင်မှု၊ အကျိုးသက်ရောက်နိုင်မှု၊ ဦးဆောင်တီထွင်နိုင်မှု၊ ထူးချွန်မှု တို့ကို အဓိကထား၍ တနင်္သာရီအပတ်စဉ်ဂျာနယ် ဝိုင်းတော်သားများက ရွေးချယ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။

အစိုးရအပြောင်းအလဲအတွက် တာဝန်ကျေသူများ

အဂတိလိုက်စားမှု၊ ဆွေမျိုးသားချင်းကောင်းစားရေး ဝါဒကျင့်သုံးမှု တို့ဖြင့် နာမည်ထွက်သော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ အပြောင်းအလဲတွင် နေရာပေါင်းစုံမှ တာဝန်ကျေခဲ့သူများကို ၂၀၁၉ ခုနှစ်တွင် ထူးခြားစံထားအပ်သူများ အဖြစ် တနင်္သာရီအပတ်စဉ်မှ မှတ်တမ်းတင်လိုက်ပါသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထားဝယ် လေယာဉ်ကွင်းချုံရှင်းသည့်ကိစ္စ လွှတ်တော်တွင်ဖော်ထုတ်ပြောဆိုရမှ တိုင်းအစိုးရကကုမ္ပဏီအား ဈေးမတန် ပေးထားကြောင်း လူထု သိလာသည်။

တစ်ဆက်တည်းတွင်ပင် သဘာ၀ဓာတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်ရန် တင်ဒါအောင်သည့်GGS ကုမ္ပဏီကလည်း ငါးလေလံဈေးလုပ်ခွင့်၊ ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ပိုင်ခွင့်များ မည်သည့်နည်းဖြင့်လုပ် ဆောင်ခွင့်ရထားသည်ကိုလည်း ဖော်ထုတ်လာကြသည်။

တိုင်းဒေသကြီး လွှတ်တော်အနေနှင့် ကုမ္ပဏီ အပေါ်ကြားနာမှုများ ပြုလုပ်လာပြီး တွေ့ရှိချက်များကို အစီရင်ခံကြသည်။ မီဒီယာများတွင် အသီးသီး ဖော်ပြကြသည်။

ဝန်ကြီးချုပ်ဖြုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ၏ ကော့သောင်း၊ မြိတ်နှင့် ထားဝယ် ခရီးစဉ်၌ လူထုက အပြင်းအထန် ဆန္ဒပြကြသည်။ နည်းအမျိုးမျိုးသုံးကာ ဆန္ဒပြကြသည်။

နောက်ဆုံးတွင်ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ မှ တာဝန်ရှိသူများမှာ အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်လိုက်ရပြီးဖြစ် သည်။ ဝန်ကြီးနှစ်ဦး နုတ်ထွက်လိုက်ရသည်။

တိုင်းအစိုးရအဖွဲ့အတွင်းအပြောင်းအလဲအချို့ ဖြစ်ခဲ့သည်။ ဒေါက်တာ လဲ့လဲ့မော်၏ခဲအို ဦးအောင်စိုး (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တိုင်း NLD ဥက္ကဋ္ဌ) ပါတီမှ နုတ်ထွက်လိုက်ရသည်။

ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် နည်းလမ်းမမှန်သော စီမံအုပ်ချုပ်မှု ပုံစံကို တွန်းလှန်၍ ပြင်းထန်သော အင်အားလှိုင်းလုံးတစ်ရပ်ဖြစ်လာအောင် စီမံပါဝင်ခဲ့သူများကို ယခုနှစ်အတွက် ထူးခြား စံထားအပ်သူများအဖြစ် ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဆိုလာဖြင့် လျှပ်စစ်မီးပေးရဲသည့် ကုမ္ပဏီ

အစိုးရ၏ လျှပ်စစ်မီးမရသေးသည့် လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ကျောက်ဝပ်ကျေးရွာတွင် ဆိုလာစနစ်နှင့် ဒီဇယ်အင်ဂျင် အသုံးပြုကာ လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် Dawei Unity ကုမ္ပဏီကို ၂၀၁၉ ခုနှစ်၏ စွန့်ဦးလုပ်ငန်းရှင်အဖြစ် ရွေးချယ်လိုက်သည်။

ဆိုလာစနစ်မှ ၉၀ ရာခိုင်နှုန်းနှင့် ဒီဇယ်အင်ဂျင်မှ ၁၀ ရာခိုင်နှုန်းဖြင့် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၃၅၀နှုန်း ဖြင့် အောက်ကျောက်ဝပ်ကျေးရွာရှိ အိမ်ခြေ ၃၀၀ ခန့်ကို လျှပ်စစ်မီး ဖြန့်ဖြူးနေသည်။
ညနေ ၆ နာရီခန့်မှ ည ၈ နာရီအထိ ဒီဇယ်စက်များဖြင့် မီးပေးပြီး ကျန်သည့်အချိန်များတွင် ဆိုလာစနစ်ဖြင့် ပေးသည်။

Dawei Unity ကုမ္ပဏီကို လျှပ်စစ်ကျွမ်းကျင်သူများနှင့် စိတ်ပါ ဝင်စားသူများ ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် အထက်ပါစနစ်ဖြင့် လျှပ်စစ်စတင်ဖြန့်ဖြူး ပေးနေခြင်း ဖြစ်သည်။

ကုမ္ပဏီက ဆိုလာပြား ၁၈၀ နှင့် လျှပ်စစ်သိုလှောင်မည့် ဘက်ထရီ ၂၄၀ လုံး အသုံးပြုထားပြီး ဆိုလာပြား၊ စက်၊ ဘက်ထရီ၊ လျှပ်စစ်ကြိုး စသည့် စက်ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သိန်း ၂၅၀၀ ခန့်ရှိသည်။ နေအိမ်များတွင် အွန်လိုင်းမှ မီတာဘေလ်ပေးချေနိုင် သည့် စမတ်မီတာတပ်ဆင်ထားပြီး အနီးဝန်းကျင်ရှိ ညောပြင်ကျေးရွာ သို့လည်း တိုးချဲ့ဖြန့်ဖြူးရန် ပြင်ဆင်နေသည်။

လျှပ်စစ်ငတ်နေသော တနင်္သာရီတိုင်းဒေသကြီးတွင် စွန့်စားလုပ် ကိုင်ရဲသော လုပ်ငန်းများ ရှားပါးချိန်တွင် ကမ္ဘာကြီး၏ လိုအပ်ချက် လည်းဖြစ်သော ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုကာ Dawei Unity ကုမ္ပဏီကို (သက်တမ်းတစ်လကျော်သာ ရှိသေးသော်ငြားလည်း) ယခုနှစ်အတွက် စွန့်စားရဲပြီး အများအကျိုးပြုသော စီးပွားရေး လုပ်ငန်း အဖြစ် မှတ်တမ်းတင် ရွေးချယ်လိုက် ပါသည်။

ပါချန်သူရဲကောင်း

ယခုနှစ်ပိုင်းအတွင်း ပါချန်မြစ်မှာ လူထုမျက်မှောက်တွင် သတိထားမိစရာ ဖြစ်လာသည်။ အစိုးရဌာနတို့အားပြု ဝန်ဆောင်မှုပေးရာနေရာ ဖြစ်လာသည်။ ခေတ်အဆက်ဆက်လျစ်လျူရှုခံ ထားရသည့်ပါချန်မြစ်ကမ်းရွာများ၏လမ်းပန်းဆက်သွယ်ရေးကိစ္စတွင်လည်းအစိုးရဌာနတို့က တစ်တပ် တစ်အားလုပ်ဆောင်လာသည်။

မြေယာပိုင်ဆိုင်မှုအထောက်အထားများရရှိရေး၊ အစုအဖွဲ့ပိုင်ဒီရေတောဖွဲ့ခွင့်များရရန် အကျိုးဆောင်လာကြသည်။ ပါချန်မြစ်ကမ်းရွာတို့၏အမှိုက်ကိစ္စတွင် ပူးပေါင်းလာကြသည်။

ထိုသို့ ပါချန်ကိုလူအများစိတ်ဝင်စားစေရန် ကော့သောင်းဒေသခံ အချို့က စည်ရုံးလှုံ့ဆော်ခဲ့သည်။ ထိုဒေသခံ အချို့အနက် ထင်ရှားသူ တစ်ဦးမှာ ကော့သောင်းသားဆံရှည်ကိုယ်တော်တစ်ဦး ဖြစ်သည်။ သူ့အမည်ရင်းက မျိုးဇော်ဦး။ သို့သော် ရွှေဖန်ဟုသာ လူသိများသည်။ ပါချန်နှင့် ရွှေဖန်ခွဲမရပါ။ သူသည်၂၀၁၄ခုနှစ်ကတည်းက ပါချန်အရေး စလှုပ်ရှားခဲ့သည်။

၂၀၁၄က ပါချန်မြစ်ဖျားပိုင်း အေးမြသာယာရွာသို့ကိစ္စတစ်ခုဖြင့် သူရောက်သွားသည်။ ကလေးတို့ မြစ်ဟိုကမ်းသည်ဘက်ကမ်း ပြေးနေ သည်ကို သူတွေ့သည်။ ပါချန်ကို သည်အတိုင်းထားပါက မြစ်ကောသွားမည်ကို သူစိုးရိမ်လာသည်။ ထိုကြောင့် နိုင်ငံ့အရေး၊ ပတ်ဝန်းကျင် အရေးတက်ကြွ လှုပ်ရှားသူများကို သူလှုံ့ဆော်သည်။

၂၀၁၆ ခုနှစ်တွင်ပါချန်မြစ်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့သောအခါ သူကအတွင်းရေးမှူးတာဝန်ယူသည်။ ပါချန်အတွင်းရွာများကိုအဖွဲ့လိုက် ဆင်းကာ စည်းရုံးသည်။ အစုအဖွဲ့ပိုင်ဒီရေတော ထောင်နိုင်ရေး၊ အမှိုက်ကင်းစင်ရေးတို့တစိုက်မတ်မတ် ဆောင်ရွက်သည်။

ရွှေဖန်နှင့်သူ့မိသားစုက ပြည့်စုံလှသည်မဟုတ်။ သို့သော်ပါချန် နှင့်ပတ်သက်လျှင်သူ့ တွင်”မအားဘူး”ဟု မရှိ။ ၂၀၁၉ခုနှစ်တစ်နှစ်လုံး တွင် ပါချန်နှင့် ရွှေဖန်ကို လူတို့တွဲမြင်ကြသည်။ လူနှင့် မြစ်တသားတည်း ရှိနေခဲ့သည်။ ၂၀၁၉ခုနှစ်အတွင်း ပါချန်မြစ်ကမ်းရွာများ ရုပ်ပိုင်း/ စိတ်ပိုင်း ပိုမိုတိုးတက်လာစေသည်။

ထိုကြောင့်ပင် ရွှေဖန်ကို၂၀၁၉ ခုနှစ် အတွက်ဒေသအရေးလှုပ်ရှားသူ ပါချန်သူရဲကောင်းအဖြစ် တနင်္သာရီအပတ်စဉ်ကရွေးချယ်လိုက်ဖော် ပြလိုက်ပါသည်။

ချို့တဲ့ထူးချွန် ကျောင်းသားများအတွက် မိသားစုပညာရေးကွန်ရက်

ချို့တဲ့ပြီးထူးချွန်သည့် ကျောင်းသားများအတွက် လစဉ်ထောက်ပံ့ ပေးနေသည့် မြိတ်မြို့ရှိ မိသားစုကွန်ရက်ကို ၂၀၁၉ ခုနှစ်၏ လူမှုအကျိုးပြု အစုအဖွဲ့အဖြစ် ရွေးချယ်လိုက်သည်။

အဆိုပါ ကွန်ရက်သည် မြိတ်ခရိုင်အတွင်းနေထိုင်သည့် ချို့တဲ့ ထူးချွန်ကျောင်းသားများအား ကွန်ရက်၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထား သည့် ဦးကောက်ရိုက်မှ နှစ်စဉ်ထည့်ဝင်ငွေ ကျပ်သိန်း ၅၀နှင့် အသင်းသူ အသင်းသား ၁၇၆ ဦး၏ တစ်လ ကျပ်ငါးထောင်စီထည့်ဝင်ငွေများ ပူးပေါင်းကာ ထောက်ပံ့ပေးလျက် ရှိသည်။

ကွက်ရက်စတင်ဖွဲ့စည်းသည့် ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ၃ နှစ်တာ ကာလအတွင်း ဆေးပညာတက္ကသိုလ်၊ ရေကြောင်း၊ ကွန်ပြူတာ၊ နည်းပညာနှင့် အစရှိသည့် တက္ကသိုလ်များတွင် ပညာသင် နေကြသည့် ကျောင်းသူ/သား ၉ ဦးကို ထောက်ပံ့ပေးနေသည်။

ရန်ကုန်နှင့်အထက်ဘက် တက္ကသိုလ်တွင် တက်ရောက်သည့် ကျောင်းသားတစ်ဦးလျှင် တစ်လ ကျပ် ၁ သိန်းနှင့် မော်လမြိုင်၊ ထားဝယ်၊ မြိတ်တို့တွင် တက်ရောက်ပညာသင်နေသည့် ကျောင်းသား အတွက် တစ်ဦးလျှင် တစ်လ ကျပ် ၅ သောင်းနှုန်းဖြင့် ထောက်ပံ့သည်။

အသင်း၏ ရုံးခန်းကို မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ပြည်သာယာလမ်း၊ ဆန်းသီရိတည်းခိုခန်း အနီးတွင် ဖွင့်လှစ်ထားပါသည်။

လက်ဝှေ့မယ် အေးငြိမ်းထူး

လက်ဝှေ့အားကစား ဟုဆိုလိုက်သည်နှင့် အမျိုးသားများကို ဦးစွာပြေးမြင်နိုင်သည်။ သို့သော် ပုလောသူ အေးငြိမ်းထူးကတော့ ထိုအစဉ်အလာကို ချိုးဖောက်လိုက်သည်။ လက်ဝှေ့သမားဟောင်း ဖခင်ဖြစ်သူ၏ ပျိုးထောင်မှုဖြင့် ကြိုးဝိုင်းအတွင်းရောက်လာသည်။

အခြေခံပညာ ကျောင်းသူဘ၀က မည်သည့်အားကစားနည်းကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသော်လည်း ၂၀၁၆ ခုနှစ် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးနောက် မြို့နယ်အဆင့် လက်ဝှေ့ပြိုင်ပွဲများတွင် ဇာတိ ပုလောမြို့နယ် ကိုယ်စားပြုကာ လက်ဝှေ့ခရီးစတင်ခဲ့သည်။

ယင်းနှစ်မှာပင် တိုင်းနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် ပထမဆုံး ရွေးချယ်ခံခဲ့ရပြီး တနင်္သာရီတိုင်းအတွက် ငွေတံဆိပ်ဆုတစ်ခုကို ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သည်။

ယင်းနောက် တိုင်းနှင့်ပြည်နယ် တံခွန်စိုက်ပြိုင်ပွဲကိုလည်း ဖိုးသီးချိုးကလပ် (PTC Club)မှ ဝင်ပြိုင် ခဲ့ပြီး ငွေတံဆိပ်ကို ထပ်မံဆွတ်ခူးခဲ့သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် ဆက်တိုက် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုနှင့်အတူ အမျိုးသမီးအကောင်းဆုံးဆု၊ တံခွန်စိုက်ပြိုင်ပွဲ ရွှေတံဆိပ်ဆုများ ဆွတ်ခူး နိုင်ခဲ့သည်။

ရွှေတံဆိပ် ဆက်တိုက်ရရှိခဲ့သည့် မအေးငြိမ်းထူးသည် ပြိုင်ပွဲ စည်းကမ်းအရ ၂၀၁၉ ခုနှစ်မှာ တနင်္သာရီတိုင်းကို ကိုယ်စားပြုပြီး ပါဝင်ခွင့်မရတော့ဘဲ နိုင်ငံကိုယ်စားပြုပွဲများ စတင်ယှဉ်ပြိုင်ထိုးသတ် နေပြီ ဖြစ်သည်။

သူမ၏ ပထမဆုံး ပြည်ပပြိုင်ပွဲမှာ ထိုင်းဘုရင့်ဖိတ်ခေါ်ပြိုင်ပွဲဖြစ် ပြီး ဆုတံဆိပ် မရရှိခဲ့ပေ။ ယင်းနောက် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးပေး နိုင်ခဲ့သည်။

ဒဂုံတက္ကသိုလ် အဝေးသင် သတ္တဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသူ အသက် ၂၁ အရွယ် မအေးငြိမ်းထူးသည် လက်ရှိတွင် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တွင် လက်ဝှေ့အားကစားကို လေ့ကျင့်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးကို ကိုယ်စားပြုပြီးနောက် နိုင်ငံ့လက်ရွေးစင် ဖြစ်လာပြီး အာဆီယံအဆင့်တွင် ဆုတံဆိပ်ရယူနိုင်ခဲ့သည့် လက်ဝှေ့မယ် အေးငြိမ်းထူးကို ၂၀၁၉ ခုနှစ်တွင် ထူးချွန်စံထားအပ်သော အားကစား သမားအဖြစ် ရွေးချယ်ဖော်ပြလိုက်ပါသည်။

ဒီရေတောတန်ဖိုးသိစေချင်၍ ကမာကောင် စမွေးသူ

ဒီရေတောပင်များအား မီးသွေးဖုတ်လုပ်ငန်းနှင့် အခြားလုပ်ငန်းတို့အတွက် ထုတ်ယူသုံးစွဲမှုများနေသည့် ကျွန်းစုမြို့နယ်အတွင်း ဒေသခံများ ဒီရေတော၏ တန်ဖိုးသိလာစေရန် ရည်ရွယ်ပြီး ကမာကောင် စမွေးသူ ဦးအောင်လင်းစိုးကို ၂၀၁၉ ခုနှစ်၏ လူထုအကျိုးပြု စီးပွား လုပ်ကိုင်သူအဖြစ် ရွေးချယ်လိုက်သည်။

ဈေးကွက်လိုအပ်ချက်အရ ကမာကောင်များအား ဖမ်းဆီးရောင်းချမှု မှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသည်နှင့်အမျှ ကမာကောင်အသေး ပါမကျန် ဖမ်းဆီးမှုများ ရှိလာသည်။

ယင်းအချိန်တွင် ကျွန်းစုမြို့နယ် ပရည်ကျွန်းရွာနေ ကမ်းနီးငါးဖမ်း လှေလုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်လင်းစိုးသည် ၂၀၁၈ ခုနှစ် နှစ်ကုန် ခန့်မှစပြီး ကမာမွေးမြူသည့် နည်းစနစ် နည်းပညာ အဆင်သင့်မရှိသော်လည်း ကမာမျိုးစိတ်တို့အား ဒီရေတောအတွင်းမှ ရှာဖွေကာ ကိုယ်တိုင် စမ်းသပ်မွေးမြူမှု ပြုလုပ်လာသည်။

ဒီရေတောတွေ၏ တန်ဖိုးရှိပုံနှင့် ကမာမွေးအလုပ်ဖြင့် မိသားစုတွင်း တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ကြောင်းကို သိစေချင်သည့် အတွက် ကမာများအား စမ်းသပ်မွေးမြူခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“နည်းပညာနှင့် အရင်းအနှီးမရှိပေမယ့် ဒီရေတောထဲကနေ ဒီလိုမျိုးအားစိုက်ပြီး လုပ်လို့ရတဲ့ဆိုတဲ့ အသိတွေ အများကြီးပေးချင်တယ်” လက်ရှိတွင် ကမာအလုံးရေ တစ်သောင်းကျော်ခန့် မွေးမြူထားသည်။

မွေးမြူရရှိသည့် ကမာများအား ကိုယ်တိုင်စားသောက်သည့်အပြင် ရင်းနှီးရာမိတ်ဆွေများသို့ ပေးကမ်းနေပြီး ဈေးကွက်အတွင်းသို့မူ မရောင်းချသေးပေ။

ကမာကောင်များအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသပ်မွေးမြူနေခဲ့ရာမှ ပြီးခဲ့သည့် လပိုင်းခန့်က မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကမာမွေးမြူရေးနည်းစနစ်တို့ကို လာရောက်သင်ကြားပြသ ပေးခဲ့သည်။

ဦးအောင်လင်းစိုးသည် ကမာမွေးမြူရေးလုပ်ငန်းအပြင်၊ ကကတစ် (ကပေါင်း)၊ ခရုညိုနှင့် မိုင်ဒါးခေါ် ကင်းဖိုကင်းမတို့ကိုလည်း မွေးမြူထားပြီး ရှေ့ဆက်ပြီး လုပ်ငန်းတိုးချဲ့ရန် စီစဉ်ထားသည်။

ထားဝယ်အနုပညာအတွက် နေရာ

ယခင်က ထားဝယ်ဒေသခံ အနုပညာသမားတွေအတွက် စုဝေးတွေ့ဆုံကြရန်၊ အနုပညာကို ဖော်ထုတ်ပြသရန် သီးခြားနေရာ မရှိခဲ့ပေ။

ပန်းချီပြပွဲ လုပ်လိုလျှင် ရန်ကုန်သွားကြရသည်။

အရွယ်စုံသော ဆို၊ က၊ ရေး၊ တီးသမားတို့ကလည်း မိမိတို့ ဖန်တီးသည့်အနုပညာကို ဖော်ထုတ်ရန်က ပွဲလမ်းသဘင် တစ်ခုခုကို မျှော်ကြရသည်။ ယခုအချိန်တွင် ထားဝယ် အနုပညာသမားတို့အတွက် အချိန်မရွေး စုဝေးရန်၊ အနုပညာကို ထုတ်ဖော်ပြသရန် နေရာတစ်ခု ထားဝယ်တွင် ရှိနေပါပြီ။

ထားဝယ်မြို့၊ တလိုင်းထိန်ရပ်တွင် ဖွင့်ထားသည့် Dawei Art Space အနုပညာပြခန်း ဖြစ်သည်။

အနုပညာရပ်ဝန်းတစ်ခု ပေါ်ပေါက်လာစေရေး ရည်ရွယ်ချက်ဖြင့် ထားဝယ်ဒေသခံလူငယ်နှစ်ဦး၊ ထားဝယ်တွင် အလုပ်လုပ်သည့် နိုင်ငံခြားသား နှစ်ဦးတို့ကDawei Art Space ကို စတင်ခဲ့ကြသည်။

သူတို့ လစဉ်ရသည့် လုပ်အားခထဲမှ ငွေထည့်ဝင် ရန်ပုံငွေထူထောင် ပြီး အပေါင်းအသင်း မိတ်ဆွေတို့ထံတွင်လည်း အလှူခံကာ Dawei Art Space ကို ထူထောင်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် Dawei Art Space ၌ ပန်းချီပြပွဲ၊ ဒေသဓလေ့ တေးဂီတဝိုင်းများ၏ ဖျော်ဖြေပွဲလေးများ၊ ရိုးရာစကားဝိုင်းလေးများကို အခါအားလျော်စွာ ကျင်းပလျက်ရှိသည်။

ထားဝယ်အနုပညာသမားတို့အတွက် မိမိတို့အနုပညာကို ထုတ်ဖော် ပြသနိုင်ရေး အခမဲ့ ဝန်ဆောင်မှုပေးနေသည်။ အချိန်တိုတွင်းမှာပင် ထားဝယ်မှ အနုပညာသမားများနှင့် လေ့လာလိုသူများကို ချိတ်ဆက် ပေးနိုင်သော နေရာတစ်ခု ဖြစ်လာသည်။

ထိုကြောင့် ထားဝယ်အနုပညာအတွက် နေရာဖန်တီးပေးသူများ အဖြစ် Dawei Art Space၂၀၁၉ ခုနှစ်အတွက် မှတ်တမ်းပြုသင့်သော လုပ်ငန်းအဖြစ် တနင်္သာရီအပတ်စဉ်က ရွေးချယ် ဖော်ပြလိုက်ပါသည်။

ဖူးဖောင်းဂီး

“ဖူးဖောင်းဂီး” ဟု အတွင်းသိ လူအများက ချစ်စနိုးအခေါ်ခံရသည့် ဖားချောင်းအင်းကျောင်းဆရာတော်သည် စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ အများနှင့်မတူသည့် အတွေးစိတ်ကူးများဖြင့် ပုံဖော်လုပ် ဆောင်လျက်ရှိသူ ဖြစ်သည်။

ဆရာတော်သည် ပန်းခြံ၊ ထိုင်ခုံ၊ အိမ်သာ၊ ကျောင်းဆောင် အစရှိ သည့် နေရာထိုင်ခင်းနေရာများအား အရက်ပုလင်းခွံများ၊ ရေသန့်ဘူးခွံများ၊ ရေသန့်ဘူးအဖုံးများ၊ ဆေးပုံးအဖုံးများနှင့်ဆွဲဆောင်မှုရှိရှိ ပြုလုပ်ခဲ့သူ ဖြစ်သည်။ ထိုကြောင့်ပင် ထားဝယ်စကားဖြင့် ဖူးဖောင်းဂီး (မြန်မာ အခေါ် ဘူးဘုန်းကြီး)ဟု တွင်လာခြင်း ဖြစ်သည်။

ရေဖြူမြို့နယ် ဖားချောင်းအင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လိုက်သည်နှင့် တစ်မူထူးခြားသည့် အသွင်သဏ္ဌာန်များဖြင့် ဆွဲဆောင်နိုင်အောင် ဆရာတော်ဦးဆောင်ပြီး ကျောင်းနေသံဃာများနှင့် ကိုရင်များကိုယ်တိုင် တန်ဆာဆင်ထားခြင်း ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများဖြင့် ကျောင်းတော်အား အလှဆင်ခြင်းကို ဖားချောင်းအင်း ကျောင်းထိုင်ဆရာတော် ဦးပညာဓမ္မက ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည်။

ဖားချောင်းအင်းကျောင်းရှိ သုံးခန်းတွဲအိမ်သာကိုပင် အရက်ပုလင်း ခွံသီးသန့်ဖြင့် ဆောက်လုပ်ထားပြီး ထိုင်ခုံများကိုလည်း စွန့်ပစ်ပုလင်း ပေါင်းများစွာဖြင့် တည်ဆောက်ထားသည်။ အရောင်စုံထိုင်ခုံများ၊ စားပွဲများတွင် ရောင်စုံရေသန့်ဘူးအဖုံးများကို ကြွေပြားကဲ့သို့ ခင်းထားရာ မြင်နေကျမြင်ကွင်း မဟုတ်သည့်အတွက် ဆွဲဆောင်နိုင်လွန်းလှသည်။

ပုလင်းများကို နီးစပ်ရာ ကျေးရွာများတွင် ၎င်းကိုယ်တိုင်အလှူခံခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို ပုလင်းအလုံး တစ်ရာလျှင် ငွေကျပ် နှစ်ထောင်ပေးပြီး ကမ်းခြေတစ်လျှောက် ကောက်ယူစေကာ စုဆောင်း ခဲ့သည်။ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များက ထွက်သည့် အရက် ပုလင်းကဲ့သို့ ဖန်ပုလင်းများ၊ ပလပ်တစ်စတစ်အိတ်များ၊ နှင့်ကော်ဖီမစ် အိတ်အခွံများအထိ အလှူခံနေသည်။

ပလပ်စတစ်အိတ်ကို ကြိုးကျစ်ပြီး သင်္ကန်းလှန်းသည့် ကြိုးအဖြစ် လည်းကောင်း၊ ကော်ဖီမစ်အိတ်ကို ဖျာယက်လုပ်ရာတွင်လည်းကောင်း အသုံးပြုခြင်း ဖြစ်သည်။

ယနေ့ခေတ်ကမ္ဘာကြီးတွင် ပလပ်စတစ် စွန့်ပစ်ပစ္စည်းကိစ္စ ဖြေရှင်း ရန် အကျပ်ရိုက်နေချိန်တွင် ထိုပစ္စည်းများကို စည်းကမ်းမဲ့ မစွန့်ပစ်ဘဲ လူသုံးကုန်ပစ္စည်း၊ အဆောက်အအုံများ ဆောက်လုပ်နိုင်ကြောင်း လက်တွေ့လုပ်ပြနိုင်ခဲ့သော ဦးဆောင် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။

အခြားဒေသများကို လွှမ်းမိုးသက်ရောက်မှု ရှိလာအောင် ဖော်ဆောင် ရာတွင် လိုအပ်ချက်များ ရှိသော်လည်း ကမ္ဘာကြီးတစ်ဝန်းဖြစ်ပွားနေသော ပလပ်စတစ်စွန့်ပစ်ပစ္စည်း ပြဿနာကို တစ်နည်းတစ်ဖုံ ဖြေရှင်းပေးနိုင် အောင် ရှေ့ဆောင်လမ်းပြလုပ်နေသည့် ဖားချောင်းအင်းကျောင်း ဆရာတော်ဦးပညာဓမ္မကို ၂၀၁၉ ခုနှစ်အတွက် ထူးခြားစံထားထိုက်သူ ပုဂ္ဂိုလ်အဖြစ် ရွေးချယ်မှတ်တမ်းတင်လိုက်ပါသည်။

နိုင်ငံလက်ရွေးစင် ဘောလုံးမယ် သန်းသန်းစိုး

အသက် ၁၅ နှစ်အောက် နိုင်ငံလက်ရွေးစင်ဖြစ်ပြီး အာရှချန်ပီယံရှစ် ပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း အသင်းခေါင်းဆောင်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော မသန်းသန်းစိုးကို ၂၀၁၉ ခုနှစ်တွင် ထူးချွန်သော အားကစားမယ်အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါသည်။

လက်ရှိတွင် ရန်ကုန် အားကစားသိပ္ပံတွင် ဘောလုံးအားကစားနည်း ကို သင်ယူလျက်ရှိသော မသန်းသန်းစိုးသည် လောင်းလုံးမြို့နယ် သကျက်တော ကျေးရွာသူဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ရှိပြီဖြစ်သည်။

အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင် ဖြစ်လာသူဖြစ်ပြီး ဩစတေးလျ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့တွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖူးသူ ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲတွင် တနင်္သာရီတိုင်း ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ရန်ကုန်အားကစားသိပ္ပံကျောင်းတက်ရန် မသန်းသန်းစိုးအားခေါ်ယူခဲ့ပြီးနောက် ဩစတေးလျနိုင်ငံတွင် လက်ရွေးစင် အသက် ၁၆ နှစ်အောက်အသင်းနှင့်အတူ လေ့ကျင့်ရေးခြေစမ်းပွဲ သွားရောက် ကစားခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့တွင် ကျင်းပခဲ့သည့် အသက် ၁၆ နှစ်အောက် အာရှချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်ရွေးစင်ကစား သမားအဖြစ် စတင်အရွေးချယ်ခံခဲ့ရပြီးနောက် မေလတွင် ထိုင်းနိုင်ငံ အသက် ၁၅ နှစ်အောက် အာရှချန်ပီယံရှစ်ပြိုင်ပွဲတွင် အသင်းခေါင်း ဆောင်အဖြစ်ပါဝင်ကစားခဲ့သည်။

နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အသက် ၁၅ နှစ်အောက်ပြိုင်ပွဲအတွက် လက်ရွေးစင်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရပြီး ယင်းပြိုင်ပွဲတွင် ဒုတိယဆုကို မြန်မာယူ ၁၅ အသင်းနှင့်အတူ ရရှိခဲ့သည်။

မသန်းသန်းစိုးသည် ယင်းပြိုင်ပွဲတလျှောက် ရှေ့တန်းကစားသမား၊ အလယ်တန်းကစားသမား အဖြစ် ပါဝင်ကစားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အားကစားသိပ္ပံတွင် ဘောလုံးအားကစားကိုသင်ယူရင်း အဋ္ဌမတန်းကို တက်ရောက်ပညာသင်ယူလျက်ရှိသည်။ သက်တမ်း အလိုက် ကစားသမားအဖြစ်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ပါဝင်ကစားရန် မသန်းသန်းစိုးက ရည်မှန်းထားသည်။

AA အော်ဂဲနစ်မြေဆွေး လုပ်ငန်း – အမှိုက်လည်းကင်း၊ စီးပွားလည်းဖြစ်

စလုပ်စဉ်က မိတ်ဆွေများ၏ ရယ်မောလှောင်ပြောင်ခံခဲ့ရဖူးသည်။ ပြီးခဲ့သည့် ၂ နှစ်ခန့်က အနံ့ဆိုးများဖြင့် ကျော်ကြားသော ထားဝယ် အမှိုက်ကန်မှာ ယခုအခါ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဦးထွန်းဝေ အပါအဝင် စုစုပေါင်း ခြောက်ဦး ဦးဆောင်သော AA အော်ဂဲနစ်မြေဆွေးလုပ်ငန်းက အမှိုက်ကန်ကို မတည်ငွေ ကျပ်သိန်း ၂၀၀ ဖြင့် စတင်ရင်းနှီးခဲ့ပြီး ယခုအခါ မြေဆွေးရောင်း မလောက်သည့် အနေအထား အထိ ဖြစ်လာပြီဖြစ်သည်။ အင်တာနက်တွင် နည်းပညာများ စူးစမ်းရှာဖွေကာ စမ်းသပ်ထုတ်လုပ်သည်။

ထားဝယ်အမှိုက်ကန်သို့ရောက်လာသော အမှိုက်များကို အမျိုးအစား ခွဲကာ ဟင်းသီးဟင်းရွက်နှင့် ထမင်းအကြွင်းအကျန် အမှိုက်များကို လွှစာမှုန့်၊ ဖွဲနု၊ ဖွဲပြာ၊ တင်လဲရည်၊ ဓာတုကင်းလွတ်သည့် (EM) အနံ့ပျောက် ဆေးရည် စသည်တို့ဖြင့် အော်ဂဲနစ်မြေဆွေးဖြစ်ရန် အဆင့်ဆင့်ပြုလုပ်ရသည်။

ယခုအခါ အမှိုက်ကန်တွင် အနံ့ဆိုးထွက်ရှိမှုနည်းပါးသွားပြီး အမှိုက်ကန်မှ တစ်လ အော်ဂဲနစ်မြေဆွေးအိတ် ၁၀၀ ကျော် ထုတ်ပေးနေ ပြီဖြစ်သည်။ သို့သော် ဝယ်သလောက် မထုတ်ပေးနိုင်သေး။ ထိုအပြင် အမြတ်လည်း မထွက်သေး။

အမှိုက်ကန်တွင် အမှိုက်လျှော့ချရန် ရည်ရွယ်သည့်အနေနှင့် အော်ဂဲနစ်မြေဆွေးအပြင် အခြား လုပ်ငန်းများလည်း ရှိသည်။ အမှိုက်ကန်မှ ထွက်သည့် ကော်ဘူး၊ စက္ကူ၊ ပုလင်းစသည့် အမှိုက်ထွက်ပစ္စည်းများကို ရန်ကုန်သို့တင်ပို့ရောင်းချနေရသည်။

အော်ဂဲနစ်ထုတ်ရန် နည်းပညာလိုအပ်ပါက ပံ့ပိုးပေးမည်ဖြစ်ပြီး ထားဝယ်တွင် အော်ဂဲနစ်သီးနှံ ဈေးကွက်ဖြစ်လာရန် ရည်ရွယ်ထားကြောင်း AA မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်လေးက ဆိုသည်။ ယခုနှစ် နှောင်းပိုင်း က ဦးထွန်းဝေ ဆုံးပါးသွားသော်လည်း ကျန်ရှိသည့် အဖွဲ့ဝင်များ၏ အားဖြင့် အဖွဲ့ကို ရှေ့ဆက်နေဆဲ ဖြစ်သည်။

ယခုတော့ ထားဝယ်အမှိုက်ကန်နှင့် အနံ့ဆိုးမှာ ကွဲကွာသွားသလောက် နီးနီး ဖြစ်သွားပြီ ဖြစ်သည်။

ထိုကြောင့် အခြားသူတပါးမလုပ်နိုင်သော၊ မလုပ်လိုသော အလုပ်တစ်ခု စွန့်ဦးတီထွင်ပြီး လုပ်ကိုင်သော၊ ထားဝယ်မြို့သန့်ရှင်းကြောင်း နာမည်ကျော်ရာတွင် တစ်နည်းတစ်လမ်းအားဖြင့် အားဖြည့်ပေးနေသော အမှိုက်ကန်စီမံသည့်AA အဖွဲ့ကို ၂၀၁၉ ခုနှစ်အတွက် ထူးခြားစံပြု ထိုက်သော စွန့်းတီထွင်လုပ်ငန်းအဖြစ် ရွေးချယ်ဖော်ပြလိုက်ပါသည်။

တစ်ရက် တစ်ရာစု အနာထပိဏ် လုပ်အားဒါနအဖွဲ့

သာသနာ့ကျောင်းကန်များ၊ စေတီပုထိုးများ၊ စာသင်ကျောင်းများ တွင် သစ်ပင်ချုံနွယ်၊ အမှိုက်ရှင်းခြင်း၊ ရေမြောင်းတူးခြင်းနှင့် ပြုပြင် တည်ဆောက်ရာတွင် လုပ်အားဒါနပြုနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။

အနာထပိဏ် လုပ်အားဒါနအဖွဲ့ကို ထားဝယ်မြို့နေ လူငယ် ၁၃ဦး ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် လုပ်အားဒါနပြုနေသည်။

လက်ရှိတွင် အဖွဲ့ဝင် ၁၂၀ ဦးရှိပြီး အဖွဲ့ပိုင် ကျောပိုးမြက်ဖြတ်စက် ၇ လုံး၊ ချိန်းဆော(လွှဖြတ်စက်) ၂ လုံး၊ ပေါက်တူး၊ ဂေါ်ပြားများဖြင့် ဝါပကာလတွင် အပတ်စဉ် တနင်္ဂနွေနေ့၊ ဝါတွင်းကာလ၌ ဥပုသ်နေ့ တိုင်း သန့်ရှင်းရေးလုပ်အားဒါနပြုလျက် ရှိသည်။

လုပ်အားဒါနပြုရာတွင် သုံးစွဲမည့် ငွေကြေးအတွက် အဖွဲ့ဝင်တစ်ဦးလျှင် စုဘူးတစ်လုံးနှုန်းယူရပြီး တစ်ရက်လျှင် တစ်ရာကျပ် ထည့်ဝင်စေ သည့်စနစ်ကို ကျင့်သုံးသည်။

လုပ်အားဒါနပြုမည့်နေရာကို အဖွဲ့အနေဖြင့် ချိတ်ဆက်ဆောင်ရွက်သကဲ့သို့ လိုအပ်ပါက အဖွဲ့ထံ ချိတ်ဆက် နိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် သန့်ရှင်းရေးအတွက် ဖွဲ့စည်းဆောင်ရွက်လာသော အဖွဲ့အမျိုးမျိုးရှိပါသည်။ အချို့အဖွဲ့များမှာ အစိုးရ၏စည်ပင် သာယာရေး မူဝါဒကိုပင် လွှမ်းမိုးစည်းရုံးနိုင်သော အဖွဲ့များ ရှိသည်။ သို့သော် ယခုအဖွဲ့မှာ ၆ နှစ်ကျော်ကြာ စဉ်ဆက်မပြတ်လုပ်ဆောင်လာခဲ့ သောကြောင့် ၂၀၁၉ ခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း စံထားအပ်သော အဖွဲ့အဖြစ် အနာထပိဏ်အဖွဲ့ကို ရွေးချယ်လိုက်ရခြင်း ဖြစ်ပါသည်။

Dawei Watch