တနင်္သာရီတိုင်းအစိုးရက ကုမ္ပဏီ ၅ ခု အမည်ပျက်စာရင်းသွင်း

0
1483

ယခုနှစ်အတွင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရက ချထားပေးသည့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီ ၅ ခုကို တိုင်းအစိုးရက အမည်ပျက် (Black List) စာရင်း သွင်းလိုက်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တင်ဒါ အောင်မြင်ပြီးမှ တည်ဆောက်ရေးလုပ်ငန်း မလုပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် အစိုးရနှင့်ဌာနကို မဟုတ်မမှန် တိုင်ကြားသည့် လျှပ်စစ်ထုတ်လုပ် ဖြန့် ချိရေးကုမ္ပဏီနှစ်ခုကို အမည်ပျက် (Black List) စာရင်း သွင်းလိုက်ကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောသည်။

တိုင်းအစိုးရက အမည်ပျက်စာရင်း သွင်းလိုက်သောကြောင့် ယင်းကုမ္ပဏီတို့ ဖျက်သိမ်းလိုက်ရမည် မဟုတ်သော်လည်း တိုင်းအစိုးရက လုပ်ငန်းများ တင်ဒါချ ပေးတော့မည်မဟုတ်ဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“နောက်လာမယ့် တင်ဒါပွဲတွေမှာ တင်ဒါဆွဲခွင့် မရတော့ဘူးပေါ့။ အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အဲဒီ (အမည်ပျက်စာရင်းအသွင်းခံရတဲ့) ကုမ္ပဏီတွေကို တင်ဒါချ မပေးတော့ ဘူးပေါ့”ဟု ဦးအောင်သူရက ပြောသည်။

အမည်ပျက်(Black List)စာရင်း သွင်းခံရသည့်ကုမ္ပဏီတို့၏ အမည်စာရင်း ကိုမူ ဦးအောင်သူရက ထုတ်မပြောပေ။

အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် လုပ်ငန်းများကို အချိန်မီ မပြီးစီး ခြင်းနှင့် သတ်မှတ်အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉(မီနီ ဘတ်ဂျက်)အထိ လေးနှစ်နီးပါး ကာလအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၃ ခုကို တိုင်းအစိုးရက အမည်ပျက်စာရင်း သွင်းခဲ့ဖူးသည်။

တင်ဒါအောင်ပြီးမှ လုပ်ငန်းမလုပ် လျှင် ယင်းလုပ်ငန်းအတွက် ချထားသည့် ငွေ ပြည်ထောင်စုသို့ ပြန်အပ်ရသဖြင့် တိုင်းအတွက်ရော လုပ်ငန်းလုပ်မည့် နေရာအတွက်ပါ နစ်နာရသောကြောင့် ၎င်းကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းသည်မှာ တရားသည်ဟု ယူဆကြောင်း ထားဝယ်မြို့ခံ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ပြောသည်။

တိုင်းအစိုးရသည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးပြတ်သည့် အတွက် ငွေကျပ် ၂ ဘီလီယံခန့် ပြည်ထောင်စုသို့ ပြန်အပ်ခဲ့ရသည်။

Dawei Watch