မသာထမ်း၊ မသာပိတ် ခရီးသွားရဲပြီလား

0
1094

ခရီးတစ်ခု ထွက်တော့မည်ဆိုလျှင် လူကြီးသူမတို့ လက်ဆင့်ကမ်းခဲ့သည့် အယူအဆများ နားတွင် ကြားယောင် လာတတ်ကြပါသည်။

“လူ ၄ ယောက်ဆို မသာထမ်း၊ ခရီးမထွက်ကောင်းဘူး”

“ယောက်ျား ၄ ယောက်၊ မိန်းကလေး တစ်ယောက်ဆိုလည်း မသာထမ်းပဲ။ ခရီးအတူ မထွက်သင့်ဘူး”

“ယောက်ျား ၁ ယောက်၊ မိန်းကလေး ၄ ယောက်ဆိုလည်း မသာထမ်းပဲ”

ထိုအယူအဆများသည် မည်သည့် ကျမ်းဂန်ထဲတွင်မျှ မပါရှိပါ။ သို့သော် လူကြီးသူမတို့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သည့် ခရီးသွားရာတွင် သတိထားရှောင်ရှားရမည့် အချက်များ အဖြစ် ယခုထိ လက်ကိုင်ထားနေကြဆဲ ဖြစ်ပါသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာမှ အသက် ၄၆ နှစ်ရှိ ဒေါ်ပြည်စန်း သည်လည်း မသာထမ်း အခြေအနေမျိုး ခရီးမသွားဖူးကြောင်း ပြောပါသည်။

“လေးယောက်စုံတော့ မသွားကြဘူး။ အလောင်းထမ်း ခရီးသွားတာက အလုပ်ကိစ္စ ခရီးသွားရမယ့် ကိစ္စတွေမှာ မလုပ်ကြဘူး။ ရှောင်ကြတယ်။ ကိုယ်တိုင်တော့ အဲလို လေးယောက်လိုမျိုး မသွားဖူး ဘူး”ဟု ဒေါ်ပြည်စန်းက ပြောသည်။

ယင်းသို့ လူအရေအတွက်အရ မသာထမ်းဆိုက ခရီးမသွားသကဲ့သို့ ရွာထဲ အသုဘရှိကလည်း ခရီးမသွားတတ် ကြပါ။

ခရီးသွားရန် မည်မျှပင် ပြင်ဆင် ထားပါစေ။ အသုဘရှိက ခရီးစဉ် ဖျက်လိုက် ကြတော့သည်။ ရက်ရွှေ့လိုက်ကြတော့ သည်။ အသုဘချပြီးမှ ခရီးထွက်ကြတော့သည်။

“ရွာတွေမှာကတော့ အသုဘရှိရင် မသာပိတ်ရက်ဆိုပြီး ခရီးမသွားကြတော့ဘူး။ မြို့ပေါ်မှာကတော့ ဒါတွေအယူသိပ် မရှိကြတော့ဘူး သွားနေကြတာပဲ”ဟု မြိတ်တောင်ရပ်ကွက်နေ အသက် ၅၂ နှစ်ရှိသူ ဒေါ်ကြူကြူလွင်က ပြောသည်။

မသာပိတ် ခရီးမထွက်သည့်အယူ အဆက မြို့ပေါ်နေသူ အချို့တွင်လည်း ရှိပါသည်။

ထိုထဲတွင် မြိတ်မြို့သစ်ရပ်နေ မမိုးမိုးတို့ မိသားစုလည်း အပါအဝင် ဖြစ်ပါသည်။

“ကျွန်မပြီးခဲ့တဲ့ အပတ်ကခရီးသွား ဖို့လုပ်တော့ အိမ်လမ်းမှာ အသုဘရှိနေ တယ်။ အဲဒါအမေက ပေးမသွားဘူး”ဟု အသက် ၃၀ နှစ်အရွယ် မမိုးမိုးက ပြောပါသည်။

ရွာထဲ အသုဘအိမ်ရှိပါက ငါးဖမ်း လှေ၊ ကုန်တင်လှေ၊ ရပ်ဝေးသွားမည့် ကုန်ကား၊ ဘုရားဖူးကားတို့လည်း မထွက် တော့ပါ။

သို့ကြောင့် ကိုယ်ခရီးသွားခါနီး၊ လှေ/ကားထွက်ခါနီးတွင် ရွာထဲတစ်ယောက်ယောက် သေဆုံးတော့ဆဲဆဲ အခြေအနေမျိုးရှိပါက ရွာထဲမှ တက်သုတ်ရိုက် ထွက်ခွာတတ်ကြပါသည်။

မသာပိတ်၊ မသာထမ်းအပြင် ခရီးသွားရာတွင် ရှောင်ကြသည်မှာ တစ်အိမ်တည်းမှ ရေလမ်းတစ်ဦး၊ ကုန်းလမ်း တစ်ဦး တစ်ရက်တည်း ခရီးမထွက်ကြပါ။

“ခရီးသွားတယ်ဆိုလည်း ရေလမ်းက တစ်ယောက်၊ ကုန်းလမ်းကတစ်ယောက် တစ်ရက်တည်း မသွားကြဘူး။ အဲဒါတွေ ကို အရင်ကလူတွေကတော့ ယုံကြည် ကြတယ်လေ။ ခုခေတ်လူငယ်တွေက တော့ အယုံအကြည် သိပ်ပြီး မရှိကြတော့ဘူး”ဟု ညောင်ဇင်ကျေးရွာသူ ဒေါ်ပြည်စန်းက ပြောသည်။

ယင်းသို့ အယူအဆ ရှိသူတို့က အထက်ပါ အခင်းအကျင်းမျိုးတွင် ခရီး ထွက်က ခိုက်တတ်သည်၊ ဘေးတွေ့တတ် သည်၊ လုပ်ငန်းမအောင်မမြင် ဖြစ်တတ် သည်ဟု ဖြေဆိုကြပါသည်။

ထားဝယ်မြို့ ဥဿရံရပ်ကွက်နေ အသက် ၇၈ နှစ်အရွယ် ဦးဖေချစ် သည်လည်း အထက်ပါ အယူအဆများကို မည်သည့်စာပေအထောက်အထားတွင်မျှ မတွေ့ဖူးသော်လည်း လက်ခံကျင့်သုံး ကြောင်း ပြောပါသည်။

“မကောင်းတဲ့အရာတွေ တွေ့တတ် တယ်။ အသုဘပိတ်တယ်ဆိုရင် မကောင်း ဘူးလေ။ အဲတာကြောင့် လူကြီးသူမတွေ က အဲဒီရက်တွေကို (ခရီး) မသွားဖို့ ပြောကြတယ်။ ဘေးဖြစ်တတ်တယ်။ ကုသိုလ်ကံမကောင်းရင်တော့ ဘေးဆိုး၊ ကံဆိုး ကြုံရတတ်တယ်”ဟု ဦးဖေချစ်က ပြောသည်။

ဦးဖေချစ်ကိုယ်တိုင်တော့ ထိုသို့ အယူအဆ မရှိပေ။ ခရီးထွက်၍ တစ်စုံ တစ်ယောက်က တစ်စုံတစ်ရာ ဘေးတွေ့ခဲ့ သည်မျိုး မကြားဖူးခဲ့ပါ။

“စာပေအထောက်အထားနဲ့တော့ ရေးထားတာ မတွေ့ရဘူးပေါ့လေ။ အန္တရာယ် ဖြစ်တတ်တာပဲ ကြားဖူးတယ်။ ကိုယ်တိုင် တော့ မကြုံဖူးဘူး။ မိဘတွေကလည်း အဲဒီနေ့တွေဆို မသွားနဲ့ တားထားတော့ မသွားဘူးလေ။ ရှောင်ပြီးနေလိုက်တာ ပေါ့။ ဘာဖြစ်လို့ ရှောင်နေလိုက်တာလဲ ဆိုတော့ ဘေးဖြစ်မဖြစ်ဆိုတာ မပြောနိုင် ဘူးလေ။ လူ့ကံကို ကြိုမြင်နိုင်တာလဲ မဟုတ်တာ”ဟု ဦးဖေချစ်က ပြောပါသည်။

တစ်ချိန်ကဆိုလျှင် ပြဿဒါးနေ့တွင် ပင် ခရီးသွားခြင်း၊ လှေ၊ ကားထွက် ခြင်းကို ရှောင်ခဲ့ကြဖူးပါသည်။

ယခုခေတ် လူငယ်ကြားတွင်တော့ ငါလို မ/ကျား ပြဿဒါး မရှိ။

လောင်းလုံးမြို့နယ် ဂေါ့အင်းကျေး ရွာနေ အသက် ၃၁ နှစ်အရွယ် မသက်သက် အေးတို့ သူငယ်ချင်း တစ်သိုက်သည် လည်း ပြဿဒါးရက် မကြည့်တော့။ ခရီးထွက်ကြမည်ဆိုက လက်ကိုင်ဖုန်းရှိ ပြက္ခဒိန်ကိုသာ ကြည့်ပြီး အားလုံးအဆင် ပြေသည့်ရက်ကို ရွေးကြတော့သည်။

“ရက်ရာဇာလား၊ ပြဿဒါးလား ဆိုတာ မကြည့်တော့ဘူး။ သွားမယ်ဆို ရင် ဖုန်းထဲမှာပဲ ဘယ်နေ့၊ ဘက်ရက် ကြည့်ကြတော့တယ်လေ။ ပြက္ခဒိန်မှာမှ ရက်ရာဇာ၊ ပြဿဒါး ရေးထားတာ။ ဖုန်းထဲ မှာက ပါမှ မပါပဲကို”ဟု မသက်သက်အေး က ပြောသည်။

လူငယ်အချို့ကမူ မသာပိတ်၊ မသာထမ်း ခရီးသွားခြင်းကိစ္စကိုမူ “ရှေး ထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့”ဟူသည့် ဆိုရိုးကို နှလုံးမူဆဲ ဖြစ်ကြောင်း ပြောကြပါသည်။

“လူကြီးတွေ မမှန်ဘဲနဲ့တော့ ပြော ကြမယ် မထင်ပါဘူး။ ရှေးထုံးမပယ်တာ က ကိုယ့်အတွက် ဘေးအကင်းဆုံးပဲလို့ ထင်တယ်” မြိတ် ဇေယျသီရိရပ်နေ အသက် ၃၉ အရွယ် မအေးသန္တာက ပြောပါသည်။

မြိတ် မြို့သစ်ရပ်နေ မမိုးမိုးကလည်း ယုံခြင်းမယုံခြင်းထက် သူနှင့် သူ့မိသားစု စိတ်ရှင်းရှင်း ဖြစ်ရန်အတွက် မသာပိတ်၊ မသာထမ်း ခရီးသွားခြင်းကို ရှောင်နေကြောင်း ပြောပါသည်။

“လမ်းခရီးမှာ ဒုက္ခတွေ့တတ်တယ် ဆိုတော့ ယုံတာမယုံတာ အပထား၊ လူကြီးတွေ စကားကို နားထောင်လိုက် တော့ သူတို့လည်းစိတ်ချမ်းသာသွား တယ်။ ကိုယ့်စိတ်ထဲမှာလည်း စနိုးစနောင့် မဖြစ်တော့ဘူးပေါ့”ဟု မမိုးမိုးက ပြောပါ သည်။

“မယုံဘူးလို့လည်း အတတ်မပြော ရဲပါဘူး”

တနင်္သာရီသတင်းအဖွဲ့