စကိုင်းနက် စက်လေးမျိုး အခမဲ့ လဲပေးမည်

0
1262

လက်ရှိ စကိုင်းနက် စလောင်းသုံးစွဲ သူများ အသုံးပြုနေဆဲဖြစ်သည့် NL-S3560၊ NL-S3610၊ SN-8218၊ S2-8600 (Set Top Box) စကိုင်းနက် စလောင်းစက် အမျိုးအစားလေးမျိုးကို အရည်အသွေးမြင့် HD စက်များဖြင့် အခမဲ့ အစားထိုး လဲပေးမည် ဖြစ်ကြောင်း ထားဝယ် စကိုင်းနက်အရောင်းပြခန်းထံမှ သိရသည်။

ယင်းစလောင်းစက်များကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန် အထိ လဲလှယ် ပေးမည်ဖြစ်ပြီး သက်တမ်း ရှိနေသေးသည့် စက်များ၊ အသုံးပြုမရ အောင် ပျက်စီးခြင်းမရှိသေး သည့် စက်များကိုသာ လဲလှယ်ပေးမည်ဖြစ်ကြောင်း အထက်ပါအရောင်းပြခန်းမှ စကိုင်းနက် အကျိုးတူကိုယ်စားလှယ်(RSP) ဦးဝင်း ဇော်မြင့်က ပြောသည်။

စကိုင်းနက်၏ နည်းပညာပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်တော့မည် ဖြစ်သောကြောင့် လာမည့် ၂၀၂၀ ခုနှစ် မတ်လမှစပြီး အထက်ဖော်ပြပါ စလောင်စက်လေးမျိုး ကို ကြည့်ရှုရတော့မည် မဟုတ်တော့ သဖြင့် ယင်းကဲ့သို့ လဲလှယ်ပေးခြင်း ဖြစ်ကြောင်း ဦးဝင်းဇော်မြင့် က ပြောသည်။

“ထားဝယ်မှာဆိုရင်တော့ ထားဝယ် ခရိုင်တစ်ခုလုံး ( ထားဝယ်မြို့ဈေးကြီး တောင်ဘက်လမ်းရှိ) ဒီအရောင်းပြခန်းမှာ လာလဲလှယ်ရမယ်။ အဓိကကတော့ ခိုးစလောင်းတွေ(စကိုင်းနက်ကို ခိုးသုံး သူ)ကို ပြန်ထိန်းတဲ့သဘောပေါ့နော်။ ရုံးချုပ်က” ဟု ၎င်းက ဆိုသည်။

စကိုင်းနက်စလောင်းစက်တွင် KHD S-862၊ KHD S-297၊ NL- 3381 စသည်ဖြင့် စက်အမျိုးအစား အမြောက်အမြားရှိရာ ထားဝယ်မြို့ရှိ စကိုင်းနက် အသုံးပြုသူအချို့မှာ ၎င်းတို့ အသုံးပြုနေသည့် စလောင်းစက်နံပါတ်ကို မသိကြပေ။

“လဲပေးတော့မယ်ဆိုတာရော၊ နောက်ဆိုရင်ပေါ့လေ သုံးမရတော့ဘူး ဆိုတာလဲ ကြေညာနေတာ တွေ့တော့ သိနေတယ်။ ဒါပေမယ့် ကိုယ့်အိမ်က စက်က ဘယ်အမျိုးအစားလဲ ကိုယ်တိုင်လဲ မသိဘူးဆိုတော့ သွားလဲရမလား ဘယ်လိုလဲ မသိဘူး”ဟု ထားဝယ်မြို့နေ စကိုင်းနက်အသုံးပြုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အခမဲ့ လဲလှယ်ပေးမည်ဟု ထုတ်ပြန် ထားသော စက်အမျိုးအစားနှင့်နံပါတ်ကို အချို့စလောင်းများတွင် စက်၏အရှေ့ မျက်နှာတွင် ရေးသားထားပြီး အချို့စက်များတွင် စလောင်းဝယ်ယူစဉ်က ပါလာ သည့် ဘူးခွံတွင် ရေးသားထားကြောင်း ဦးဝင်ဇော်မြင့်က ပြောသည်။

အခမဲ့ လဲလှယ်ပေးမည်ဟု ထုတ်ပြန် ထားသော စက်အမျိုးအစားနှင့်နံပါတ်ကို အချို့စလောင်းများတွင် စက်၏အရှေ့ မျက်နှာတွင် ရေးသားထားပြီး အချို့စက်များတွင် စလောင်းဝယ်ယူစဉ်က ပါလာသည့် ဘူးခွံတွင် ရေးသားထားကြောင်း ဦးဝင်ဇော်မြင့်က ပြောသည်။

ကျော်သူစိုး