တစ်နှစ်အတွင်း သစ်မာတန်တစ်သောင်း ထုတ်ယူ

0
685

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း အတွင်းရှိ သစ်တောကြိုးဝိုင်းနှစ်ခုမှ သစ်မာတန်တစ်သောင်း ထုတ်ယူမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း တိုင်း ဒေသကြီး တာဝန်ခံထံမှ သိရသည်။

ထားဝယ်ခရိုင်ရှိ နွားလပို့ကြိုးဝိုင်း တွင် သစ်မာတန်ချိန် နှစ်ထောင်နှင့် မြိတ်ခရိုင်ရှိ သကျက်ကြိုးဝိုင်းတွင် တန်ချိန် ၈၀၀၀ အသီးသီးထုတ်ယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးတာဝန်ခံ ဦးတင်မင်းဦးက ဆိုသည်။

ကညင်၊ ကတွတ်၊ ဥဘန် အစရှိ သည့် သစ်မာမျိုးစုံ ထုတ်ယူမည်ဖြစ်ပြီး သစ်တောဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် သစ်ပင်လုံးပတ်ပြည့်မီသည့် အပင်များကိုသာ စနစ်တကျထုတ်ယူ ကြောင်း ၎င်းက ပြောသည်။

“အခုအခြေအနေက သစ်ခုတ်လို့ ကိုးဆယ်ရာခိုင်နှုန်းပြီးပြီ၊ (သစ်လုံး)ဆင်ဆွဲတာက ငါးဆယ် ရာခိုင်နှုန်း လောက်ဆွဲပြီးပြီ၊ လမ်းဖောက်နေဆဲဖြစ်တယ်”ဟု ဦးတင်မင်းဦးက ဆိုသည်။
ခုတ်ယူသည့်သစ်များအနက် တစ်ဝက်ကို ဒေသတွင် ရောင်းချပြီး တစ်ဝက် ကို ရုံးချုပ်တွင် ရောင်းချကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြိတ်ခရိုင် အတွင်းရှိ ပ၀-ဖိုးမဲကြိုးပြင်ကာကွယ်တောမှ သစ်တန် ၆၈၉၅ တန် ထုတ်ယူခဲ့ပြီး ထားဝယ်ခရိုင်တွင် ထုတ်ယူခြင်း မရှိကြောင်း မြန်မာ့သစ်လုပ်ငန်း၏ အဆို အရ သိရသည်။

Dawei Watch