အဂတိကော်မရှင် တာဝန်ရှိသူနှင့် လေဆိပ်တာဝန်ခံကို စစ်ဆေးခြင်း

0
1482

ယခုတစ်ပတ် ဒေါက်တာလဲ့လဲ့မော်အမှု ရုံးချိန်း ထူးခြားချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၄၁ ကြိမ် မြောက်ရုံးချိန်းကို ဒီဇင်ဘာလ ၁၆ ရက် တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြား ရေးမှူး ဦးသန်းဇော်ဝင်းကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၁၉ အမှုအတွက် ရုံးခေါ် သက်သေအဖြစ် စစ်ဆေးခဲ့သည်။

၎င်းသည် ဒေါက်တာလဲ့လဲ့မော် အပေါ် တိုင်ကြားချက်များနှင့် ပတ်သက် ၍ အဂတိကော်မရှင်၏ စုံစမ်းစစ်ဆေး ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး လက်ရှိတရားစွဲဆိုရာတွင်လည်း တရားလို အနေဖြင့်လည်းကောင်း၊ အမှုစစ်အရာရှိ အနေဖြင့် လည်းကောင်း တာဝန်ယူနေသူ ဖြစ်သည်။

ထို့အပြင် ငွေကျပ်သိန်းလေးထောင် အသုံးပြုကာ ထားဝယ်လေယာဉ်ကွင်းချုံရှင်းခဲ့သည့် အမှုအတွက် လက်ရှိ ထားဝယ်လေဆိပ် တာဝန်ခံ ဦးမြင့်လှိုင်ဦး ကိုလည်း တရားလိုပြသက်သေ အဖြစ် စစ်ဆေးခဲ့သည်။

ယင်းရုံချိန်းအတွင်း ထူးခြားချက် များကို ကောက်နုတ်ဖော်ပြလိုက်သည်။

တိုင်းတရားလွှတ်တော်၏ ရာဇဝတ် ကြီးမှု ၁/၂၀၁၉ အတွက် စစ်ဆေး

၁/၂၀၁၉ အမှုမှာ တိုင်းလမ်းဦးစီး ဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးခဲ့ပြီး အထက်ပါဌာန ညွှန်ကြားရေးမှူးအား ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့သည်ဆိုသည့်အမှု ဖြစ်သည်။

ရုံးခေါ်သက်သေဖြစ်သည့် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၅ /၂၆ အရ တနင်္သာရီ တိုင်း ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာ လဲ့လဲ့မော်အား ဆင့်ခေါ်စာကို တရားရုံးထံ တင်ပြခဲ့သည်။

လက်ရှိအမှုနှင့် ပတ်သက်၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးမျိုးမြင့်က စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်စာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဒေါက်တာလဲ့လဲ့မော် (ဝန်ကြီး ချုပ်ဟောင်း)ထံ ပေးပို့ခဲ့ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ထွက်ဆို သည်။

ထိုနေ့မှာပင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး(ယခုအနားယူ) ဦးကြည်လှိုင်နှင့် စီမံဘဏ္ဍာဝန်ကြီး (ယခုအနားယူ) ဦးဖြိုးဝင်းထွန်းတို့ကိုလည်း စာဖြင့် ဆင့်ဆို ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့တွင်ပင် ဒေါက်တာ လဲ့လဲ့မော်ထံမှ ကိုယ်ရေးမှတ်တမ်းကို တောင်းယူခဲ့ရာ ဒေါက်တာလဲ့လဲ့မော်၏ လက်ရေးဖြင့် ဖြည့်စွက်ကာ နေ့ချင်းပြီး ပေးပို့လာခဲ့ကြောင်း ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က အထက်ပါ နေ့တွင်ပင် ဒေါက်တာလဲ့လဲ့မော်ထံ မေးခွန်းများ ပေးပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုမေးခွန်းများအပေါ် ဒေါက်တာ လဲ့လဲ့မော်က ကိုယ်တိုင်ထွက်ဆိုချက် အဖြစ် ဖြေကြား၍ ဖေဖော်ဝါရီလ ၂၁ ရက် တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ပြန်လည် ပေးပို့ခဲ့သည်ဟု ဦးသန်းဇော်ဝင်းက တရားခွင်အတွင်း ပြောသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၄ ရက် တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေါက်တာ လဲ့လဲ့မော်ထံ မေးခွန်းများ ထပ်မံပေးပို့ ခဲ့ရာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်ကိုယ်တိုင် ဖြေကြား၍ ပြန်လည်ပေးပို့လာကြောင်း ၎င်းက ဆိုသည်။

အထက်ပါ ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် ဖြေကြားပြန်ကြားချက်များနှင့် အခြား စာရွက်စာတမ်းများကို တရားရုံးထံ သက်သေတင်သွင်းခဲ့သည်။

ထားဝယ်လေဆိပ်တာဝန်ခံကို စစ်ဆေး

ငွေကျပ်သိန်းလေးထောင် အသုံးပြု ပြီး ထားဝယ်လေယာဉ်ကွင်း ချုံနွယ် ရှင်းလင်းခဲ့သည့် ၂/၂၀၁၉ အမှုအတွက် တရားလိုပြသက်သေအဖြစ် ထားဝယ် လေဆိပ်တာဝန်ခံ ဦးမြင့်လှိုင်ဦးကို စစ်ဆေးခဲ့သည်။

လေယာဉ်ကွင်းအတွင်းရှိ ချုံနွယ် များရှင်းလင်းရာတွင် ဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း နှစ်စဉ်ဘတ်ဂျက် တောင်းခံ၍ အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်ရှင်းလင်းလေ့ရှိကြောင်း ဦးမြင့်လှိုင်ဦးက တရားခွင်အတွင်း ထွက်ဆိုသည်။

ထားဝယ်လေဆိပ်တွင် ဌာနအစီ အစဉ်ဖြင့် ချုံရှင်းနိုင်ရန် ထွန်စက်၊ နှစ်ဘီးတပ်လက်တွန်း မြက်ဖြတ်စက်၊ ကျောပိုးမြက်ဖြတ်စက် တို့ကို ချပေးထားကြောင်း ၎င်းက ဆိုသည်။

ထားဝယ်လေယာဉ်ကွင်း၏ အကျယ် အဝန်းမှာ ၃၆၄.၆၇၇ ဧကရှိသည်ကို ဌာနရှိ မြေစာရင်းမှတ်တမ်းအရ သိရ သည်ဟု ဦးမြင့်လှိုင်ဦးက ဆိုသည်။

ထားဝယ်လေယာဉ်ကွင်းခြုံရှင်း သည့် လုပ်ငန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ဖြင့် (GRF) ဖြင့် တိုင်းအစိုးရက F 22 ကုမ္ပဏီ ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ၂၀၁၈ ခုနှစ် မေလတွင် ထားဝယ်လေဆိပ်တာဝန်ခံအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းတာဝန်ထမ်းဆောင်နေသည့် ၂၀၁၈ ခုနှစ် ဇွန်လနောက်ဆုံးအပတ်ခန့် တွင် F၂၂ ကုမ္ပဏီမှ ဦးဆန်နီက အလုပ်သမား ၁၀ ဦး ခန့်ဖြင့် ရောက်လာ ပြီး လေဆိပ်အတွင်း ချုံနွယ်ရှင်းရန် ခွင့်တောင်းခဲ့သည်ဟု ဦးမြင့်လှိုင်ဦးက တရားခွင်အတွင်း ပြောသည်။

၎င်းက မေးမြန်းရာ တိုင်းစာရင်းစစ် တွေ့ရှိချက်အရ ရှင်းလင်းခိုင်းကြောင်းပြောဆိုပြီး ယင်းကဲ့သို့ ရှင်းလင်းခြင်း အတွက် ဘတ်ဂျက်ထပ်မံတောင်းခံပေးရန် မလိုကြောင်း ပြောသည့်အတွက် ရှင်းလင်းခွင့်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

F22 ကုမ္ပဏီက အလုပ်သမား များက ကျောပိုးမြက်ဖြတ်စက်များဖြင့် ရက် ၂၀ ခန့် ရှင်းလင်းခဲ့ကြောင်း ဦးမြင့်လှိုင်ဦးက တရားခွင်အတွင်း ထွက်ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူ များ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆို ထားသည်။

အဆိုပါ အမှုလေးမှုအနက် အမှုသုံးခု အတွက် တရားလိုပြသက်သေ အားလုံး ကို စစ်ဆေးပြီးစီးပြီးဖြစ်ကာ ၂/၂၀၁၉ အမှုတွင် တိုင်းအစိုးရအဖွဲ့ အတွင်းရေး မှူးဟောင်း ဦးကောင်းစံဦး တစ်ဦးသာ ကျန်ရှိတော့သည်။

နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၂၇ ရက်ကို ပြန်လည်ချိန်းဆိုထားပြီး ဦးကောင်းစံဦးကို တရားလိုပြသက်သေ အဖြစ် စစ်ဆေးမည်ဖြစ်သည်။

၎င်းကို စစ်ဆေးပြီးပါက စွဲချက် တင်သင့်/မသင့် နှစ်ဖက်အပြီးသတ် လျှောက်လဲရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးတရား လွှတ်တော်ထံမှ သိရသည်။

Dawei Watch