တည်းခိုခန်းအမည် မြန်မာလို မရေးက ထောင်ကျနိုင်

0
1858

တနင်္သာရီတိုင်းအတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ လိုင်စင်ဖြင့် ဖွင့်လှစ် ထားသည့် တည်းခိုခန်းအမည်ကို မြန်မာလိုဖြင့်သာ ရေးသားရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ငွေကျပ်သိန်းနှစ်ရာ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေး ယူတော့မည် ဖြစ်သည်။

လက်ရှိတွင် တည်းခိုခန်းအများစုက ဆိုင်းဘုတ်တွင် အမည်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားဖော်ပြထားပြီး မြန်မာလိုဖြင့် ပြောင်းမရေးပါက အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ဟိုတယ်/ခရီး)ထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးစားပေး ကဏ္ဍများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဆိုထားသော်လည်း တည်းခိုခန်းများကို ထိုသို့ ကြပ်မတ် လာခြင်း ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြ ထားသည့် ဆိုင်းဘုတ်များကို ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ မြန်မာဘာသာဖြင့် ပြင်ဆင်ရေးသားရန် ထားဝယ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့က တည်းခိုခန်းများကို စာဖြင့် အသိပေး ထားသည်။

စည်ပင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်းများကို မြန်မာဘာသာ ဖြင့် ရေးသားဖော်ပြရန် တိုင်းဒေသကြီး ဟိုတယ်/ခရီးဌာနက တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ ညှိနှိုင်းလာသဖြင့် တည်းခိုခန်း ပိုင်ရှင်များကို ထပ်ဆင့်အသိပေးခြင်း ဖြစ်သည်။

ယင်းအသိပေးသည့်စာတွင် တည်းခိုခန်းများ၌ နိုင်ငံခြားသားလာရောက် တည်းခိုပါက လက်မခံရန်လည်း ညွှန်ကြား ထားသည်။

အဆိုပါ တားမြစ်ချက်ကို လိုက်နာ ရန် ပျက်ကွက်ပါက မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေအရ တစ်နှစ်ထက်မပို သည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသည့် ဒဏ်ငွေဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

စည်ပင်သာယာရေးအဖွဲ့က ခွင့်ပြု ထားသည့် တည်းခိုခန်းလိုင်စင်က ပြည်တွင်းခရီးသွားများ အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည့် အတွက် တည်းခိုခန်းအမည်ကို မြန်မာဘာသာဖြင့်သာ ရေးသားဖော်ပြ စေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်/ခရီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းသိန်းက ဆိုသည်။

ဟိုတယ်/ခရီးဌာနမှ ထုတ်ပေးသည့် ဟိုတယ်၊ တည်းခိုရိပ်သာလိုင်စင်မှာ နိုင်ငံခြားသား ခရီးသွားများတည်းခိုနိုင်ရန် ရည်ရွယ်သည့်အတွက် ဆိုင်းဘုတ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးခွင့်ရှိပြီး ရေချိုး ခန်း၊ အိမ်သာနှင့် အခြားအသုံးအဆောင်များ အခန်းတိုင်းတွင် မဖြစ်မနေပါရှိရ ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် တည်းခိုခန်းအချို့၌ နိုင်ငံခြားသားများ တည်းခိုနေသည်ကို သတင်းရသည့်အတွက် ယင်းကဲ့သို့ ကြပ်မတ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးဝင်းသိန်းက ဆိုသည်။

နိုင်ငံခြားသားတည်းခိုနေမှုကို ကြပ်မတ်ရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအဖွဲ့က စိစစ်အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တည်းခိုခန်းတွေမှာ နိုင်ငံခြားသား ခရီးသွားတွေ တည်းနေတာကို ကျွန်တော် တို့က သတင်းရတဲ့အတွက်မို့လို့ပါ”ဟု ဦးဝင်းသိန်းက ဆိုသည်။

ဟိုတယ်အဆင့်သတ်မှတ်ချက် ပြည့်မီသည့် တည်းခိုခန်းများက ဈေးနှုန်း သက်သာသည့် တည်းခိုခန်းလိုင်စင်ဖြင့် လုပ်ဆောင်နေသည့်အတွက် နိုင်ငံတော် အတွက် အခွန်အခ နစ်နာနေသည့်အတွက် ယင်းကဲ့သို့ ကြပ်မတ်သင့်ကြောင်း ထားဝယ်မြို့ပေါ်ရှိ နာမည်ကြီး ဟိုတယ် ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထို့ကဲ့သို့ စိစစ်ကြပ်မတ်သကဲ့သို့ ဟိုတယ်အဆင့်မီသည့် တည်းခိုခန်းများ ကို ဟိုတယ်လိုင်စင်လျှောက်လာစေရန် တွန်းအားပေးစေချင်ကြောင်း ၎င်းက ပြောသည်။

“အဲလိုစာထုတ်ရုံနဲ့တော့ တည်းခို ခန်းတွေက မငှားဘဲနေမှာ မဟုတ်ဘူး။ ဥပဒေကို လိုက်နာစေဖို့အတွက် ကြပ် မတ်တဲ့ အဖွဲ့အစည်းတွေက စနစ်တကျ ကြပ်မတ်ပေးဖို့တော့ လိုတယ်ဗျ”အထက် ပါ ဟိုတယ်ပိုင်ရှင်က ဆိုသည်။

ထားဝယ်မြို့နယ်တွင် စည်ပင် သာယာရေးအဖွဲ့ လိုင်စင်ဖြင့် ဖွင့်လှစ် ထားသည့် တည်းခိုခန်း ၅၆ လုံးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဟိုတယ်လိုင်စင်လျှောက်ထားရာတွင် စက်မှု/ စီးပွားမြေငှားဂရန်ဖြစ်ရ မည်ဆိုသည့် ကန့်သတ်ချက်က အဓိက အတားအဆီး ဖြစ်နေပြီး ယင်းကိစ္စကြောင့် ဟိုတယ်လိုင်စင်လျှောက်ထားမှု က ကြန့်ကြာနေကြောင်း ထားဝယ်မြို့ ပေါ်တွင် စည်ပင်လိုင်စင်ဖြင့် လက်ရှိ တည်းခိုခန်းဖွင့်နေသည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် ဟိုတယ်လိုင်စင်လျှောက် ဘိုးဘွားပိုင် မြေဖြစ်နေလျှင် စက်မှု/စီးပွားဂရန် ပြောင်းရန် မလိုအပ်ဟု သိထားရကြောင်း ၎င်းက ပြောသည်။

“ဟိုတယ်လိုင်စင်လျှောက်ရာမှာ အခြားတိုင်းနဲ့ပြည်နယ်တွေလိုပဲ ဖြစ်စေ ချင်တယ်။ နည်းလမ်းကျကျနဲ့ ပုံစံတစ် ခုဖြစ်စေချင်တာ”ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

တိုင်းအတွင်း ဟိုတယ်ခရီးလိုင်စင် ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ တည်းခို ရိပ်သာ ၄၃ လုံးရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်^ခရီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း တိုင်းအတွင်း သို့ နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြား သားဦးရေ သုံးသိန်းခွဲကျော် ဝင်ရောက်ခဲ့ ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

Dawei Watch