အေးခဲအသားကိစ္စ ပြတ်ပြတ်သားသားကိုင်ပါ

0
601

ထာဝယ်ဒေသ ဈေးကွက်အတွင်း ကျယ်ပြန့်စွာ ရောင်းဝယ်စားသောက်နေ ကြသည့် အေးခဲအသားကိစ္စကို ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ထားဝယ်ဒေသခံ အချို့က လိုလားနေကြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အေးခဲအသားကို တိုင်းအစိုးရက ခွင့်ပြုထားခြင်း မရှိသော်လည်း ဈေးကွက် အတွင်း ရှိနေသည်။ သို့သော် သတင်းပေး တိုင်ကြားပါက ဖမ်းဆီးနေသည့်အတွက် ဒေသခံတစ်နိုင်တစ်ပိုင် ရောင်းချနေသူများသာ နစ်နာဆုံးရှုံးနေရသည်ဟု ဒေါင်းငူ/တံငါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ဆိုသည်။

“အကြံပြုချင်တာက ပိတ်မယ်ဆို လည်းပိတ်။ မပိတ်ဘူးဆိုရင်လည်း စစ်။ တရားဝင်ခွင့်ပြုသင့်တယ်ဆိုရင် ခွင့်ပြုလိုက်”ဟု ဦးစိုးထိုက်က ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အေးခဲအသားများကို ည ၁၂ နာရီဝန်းကျင် တွင် နယ်စပ်မှ ထားဝယ်မြို့ရှိ ကမ်းနားဈေးသို့ ကားများဖြင့် သယ်ဆောင်လာသကဲ့သို့ ထားဝယ်မြို့အတွင်းရှိ နေအိမ်များတွင်လည်း သိုလှောင်ရောင်းဝယ်နေကြကြောင်း ကမ်းနားဈေးတွင် အေးခဲအသားကို လက်လီဝယ်ရောင်းသူတစ်ဦးက ဆိုသည်။

“ဟင်းသီးဟင်းရွက်တွေကို အပေါ်ကဖုံးပြီး သယ်လာကြတာ များတယ်”ဟု အဆိုပါ ဈေးသည်က ပြောသည်။

အေးခဲအသားရောင်းချသူအချို့က ဈေးတွင် ခင်းကျင်းရောင်းချခြင်းမရှိဘဲ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ကို ပို့ဆောင်ရောင်းချနေသည်။

တရားမဝင် အေးခဲအသားများကြောင့် နိုင်ငံတော်အတွက် အခွန်များဆုံးရှုံးရ သကဲ့သို့ တရားဥပဒေစိုးမိုးရေး အားနည်း ခြင်းကို ပြသရာရောက်ကြောင်း ထားဝယ်ခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

“ကြွပ်ကြွပ်အိတ်လေးနဲ့ တစ်ဆွဲတစ်လေ သယ်လာရတာ မဟုတ်ဘူး။ ကားကြီးနဲ့ပဲ သယ်လာရတဲ့ ပစ္စည်းတွေ၊ ဒါက ဘယ်လိုဖြစ်ပြီး အထဲရောက်လာတာ လဲပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ယင်းအေးခဲအသားကို တိုင်းအစိုးရက တင်သွင်းခွင့်ပြုထားခြင်းမရှိသည့် အတွက် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေး ညှိနှိုင်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုက ဆိုသည်။

Dawei Watch