ဗြိုင်ခွီးလိုက်ပွဲ

0
1196

ဗြိုင်ခွီးလိုက်မည့်နေ့ဆိုလျှင် ရွာထဲက ကလေးတွေ အတော်ပင် တက်ကြွနေပါသည်။ အသံကျယ်ကျယ်မြည်နိုင်မည့် ကော် ပုံး၊ သံပုံးတို့ ရှာကြသည်။ ပုံးအကောင်း ဆိုက အိမ်က မပေးသဖြင့် ပေါက်နေ သည့်၊ မသုံးတော့သည့် ပုံးများကို ရှာကြ ရသည်။

ပုံးကို တီးရန် အနေတော် တုတ်တွေ ကြိုရှာ၊ ကြိုဖြတ်တောက် ပြင်ဆင်ထား ကြသည်။

ညနေ နေဝင်ရီတရော ညီအစ်ကို မသိ တသိအချိန် အိမ်ရှေ့တွင် အသင့်။ နားကို စွင့်ကားထားကြသည်။

“တုံ…၊ တုံ…၊ တုံ…”ရွာဦးကျောင်းက အချက်ပေးအုံး မောင်းခေါက်သံ ထွက်ပေါ်လာသည်နှင့် ကလေးတို့ ပြိုင်တူ စတီးကြလေပြီ..။

“ဒုံး ဒုံး ဒုံး၊ တုံး တုံး တုံး…”

“ဒိန်း ဒိန်း ဒိန်း၊ ချမ်း ချမ်း ချမ်း…”

ထွက်လာသည်က အသံစုံ..။ ပုံး၊ ခွက်တို့ကို အားကုန် တီးကြသည်။ တစ်အိမ် မချန်၊ ရွာလုံးကျွတ် တီးကြသည်။ ကလေးမရှိသည့် အိမ်ဆိုလျှင် လူကြီးတို့ တီးကြသည်။

“ဒုံး ဒုံး ဒိန်း ဒိန်း၊ ဒုံး၊ ချမ်း၊ တုံး…”

“တုံး တုံး ဒိန်း ချမ်း ချမ်း…”

ကလေးတို့က အောက်က တီးလျှင်လူကြီးတို့က အိမ်ပေါ်မှ အိမ်နံရံအနှံ့ လိုက်ရိုက်၊ လိုက်ထုကြသည်။

ယင်းသည် ထားဝယ်အခေါ် “ဗြိုင် ခွီးလိုက်ပွဲ”ပင် ဖြစ်ပါသည်။ မြန်မာလို ဆိုက “မိစ္ဆာနှင်ပွဲ”။

အိမ်ပေါ်အိမ်အောက် ခိုကပ်နေနိုင် သည့်၊ ရွာထဲရပ်ထဲရှိနေနိုင်သည့် မိစ္ဆာ မကောင်းဆိုးဝါးများကို ရွာသားများ တပြိုင်နက် လိုက်ထုတ်သည့်ပွဲ ဖြစ်ပါ သည်။

ထိုသို့ မိစ္ဆာနှင်ပွဲ(သို့) ဗြိုင်ခွီးလိုက် ပွဲကို ထားဝယ်ခရိုင်အတွင်း ကျေးရွာအချို့တွင် ပြုလုပ်လာခဲ့သည်မှာ ကြာခဲ့ လေပြီ။ မည်သည့်အချိန်က စသည်ကိုပင် မည်သူမျှ တပ်အပ် မပြောနိုင်တော့။

“လူကြီးသူမတွေ ပြောစကားအရ တော့ ရွာထဲကိုဝင်နေတဲ့ မကောင်းဆိုဝါး တွေကို တစ်နှစ်တစ်ခါ နှင်ထုတ်တယ် ဆိုပြီး ပြောတယ်။ အဲလိုလုပ်လိုက်ရင် မကောင်းဆိုးဝါးတွေ ပြုစားတာတွေ မရှိတော့ဘူးလို့လည်း ပြောတယ်”ဟု လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာနေ အသက် ၆၁ နှစ်ရှိ ဒေါ်ထွေးမြင့်က ပြော သည်။

မိစ္ဆာနှင်ပွဲကို ရွာထဲတွင် ရွာရှင်နတ် ပူဇော်ပွဲ ကျင်းပပြီးနောက် ညနေပိုင်းတွင် ပရိတ်ရွတ်ပွဲ ပြုလုပ်ကြသည်။

ပရိတ်ရွတ်ပွဲ ပြုလုပ်နေကြစဉ်

ပရိတ်ရွတ်ပွဲကို နေခင်းဘက်တွင် ကျင်းပလျှင် အိမ်တိုင်းက အရွက်စုံထိုး ထားသည့် ညောင်ရေအိုး၊ ရေခရား၊ ရေဘူး၊ အပ်ချည်ကြိုး၊ ဆန်ထုပ်ငယ်တို့ဖြင့် ရွာသူရွာသားများက တက်ရောက်ကာ ပရိတ်တရား တရားနာယူကြရသည်။

အိမ်ပြန်ရောက်လျှင် ပရိတ်ညောင် ရေအိုးမှ သစ်ခက်များကို အိမ်ပတ်ထိုး ကြသည်။ ပရိတ်ဆန်စေ့များကို အိမ်ခေါင် မိုးပေါ် ကျဲတင်ကြသည်။ ပရိတ်အပ်ချည် ကြိုးကို အနေတော်ခေါက်ကာ ကလေး လူကြီး လက်တွင် ပတ်ကြသည်၊ လည်တွင် ဆွဲကြသည်။ အိမ်ရော လူပါ အန္တရာယ် ကင်းရန် ဖြစ်သည်။

ပရိတ်ရေကို ဘုရားစင်ပေါ် သိမ်း ထားပြီး လိုအပ်သည့်အခါ (နာမကျန်း ဖြစ်လျှင် သောက်သုံးခြင်း၊ ဖြန်းပက်ခြင်း ပြုနိုင်ရန်) ဘုရားစင်ပေါ် သိမ်းထားကြ သည်။ ညနေဆိုလျှင် ဗြိုင်ခွီးလိုက်ပွဲ စပါပြီ။

ဗြိုင်ခွီးလိုက်ပွဲက တစ်ရက်တည်း မဟုတ်။ ၃ ရက်ဆက်တိုက် လိုက်ကြသည်။ ထားဝယ်တို့ ဗြိုင်ခွီးခေါ် မမြင်နိုင်သည့် ခွေးဆိုးကြီးကဲ့သို့သော မိစ္ဆာကို သံပုံး တီးကာ နှင်ထုတ်နေချိန်တွင် တချို့ ပါးစပ်ဖြစ်လည်း အော်ကြသေးသည်။

“ထွပ်ဂေ့၊ ထွပ်ဂေ့” (ထွက်ကြ၊ ထွက် သွားကြ)

“တုံး တုံး ဒိန်း ချမ်း ချမ်း…”

ယင်းအချိန်တွင် ရွာလမ်းမပေါ် မည်သူမျှ ရှိမနေ။ အားလုံး ကိုယ့်အိမ်ထဲ ကိုယ် နေကြသည်။

လမ်းမပေါ် မနေရဲ။ မိစ္ဆာက ကိုယ့်ကို ကပ်မည်ကို ကြောက်ကြသည်။ မမြင်ရ သည့် မကောင်းဆိုးဝါး ဗြိုင်ခွီးက ကိုယ့် ကို ဝင်တိုက်သွားမည်ကို စိုးကြသည်။

“အဲနေ့ဆို ကောင်းကောင်းမဆော့ရ တော့ဘူး။ အိမ်ကို စောစောပြန်၊ ရေစော စောချိုး၊ ထမင်းစောစောစားပြီး နေရတယ်။ ကလေးဆိုတော့ မကောင်းဆိုးရွား နှင်ထုတ်တယ် ပြောလိုက်တာနဲ့ကို ကြောက် နေပြီလေ။ တစ်ရွာလုံးက သံပုံးတွေနဲ့ တီးတီးပြီးတော့ ထွက်ကေ့ထွက်ကေ့ဆိုပြီး အော်ရင် ပိုကြောက်တာ။ အပြင်ကို မကြည့်ရဲလို့ တံခါးနောက် မှာပုန်းတဲ့ သူပုန်းပဲ။ ကြောက်ကြတာကိုး”ဟု ဒေါ်ထွေးမြင့်က ပြောသည်။

မြိတ်တွင်မူ ထိုသို့သော အလေ့ အထ မရှိသော်လည်း သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင်မူ ပရိတ်ရွတ်၊ ကမ္မဝါညှပ်၊ ဆန်ကို ခေါင်မိုးပေါ်ကြဲကာ မိစ္ဆာတွေကို နှင်ထုတ်ကြသည်ဟု မြိတ် မြို့ မြို့သစ်ရပ်နေ အသက် ၄၅ နှစ်ရှိ ဒေါ်ကေသီက ပြောသည်။

တနင်္သာရီမြို့နယ်တွင်လည်း မြိတ် နည်းတူပင် ဖြစ်ပါသည်။

“နှစ်ဆန်း ၁ ရက် သို့မဟုတ် ၂ ရက် မှာ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တာတွေ လုပ်ပြီး မိစ္ဆာနှင်တာပေါ့၊ တစ်ရွာမှာဆို ၃ နေရာလောက်တော့ လုပ်တယ်”ဟု တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာမှ အသက် ၃၈ နှစ်ရှိ ဒေါ်မာမာစန်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ်ရှိ ဘုတ်ပြင်းသား တွေလည်း မြိတ်၊ တနင်္သာရီနည်းတူပင်။ သို့သော် ဘုတ်ပြင်းရောက် ထားဝယ်သားတို့က ထားဝယ်တွင် ကျင်းပသည့် မိစ္ဆာဆိုး ဗြိုင်ခွီး လိုက်သည့် ညာဉ်က မပျောက်ကြပါ။

“ကျွန်တော်တို့ရွာမှာလည်း နှစ်ဆန်း ၁ ရက်နေ့ဆို ဘုန်းကြီးပင့်ပြီး မိစ္ဆာနှင်တယ်။ ပြီးတော့ ရွာမှာသာရေး နာရေး စီးပွားရေး ကပ်ဆိုက်သလို အခြေအနေ ဖြစ်ရင်လည်း အဲလိုမျိုးလုပ်ကြတယ်။ ရွာမှာနေတဲ့ ထားဝယ်သားတွေဆိုရင် သံပုံးတောင် တီးအော်ဟစ်ပြီး မောင်းထုတ် ကြသေးတယ်ဟု ဘုတ်ပြင်းမြို့နယ်၊ ခမောက်ငယ်ရွာနေ အသက် ၅၂ နှစ်ရှိ ဦးလှသိန်းက ပြောသည်။

ထားဝယ်ဒေသ၏ ကျေးရွာအချို့တွင်ကား ဗြိုင်ခွီးလိုက်ပွဲကို ကလေးရော လူကြီးပါ ပျော်ပျော်ကြီး နွှဲနေကြဆဲ ဖြစ်သည်။

လောင်းလုံးမြို့နယ် ပင်လယ်ပိုင်း ရွာများတွင်မူ လပြည့်လှေဝင် လူစုံချိန် တွင် ရွာနတ်ပူဇော်၊ ပရိတ်တရားနာပြီး သည့် ညနေဆိုလျှင်ကလေးတို့ကအသင့်။

ရွာဦးကျောင်းက တုံးမောင်းခေါက် အချက်ပေးသည်နှင့် ဝိုင်းတီးကြပြီ…။

“အခုခေတ်ကလေးတွေကတော့ ကြောက်လဲမကြောက်ကြဘူး။ အိမ်မှာ မြေးတွေ ငယ်ငယ်လေးရှိသေးတယ်နော်။ အခုမှ သူငယ်တန်းပဲရှိသေးတယ်။ လုံး၀ မကြောက်ဘူး။ သံပုံးတွေ၊ တုတ်တွေနဲ့ လိုက်မယ့် အချိန်ကိုတောင် စောင့်နေ လိုက်သေးတယ်”ဟု လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာနေ ဒေါ်ထွေးမြင့်က ပြောသည်။

“အဲကြောင့်စဉ်းစားမိတယ်။ ငါတို့ ငယ်ငယ်ကနဲ့ ဘာမှမဆိုင်တော့ဘူး”

ကလေးတို့ကား မိစ္ဆာဆိုး ဗြိုင်ခွီးကို ကြောက်ကြောက်နှင့် တီးထုတ်ကြသည်က တစ်ရွာလုံး တဒုံးဒုံး။

“ဒုံး ဒုံး ဒိန်း ဒိန်း၊ ဒုံး၊ ချမ်း၊ တုံး…”

လက်ညောင်းလျှင် ခဏ နားစွင့်။ တစ်ခြားအိမ်မှ တီးဆဲဆိုလျှင် တစ်ခါပြန်တီး။

“တုံး တုံး ဒိန်း ချမ်း ချမ်း…”

ဗြိုင်ခွီး လိုက်ပွဲ နှစ်စဉ် ရှိနေဆဲ။

တနင်္သာရီသတင်းအဖွဲ့