တောင်တွေက ဘာလို့ အရေးကြီးတာလဲ

0
1363

တောင်တွေအကြောင်း သီချင်းတွေ ရေးရတယ်၊ ကဗျာတွေ စပ်ကြတယ်။ တောင်နဲ့ဆက်စပ်တဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်း ပြောကြတယ်။


နောက်ပြီး လူတွေအတွက် ရေနဲ့အစားအသောက်တွေရဖို့ တောင်တွေက အရေးကြီးပါတယ်။ ကမ္ဘာကြီးရဲ့ ၂၂ ရာခိုင်နှုန်းဟာ တောင်တွေဖြစ်ပါတယ်။ တောင်တွေမှာ နေထိုင်တဲ့ လူဦးရေဟာ သန်းတစ်ထောင်လောက်အထိ ရှိပါတယ်။


တောင်တွေကနေ စွမ်းအင်၊ ရေ၊ အစားအသောက်တွေ ရပါတယ်။ ရှေးကျတဲ့ လူမျိုးတွေ တောင်ပေါ်မှာ နေထိုင်ကြပါတယ်။


ပိုအရေးကြီးတာက ရေပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ သောက်သုံးနိုင်တဲ့ ရေချို ၈၀ ရာခိုင်နှုန်းအထိကို တောင်တွေဆီက ရပါတယ်။ တောင်ပေါ်ရေကို ကျေးလက်နေပြည်သူတွေ သာမက မြို့နေလူထုလည်း အကြီးအကျယ် မှီခိုနေရပါတယ်။


ကမ္ဘာ့မြို့ကြီးတွေဖြစ်တဲ့ မဲလ်ဘုန်း၊ နိုင်ရိုဘီ၊ နယူးယောက်၊ ရီယိုဒီဂျေနီးရိုး၊ တိုကျို စတဲ့မြို့ကြီးတွေလည်း တောင်ပေါ်က ရေကို အမှီပြုနေရပါတယ်။ ဒါကြောင့်ပဲ တောင်တွေကို ရေတွေ သိမ်းထားပေးတဲ့ မျှော်စင်ကြီးတွေအဖြစ် တင်စားလေ့ရှိပါတယ်။


တောင်ပြိုရင်လည်း အဲဒီမှာရှိတဲ့ သစ်တော၊ သစ်ပင်တွေ သာမက တောင်ပေါ်နဲ့ တောင်အောက်ပိုင်းမှာ နေထိုင်တဲ့ လူနေအိမ်တွေ၊ မြို့တွေ၊ စိုက်ခင်း၊ ယာခင်းတွေ ပျက်စီးတာ၊ ရေကြီးတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် တောင်တွေကိုထိန်းဖို့ အရေးကြီးပါတယ်။


နောက်ပြီး ကမ္ဘာကြီးဟာ အချင်းချင်း ပိုချိတ်ဆက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်း ပိုတွင်ကျယ်လာပါတယ်။ အပျော်အပါး အတွက် ခရီးသွားကြသလို၊ စူးစမ်း လေ့လာချင်လို့ သွားကြတာလည်း ရှိပါ တယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ သွား သည်ဖြစ်စေ တောင်တက်ခရီးသွား လုပ်ငန်းက တွင်ကျယ်လာပါတယ်။


ကမ္ဘာ့ခရီးသွားဦးရေရဲ့ ၁၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းဟာ တောင်တွေဆီ သွားကြတဲ့ ခရီးသွားတွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ပဒေသာစုံရာ၊ ရှေးဟောင်း အမွေတွေရှိရာ တောင်တွေဆီ အများအားဖြင့် သွားကြလာကြတာပါ။ ဒီနှစ်ပိုင်းမှာ မြန်မာနိုင်ငံမှာ တောင်တက်ခရီးသွား ကြတာလည်း ခေတ်စားလာကြပါတယ်။ အချို့တွေဆိုရင် တောင်တက်ခရီးသွား ရင်းလည်း ဖူးစာဖက်တွေ ဘာတွေ တွေ့တတ်ကြတယ်လေ။ တောင်တက် ခရီးသွားလုပ်ငန်းဟာ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အလားအလာအများကြီးရှိပေမဲ့ တောင်ပေါ်နေ ဒေသခံလူထု တော်တော် များများကတော့ ဆင်းရဲမြဲဆင်းရဲနေ သေးပြီး ခရီးသွားလုပ်ငန်းရဲ့ အကျိုးကို မခံစားရသေးပါဘူး။
တောင်တွေဟာ အစာအဟာ အတွက် အရေးကြီးတဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ထမင်းစားစားပွဲတွေပေါ်က အစားအစာ တော်တော်များများဟာ တောင်ပေါ်နဲ့ မကင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကနေ တစ်ဆင့် ရတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ရာသီဥတုဘေးကြောင့် တောင်ပေါ်မှာ တဖြည်းဖြည်း အစားအစာရှားပါး လာနေပါပြီ။ စိုက်ရပျိုးရ ခက်လာနေပါ ပြီ။


လူငယ်တွေအတွက်လည်း တောင်ပေါ်ဟာ အရေးကြီးပါတယ်။ အားလုံးသိတဲ့အတိုင်း ကျေးလက်တောင်ပေါ်ဘဝဟာ အခြားမြို့ပြတွေလောက် သိပ်ပြီး ချောချောမွေ့မွေ့ မရှိလှပါဘူး။ ဆိုတော့ လူငယ်အချို့ဟာ တောင်ပေါ်ဒေသတွေ ကို စွန့်ခွာနေကြပါတယ်။ ဒါကြောင့် လည်း အလုပ်လုပ်ကိုင်မဲ့သူတွေ ရှားပါး လာပါတယ်။ ဒီလိုနဲ့ စိုက်ပျိုးမြေတွေ ပစ်ထားလိုက်ရတယ်၊ စိုက်ပျိုးမြေတွေ စိုက်လို့ မရတာတွေ ဖြစ်လာတယ်။ တောမီးလောင်တာတွေ များလာတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ရပ်ရွာထဲမှာ အဖိုးတန်ရှေးရိုးဓလေ့တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်တဲ့ မျိုးဆက်သစ်တွေ ရှားပါလာပြီး ယဉ်ကျေးမှုဓလေ့တွေ ပျောက်ဆုံးလာရပါတယ်။
နောက်ထပ် အရေးကြီးတာကတော့ တောင်ပေါ်နေ ဌာနေတိုင်းရင်းသား လူမျိုးစုတွေပါ။

တောင်ပေါ်နေရာတော် တော်များများမှာ ရှေးကျတဲ့ ဌာနေတိုင်း ရင်းသားစုတွေ နေထိုင်ကြပြီး ရှေးဟောင်း အသိဉာဏ်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ ထိန်းသိမ်းထားကြပါတယ်။ နောက်ပြီး သူတို့မှာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို မပျက်ယွင်းစေတဲ့ မြေယာအသုံး ချမှု စနစ်ကိုလည်း အသုံးချနေကြဆဲ ဖြစ်ပါတယ်။ နောက်ပြီး ဥတုဘေးမှာ ဘယ်လို လိုက်လျောညီထွေ တီထွင်ဖန်တီး ပြီးနေထိုင်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ နဲ့ ဗျူဟာတွေကိုလည်း နောက်မျိုးဆက် ကို ကြွယ်ဝစွာ လက်ဆင့်ကမ်းနိုင်သူတွေ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာရှိတဲ့ အရေးကြီးတဲ့ ဇီဝမျိုးစုံမျိုးကွဲ ထက်ဝက်လောက်ဟာ တောင်တွေနဲ့ ဆက်စပ်တည်ရှိနေပါ တယ်။ တောင်ပေါ်မှာ လူဝံ၊ ကျားသစ် လိုမျိုး ရှားပါးသားရဲတိရစ္ဆာန်တွေ နေထိုင်သလို သစ်ခွလိုမျိုးရှားပါး ပန်းတွေလည်း ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စုစုပေါင်း သစ်တော ၂၈ ရာခိုင်နှုန်းဟာလည်း တောင်တွေပေါ်မှာ ရှိပါတယ်။


နောက်ပြီး တောင်တွေဟာ ကိုးကွယ်ယုံကြည်မှုနဲ့လည်း စပ်ဆိုင်ပါတယ်။ မယန်၊ ဂရိနဲ့ ဂျပန်နိုင်ငံတွေမှာ တောင် တွေပေါ်က တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ ဝိညာဉ် တော်ရှင်တွေဟာ ရှေးကတည်းက ယုံကြည်မှုတွေ နှစ်နှစ်ကာကာ ရှိပြီးသား ပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း သာသနိက အဆောက်အအုံတွေ၊ ဗုဒ္ဓဘာသာ စေတီ ပုထိုးတွေ တော်တော်များများကို တောင်ပေါ်၊ ကုန်းပေါ်တွေမှာ တွေ့နိုင်ပါတယ်။

တောင်တွေအကြောင်း ဆိုရိုးများ

တောင်ပေါ်သူတစ်ယောက်ကို လက်ထပ်လိုက်ပါ။
တစ်တောင်လုံးနဲ့ ထိမ်းမြားလိုက်ရသလိုပါပဲ။

                အိုင်းရစ် ဆိုရိုး 

တောင်တွေတိုင်းရဲ့ အနောက်မှာ
ချိုင့်ဝှမ်းရှိတယ်။

                ဒတ်ချ်ဆိုရိုး 

ရေသောက်တဲ့ အချိန်တိုင်း တောင်စိမ့်စမ်းဘယ်က
လာလဲဆိုတာ သတိရပါ။

                တရုတ်ဆိုရိုး 


ကိုးကား-
https://www.ecowatch.com/international-mountain-day- 2018-2623054039.html
https://www.weforum.org/agenda/2019/04/why-mountains-matter-more-than-you-think/
https://www.un.org/en/observances/mountain-day