မြန်မာပြည်နိုင်ငံတကာတရားရုံးရောက်ခြင်းအတွက် သင်ခန်းစာ

0
993
ICJ_DaweiWatch

တကယ်တော့ သည်ပွဲက ကျွန်တော်တို့တတေ ွမပြိုင်မီက ရှုံးနှင့်ပြီး ဖြစ်သည်။ တရားမစွဲမီကပင် ကျွန်တော်တို့တတွေ ရှုံးနှင့်ပြီးသား ဖြစ်သွားသည်။


ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သော မြန်မာပြည်မှ စာရေးဆရာတစ်ဦး၏ စကားကို ကိုးကားလိုပါသည်။


“ကျွန်တော်တို့ နိုင်ငံသားတွေက အရင်ကဆိုရင် အာဏာရှင်ကို နည်းပေါင်းစုံ နဲ့ ခုခံတော်လှန်တဲ့ လူတွေအဖြစ် ဂုဏ်ရှိပါတယ်။ အခုတော့ ကိုယ်နဲ့ မတူတဲ့ လူ အုပ်စုတွေကို အမုန်းတရားထားတဲ့၊ သေကျေ ဖျက်ဆီးလိုတဲ့ လူတွေအဖြစ် ကမ္ဘာ့အလယ် မှာ မျက်နှာငယ်နေရပါပြီ”
ပြီးခဲ့လက ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ခြင်းဖြစ်သည်။


ကျွန်တော်ဖြတ်သန်းခဲ့သော အလုပ် ဘဝတစ်လျှောက်တွင် ထိုနည်းတူကြုံခဲ့ရသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သည် ဖြတ်သန်းခဲ့သော မျိုးဆက်အတွက် ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ဖြစ် သည်။ ရှေ့တန်းက ဆန္ဒပြကြွေးကြော်ခြင်း မလုပ်ခဲ့သော်လည်း သတင်းစာသမားတစ်ယောက် လုပ်ရမည့်အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့သည်။ ထိုခေတ်က ကိုယ်လုပ်သည်ဆိုသော ကြွေးကြော်ကြေညာ၍ရသော ခေတ်မဟုတ်သဖြင့် ကိုယ်တွေ လုပ်သည်ဟု လူအများသိသော ကိစ္စလည်း မဟုတ်ခဲ့ပါ။ အများသိအောင် ပြော၍ရ လည်း မပြောချင်လှပါ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရန်ကုန်မြို့လယ် လမ်းကျဉ်းလေးတစ်ခုရှိ အင်တာနက် ကဖေးဆိုင်လေးကို အခြေပြုရင်း တိတ်တဆိတ် ကိုင်လှုပ်ခဲ့သော ကိစ္စလေးမျှသာ ဖြစ်ပါသည်။


နာမည်ကျော် ကမ္ဘာ့သတင်းမီဒီယာ အချို့အပါအဝင် ပြည်ပရောက် မြန်မာ သတင်းမီဒီယာအချို့တွင် ထိုကိစ္စကို တော်တော်ပြန်ပြောင်း ပြောကြသဖြင့် ကိုယ်တွေလက်တံ မည်မျှအထိရောက် သွားသည်ကိုတော့ မှန်းဆမိသည်။


ထိုစဉ်က မြန်မာနိုင်ငံသားတွေသည် ဂုဏ်ယူစရာလူထု ဖြစ်ခဲ့သည်။ အာဏာရှင် ကို ဆန့်ကျင်တော်လှန်သော သတ္တိရှိသော လူထု၊ မတရားမှုကို အာခံတော်လှန်ရဲသော လူထုအဖြစ် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။


၂၀၁၀ ရွေးကောက်ပွဲအပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ပိုဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံသည် ကမ္ဘာ့မီဒီယာစင်မြင့်ပေါ်တွင် ကောင်းသတင်းများဖြင့် ပိုနေရာရလာ သည်။


နှိပ်စက်တတ်သော အာဏာရှင် အစိုးရ အကြောင်း နှစ်ပေါင်းများစွာ ပါခဲ့သော ကမ္ဘာ့မီဒီယာများပေါ်တွင် မြန်မာလူထု၏ ဒီမိုကရေစီအရေး တွန်းလှန်မှု၊ ဒီမို ကရက်တစ် ပြည်ထောင်စုနိုင်ငံတစ်ခု ထူထောင်ရေး လူထုမျှော်လင့်ချက်တို့ ပိုမို အသားပေး ဖော်ပြလာသည်။ စီးပွားရေး ပွင့်လန်းလာမှု၊ ခရီးသွားလမ်းပန်း ပွင့်လန်းလာမှုတို့အကြောင်း အလေးပေး ရိုက်ကူးထုတ်လွှင့် လာကြသည်။


အချို့သော အာဆီယံနိုင်ငံများတွင် ဒီမိုကရေစီယုတ်လျော့လာချိန်တွင် မြန်မာ နိုင်ငံမှာ မျက်နှာအတန်အသင့် ပွင့်လန်း သောနိုင်ငံ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရလိုက်သောအခါ မြန်မာပြည်ဟာ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့်လည်း လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွား ပြီဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ အာဏာရှင် အမှောင်ခေတ်မှ လွတ်မြောက်ရာ လမ်းကြောင်း တစ်ခုပေါ်သို့ တက်လှမ်း သွားပြီဟု ယုံကြည်ခဲ့ကြသည်။


ကိုယ်တိုင်လည်း ထိုသို့ပင် ယုံကြည်ခဲ့ကြသည်။ နိုင်ငံတကာမှ ဧည့်သည်များ နှင့် ကြုံရတိုင်း မြန်မာပြည်အတွက် ချီးကျူးစကားများ၊ အားရသံများဖြင့် ပြည့်နှက်နေသည်။ အာဆီယံမှ မိတ်ဆွေ များနှင့် တွေ့တိုင်း အားကျသံများ ကြားရသည်၊ အားကျသည့် မျက်ဝန်းများနှင့် ဆုံရသည်။


သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် ဖြစ်ပွားခဲ့သော အရေးအခင်း၊ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာကိစ္စတို့ ကြုံပြီး နောက်ပိုင်း မြန်မာပြည်အပေါ် အမြင်က တစ်မျိုးပြောင်းသွားတော့သည်။
ထိုအရေးအခင်းများအပေါ် အစိုးရ နှင့် တပ်မတော်တို့က ကိုင်တွယ်ဆောင် ရွက်ပုံကို သာမက မြန်မာလူထုအများစု၏ အမုန်းစကားများအကြောင်းမှာလည်း နိုင်ငံတကာသို့ ပျံ့နှံ့သွားသည်။

တယ်လီ ဖုန်းဆင်းကတ်များ လွယ်လင့်တကူ ဝယ်နိုင်လာခြင်းနှင့် အတူ Face-book ပလက်ဖောင်းသည် မြန်မာတို့ အတွက် အင်တာနက်သဖွယ် ဖြစ်သွားပြီး နှုတ်ယဉ်၊ လက်ယဉ်သူတို့အတွက် အမုန်းစကားများ ဖြန့်ချိ၊ ပွင့်အန်ရာ နေရာကြီး ဖြစ်သွားတော့သည်။
နိုင်ငံပြင်ပသို့ ခရီးထွက်တိုင်း “မင်း တို့ဆီမှာ မွတ်ဆလင်တွေ ဘယ်လိုလဲ”၊ “ဒေါ်အောင်ဆန်းစုကြည်ကကော ဘယ်လို ဖြစ်သွားတာလဲ”၊ မေးခွန်း အကြိမ်ကြိမ် အထုတ်ခံရတော့သည်။


နောက်ဆုံးတော့ အားလုံးသိကြသည့် အတိုင်း အာဖရိကက နိုင်ငံတစ်ခုဖြစ်သော ဂမ်ဘီယာက မြန်မာကို နိုင်ငံတကာ တရားရုံးတွင် တရားစွဲတော့သည်။ ဂျီနီု ဆိုက်ဟု ခေါ်သော လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုဖြင့် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ တရားရုံး (ICJဲ) တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


မြန်မာစစ်တပ်က အရေးအခင်း နှိမ်နင်းရန်ဟုဆိုကာ အင်အားကြီးမားသည့် စစ်တပ်ကို အသုံးပြုခြင်း၊ ထိုသို့ အသုံးပြုရာတွင်လည်း စနစ်တကျ အင်အားစုစည်းခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်၊ ကလေးငယ် များကိုသတ်ခြင်း၊ နယ်မြေ ရှင်းလင်းရေး မလုပ်မီနှင့် လုပ်နေစဉ် ကာလအတွင်း မြန်မာအရာရှိများနှင့် အခြားသူများက ရိုဟင်ဂျာများအပေါ် စော်ကားနှိမ့်ချ လူမျိုးရေးခွဲခြားသည့် စကားများ ကျူးလွန်ခြင်း၊ နိုင်ငံသား ဥပဒေနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တို့တွင် ခွဲခြားဆက်ဆံသည့် အစီအမံများဖြင့် ရခိုင်ပြည်နယ်ရှိ လူဦးရေပုံစံ ပြောင်းလဲ သွားအောင် ပြုလုပ်ခြင်း၊ ရိုဟင်ဂျာတို့ အပေါ် အများပြည်သူအကြား အမုန်း တရားပွားခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့အပေါ် အစိုးရပိုင်းက တားမြစ်မှု မရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရက စုံစမ်းစစ်ဆေး အရေးယူရန် ပျက်ကွက်ခြင်းတို့မှာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာ (Gencoide Intent) ရှိကြောင်း တရားလိုဘက်မှ ရှေ့နေများက တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။


မြန်မာဘက်ကမူ အချက်အများစုကို ငြင်းဆိုခြင်းမပြုဘဲ နောက်ဆုံးအချက် ဖြစ်သော အစိုးရက စစ်ဆေးအရေးယူရန် ပျက်ကွက်သည်ဆိုသည့် အချက်ကိုသာ အလေးပေး ငြင်းဆိုခုခံကာ လူမျိုးတုံး သတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာမြောက်၊ မမြောက်ဆိုသည့် အချက်ကိုသာ ခုခံချေပသွားခဲ့သည်။ မြန်မာအစိုးရနှင့် တပ်မတော်အနေနှင့် အရေးအခင်းအတွင်း ဖြစ်ပွားခဲ့သော ကျူးလွန်မှုများအတွက် မည်သို့ အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မည်သို့ စစ်ဆေးအရေးယူဆောင်ရွက်နေ ကြောင်းကို အလေးပေးခုခံ ချေပသွားခဲ့သည်။ ထွက်ပြေးသွားရသော ရိုဟင်ဂျာ များ ပြန်လာနိုင်ရေး မည်သို့ စီမံဆောင်ရွက်နေကြောင်း၊ မတူညီသော အသိုင်းအဝိုင်းတို့အကြား ပြန်လည်သင့်မြတ်ရေး မည်သို့ ဆောင်ရွက်နေကြောင်း ဦးတည် ဖြေရှင်းသွားခဲ့သည်။


လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ် ချက်မြောက်၊ မမြောက်နှင့် နိုင်ငံတကာ ဥပဒေနှင့် စည်းမျဉ်းဘောင်များအရ ဂမ်ဘီယာက တရားစွဲပိုင်ခွင့် ရှိ၊ မရှိ ဆိုသည့် အချက်များကို အဓိက အလေးပေးကာ မြန်မာဘက်က ရှေ့နေများက ခုခံပြောဆို သွားခဲ့သည်။
ထိုကြောင့် အမှုကို ချုပ်၍ ဆိုရသော် မြန်မာ့တပ်မတော်က ကျူးလွန်သည် ဆိုသော အမှုများကို ခုခံချေပခြင်း၊ မြန်မာ လူထုက ဖြန့်ချိသော အမုန်းစကားများကို အစိုးရက ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိဆိုသည်ကို အသားပေး ခုခံချေပခြင်း မရှိဘဲ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာမြောက်၊ မမြောက်ဆိုသည် အလေးပေး ခုခံသွားခဲ့သည်။


ကြံရွယ်ချက်မြောက်၊ မမြောက်ဆို သည်ကို အဖွဲ့ဝင် ၁၅ ဦးပါ တရားရုံးက ဆုံးဖြတ်မည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံမှာ ဆုံးဖြတ် ချက် မချမီကတည်းက ရှုံးနှင့်နေပြီး ဖြစ် သည်။
(ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ် သည်ဖြစ်စေ) အရပ်သားများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ကဲ့သို့သော နိုင်ငံတကာက လက်မခံသည့် ကျင့်ဝတ်သီလအရ မြန်မာနိုင်ငံသည် ရှုံးနေပြီးသား ဖြစ်သည်။ မတူကွဲပြားသော အုပ်စုများအပေါ် ခွဲခြား ဆက်ဆံခြင်း၊ ၎င်းတို့ကို တန်းတူအခွင့်အရေး မပေးခြင်း၊ မုန်းတီးစေသော စကားများ ဖြန့်ဝေခြင်းတို့ကြောင့် မြန်မာပြည်သူ ပြည်သားများအားလုံးမှာ ကျင့်ဝတ်သီလမဲ့သော၊ လူလူချင်း တန်ဖိုး မထားသော လူမျိုးများအဖြစ် အမြင်ခံလိုက်ရပြီး ထိုကတည်းက ရှုံးနိမ့်နေပြီးသား ဖြစ်သည်။


ကမ္ဘာ့အလယ်တွင် မြန်မာတို့ မျက်နှာ ငယ်ရပြီးသားဖြစ်သည်။
ထိုသို့သော အမုန်းစကားများက မြေပြင်တွင် လက်တွေ့ကျူးလွန်သူများ၊ ကျူးလွန်ရန် အမိန့်ပေးသူများကို မည်မျှ တွန်းအားဖြစ်စေသည်ကို အတိအကျ တွက်ချက်သုံးသပ်ရန် ခက်ခဲပါသော်လည်း များစွာ သတိထားရန်လိုသည်။ အမုန်းစကားတစ်ခွန်း၊ Facebook အမုန်းတရား ကလစ်တစ်ချက်က အရပ်သား တစ်ယောက်ကို သတ်ဖြတ်ဖို့၊ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ဖို့၊ ကလေးငယ်တစ်ယောက်ကို လက်စတုံးပစ်လိုက်ဖို့ တွန်းအားဖြစ်စေသလား စဉ်းစားဆင်ခြင်ဖွယ်ရာ ဖြစ်သည်။


တစ်ချိန်က အာဏာရှင်နှင့် မတရားမှု ကို ခုခံတော်လှန်ခဲ့သော မြန်မာပြည်သူတို့မှာ တစ်ချိန်က အာဏာရှင် စစ်အစိုးရ လက်အောက်တွင်ပင် မျက်နှာမငယ်ရပါ။ ယခုအခါ ကျင့်ဝတ်သီလမဲ့သော၊ အမုန်းစကားနှင့် အမုန်းတရားကို “နှုတ်ယဉ်” စွာ ဖြန့်ဝေ ပြောဆိုလွယ်သော ပြည်သူများအဖြစ် ဒီမိုကရေစီ အစိုးရလက် အောက်တွင် မျက်နှာငယ်ရပြီ ဖြစ်သည်။ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော အစိုးရကိုယ်တိုင်ပင်လျှင် တရားရုံးရောက်နေရပြီ ဖြစ်သည်။
တရားရုံးက မည်သို့ အမိန့်ချသည် ဖြစ်စေ ဥရောပသမဂ္ဂက မြန်မာသို့ ပေးအပ် ထားသော ကုန်သွယ်ရေး အထူးအခွင့်အရေးများ ပယ်ဖျက်ရန် စီစဉ်နေပြီ ဖြစ်သည်။ ထိုသို့ ပယ်ဖျက်ဖြစ်ပါက မြန်မာ့ပြည်မှ ထွက်ကုန်များ ဈေးကွက် အခက်တွေ့ကာ ပြည်တွင်း အလုပ်သမားများ အလုပ်ပြုတ် ကြပေဦးတော့မည်။ ယခုသည်ပင် ပြည်ပ သို့ အလုပ်အကိုင်၊ ပညာသင် စသည့် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိသော သန်းချီသော မြန်မာတို့မှာ ကျင့်ဝတ်သီလ မဲ့သော နိုင်ငံမှ လူထုအဖြစ် အမြင်ခံနေရပြီ ဖြစ်သည်။


ခွဲခြားဆက်ဆံခြင်း၊ မတူညီသူများ ကို အမုန်းပွားခြင်းတို့သည် လူကြိုက်များသည့် ကိစ္စ၊ လူအများစု လိုလားသည့် ကိစ္စ ဖြစ်လာသောအခါ၊ အများကြိုက်ကိစ္စဖြစ်လာသောအခါ ရွေးကောက်ပွဲ နိုင်လိုသော အစိုးရတို့၊ နိုင်ငံရေးသမားတို့ သည်လည်း လူအများကြိုက်နောက်လိုက်ရင်း နောက်ဆုံး မြန်မာပြည် အမှောင်ထု အတွင်း ပြန်ရောက်သွားနိုင်သည်။


အာဏာရှင် အမှောင်ခေတ်မှ ထွက်ကာ အလင်းပျပျမြင်နေရသော မြန်မာပြည်မှာ နောက်ထပ် အမှောင်ထုတစ်မျိုးအတွင်း ပြန်ရောက်သွားနိုင်သည်။
နိုင်ငံတကာတရားရုံးပေါ် ရောက်သွား သော မြန်မာပြည် အရေးကို အရင်းပြု၍ အနာဂတ်အတွက် ပိုကောင်းသော နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံတကာ အလယ် တင့်တယ်သော နိုင်ငံတည် ဆောက်ရေး ဝိုင်းဝန်းစဉ်းစား ဆင်ခြင်ကြရန် ဖြစ်သည်။

ကိုးကား- Myanmar Now,VOA

ခွန်းသု