တနင်္သာရီတောင်တန်းကြီးကို ပွေ့ဖက်ခြင်း

0
3703

ယခုနှစ်တွင် ထူးထူးခြားခြား အေးနေသော ဆောင်းရာသီဒဏ်ကို သူတို့မမှုအားလှပါ။
နံနက် ၆ နာရီပင်မထိုးသေး။ အေးအေး ချမ်းချမ်း အိပ်ရာထဲ ကွေးလို့ကောင်းသည့် အချိန်တွင် မြင့်မားပြီး လူသူအရောက် ပေါက်နည်းပါးသည့် တောင်ထိပ်တစ်ခုပေါ် လူအုပ်စုတစ်စု ပွဲတော်တစ်ခု ကျင်းပရန် ပြင်နေကြသည်။


မြိတ်ခရိုင်၊ ပလောက်မြို့နယ်၊ နန်းသီလာကျေးရွာအုပ်စု၊ မဒေါကျေးရွာ အနီးရှိ ရိုးမတောင်တန်းပေါ်က တောင် ထိပ်တစ်ခုပေါ်သို့ ဒီဇင်ဘာ ၁၀ ရက် ညနေကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။


မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ လူတစ်ရာကျော်က တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ အခမ်း အနား ကျင်းပရန် ရောက်ရှိနေခြင်းဖြစ် သည်။


အသက်အရွယ်ကြီးသူတချို့နှင့် လူလတ်ပိုင်းများပါသလို အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားများနှင့် အမျိုးသမီးငယ်များက အများဆုံးဖြစ်သည်။


တောင်ထိပ်မှအရှေ့မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှား မြင်ရသည်က တနင်္သာရီတိုင်းအတွင်း အမြင့်ဆုံး တောင်တစ်လုံးဖြစ်သည့် မြင့်မိုရ် လက်ခတ်တောင်။
မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်ကို လှမ်းမြင်နေရသလို ကျန်သည့် အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်များက မျက်စိတစ်ဆုံး။


နေရောင်မရောက်မီအချိန်အထိတော့ တောင်များကို ရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားက တောင်တန်းများ ၏အလှက မြင်ရသူအဖို့ အံ့ဖွယ်ပန်းချီကား တစ်ချပ်လို။


တောင်ထိပ်၏ အကျယ်အဝန်း ခန့်မှန်း ပေတစ်ရာကျော်ပတ်လည်ခန့်ရှိပြီး ယင်းမျက်နှာစာတွင်တော့ သစ်တစ်ပင်မှ ပေါက်ရောက်ခြင်းမရှိ။ သို့သော် ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှဝှေ့ရမ်း ပင့်တိုက်နေသည့် လေတဟူးဟူးနှင့်အတူ ဘယ်ညာယိမ်းနွဲ့နေကြသည်။


အနွေးထည်အင်္ကျီများ၊ ခေါင်းစွပ်များဝတ်ဆင်ထားသည့် အဆိုပါ လူအုပ်စုက ဒီဇင်ဘာလ၏ နံနက်ခင်း အအေးဒဏ်ကို အန်တုလျက် ၎င်းတို့၏ နှုတ်များမှ တစ်စုံတစ်ရာကို တီးတိုး ဆုတောင်းရွတ်ဆိုနေကြသည်။ “တောတောင်များရှင်သန်ပြီး တောင် တန်းများ ထာဝရတည်တံ့ပါစေ”

သူတို့၏ရှေ့တည့်တည့် လက်ဝါးကပ်တိုင်အောက်တွင် ခရစ်ယာန်ဓမ္မဆရာ တချို့လည်းရပ်ကာ သူတို့နှင့်အတူ ဆုတောင်းနေကြသည်။ ဘယ်ဘက်တွင်တော့ ဒီဇင်ဘာ ၁၁ ရက် အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ဟူသည့် ဆိုင်းဘုတ်ကြီးတစ်ခု မြေပြင်တွင် စိုက်ထူထားသည်။


တောင်တန်းများ၏ အရေးပါမှုကို သိရှိလာသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၎င်းတို့ အကြိမ်ကြိမ်ဆွေးနွေး မှုအရ ကမ္ဘာအဝန်းရှိ တောင်တန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် သတ်မှတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ကို ကမ္ဘာတဝန်း ကျင်းပလျက် ရှိသည်။


တနင်္သာရီတိုင်းအတွင်းတွင်တော့ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ယင်းပွဲကို ဦးဆောင်သည့် တာကပေါ လူငယ်အဖွဲ့မှ နော်ပီသလောက ပြောပြ သည်။


တောင်တန်းများသည် သန့်ရှင်းသည့် ရေချိုအရင်းအမြစ်ကို ထုတ်ပေးခြင်း၊ အစားအသောက် အသီးအနှံ၊ ဆေးဝါးနှင့် လူအများ နေ့စဉ်လိုအပ်သည့် သယံဇာတများကို ထုတ်ပေးသည့်အတွက် ထိန်းသိမ်းရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။


“ဒါတွေကိုလူငယ်တွေကို သိစေချင်တယ်။ ကျန်တဲ့လူတွေကိုလည်း သိစေချင်လို့ ဒီပွဲလေးကို လုပ်ရခြင်း ဖြစ်တယ်”ဟု နော်ပီသလောက ပြောသည်။


ယခုနှစ် အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့အတွက် ဆောင်ပုဒ်မှာ “လူငယ်များအတွက် တောင်တန်းတွေ သည် အရေးကြီးသည် Mountains Matter for youth့)” ဖြစ်သည်။


ထိုကြောင့် လူငယ်များသည် အနာဂတ် မျိုးဆက်၏ခေါင်းဆောင်ဖြစ်သလို တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်မည့် နောက်မျိုးဆက်လည်းဖြစ်သည့်အတွက် တောင်တန်းနှင့် သယံဇာတကို အုပ်ထိန်းမည့် မျိုးဆက်များဖြစ်လာရန် အရေးကြီးကြောင်း နော်ပီသလောက ရှင်းပြသည်။


“တောတောင်ကို မထိန်းသိမ်းနိုင်ရင် ဆိတ်သုဉ်းပြီး တောင်ပြိုတာတို့ဖြစ်လာမယ်။ နောက်တစ်ခုက ဖွံ့ဖြိုးရေး လုပ်တဲ့ နေရာမှာလည်း လုပ်တဲ့သူတွေအနေနဲ့ ချိန်ထိုးစဉ်းစားကြဖို့ လိုတာပေါ့နော်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။


ယင်းပွဲသို့ ထားဝယ်ခရိုင်အတွင်းရှိ ကရင်လူမျိုးများ၊ ရေးမြို့နယ်ကျေးရွာများ မှ မွန်လူငယ်များ၊ ဒေသခံကရင်လူမျိုးများ နှင့် ဗမာလူမျိုးအနည်းငယ်လည်း တက်ရောက်ခဲ့သည်။


ကမ္ဘာမြေကြီး၏ လေးပုံတစ်ပုံဝန်း ကျင်သည် တောင်တန်းများဖြင့် ဖုံးလွှမ်းထားသည်။
ကမ္ဘာပေါ်ရှိ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် တောင်တန်းများပေါ်တွင် နေထိုင်နေကြကာ ဖွံ့ဖြိုးဆဲနိုင်ငံမှ ၉၀ ရာခိုင်နှုန်း ရှိသည်။ ၎င်းတို့အတွက် လိုအပ်သည့် အစားအသောက် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ထုတ်ပေးထားသည်။


တောင်များတွင် သတ္တုမိုင်းရှာဖွေခြင်းနှင့် အခြား သယံဇာတအခြေပြု စီးပွားရေးလုပ်ငန်းများကြောင့် ပျက်စီးလာနေပြီး တောင်များကိုထိန်းသိမ်းရန် အရေးကြီးကြောင်း ယင်းပွဲသို့တက်ရောက်လာသည့် ရေဖြူမြို့နယ်၊ ကော့လိုင်ရွာနေ ကိုစောနိုဖောက ပြောသည်။


“တောင်ရှိနေရင် တောတွေပြန် ဖြစ်လာစရာအကြောင်း အများကြီးရှိပါတယ်။ တောတွေပြန်ဖြစ်လာအောင် တောင်တွေကို ပထမဆုံး ထိန်းသိမ်းကြဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။


ထိုတောင်တန်းများတွင် မျောက်ဝံ၊ ဝက်ဝံ၊ တောဝက်၊ ချေလောင်(ချေငယ်)၊ တောခွေး၊ မျောက်ဖင်နီ၊ သင်းခွေချပ် စသည့် တိရစ္ဆာန်များရှိပြီး ကျားတစ် ကောင်ကိုလည်း ရံဖန်ရံခါတွေ့ရကြောင်း တောင်ခြေ၌ တောင်ယာစိုက်သူ မဒေါရွာ သား အသက် ၅၇ နှစ်ရှိ စောဖိုးရှမ်းက ပြောသည်။


“ကျွဲသုံးကောင် ရှိပြီ။ အဲဒီကျားကိုက် လို့သေတာ”ဟု အသက် ၅၂ နှစ်ရှိ ဒေသခံ စောဒဲဖောက ဝင်ရောက်ထောက်ခံသည်။


မြိတ်ခရိုင် ပလောက်မြို့မှ ၁၀ မိုင် နီးပါးခန့်ဝေးကွာသည့် မဒေါရွာကလေးတွင် အိမ်ခြေ ၆၀ ကျော်ရှိပြီး အားလုံး နီးပါးမှာ ကရင်တိုင်းရင်းသားများဖြစ် သည်။ ကွမ်းသီး၊ သီဟိုနှင့်တောင်ယာ စပါးစိုက်ပျိုးရင်း အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်သည်။


မဒေါရွာမှ မွန်းလွဲ ၁ နာရီခွဲအချိန် ကစတင်ကာ တနင်္သာရီရိုးမတောင်တန်းပေါ်သို့ တက်ခဲ့ရပြီး အနည်းဆုံးတောင် ၇ လုံးကိုကျော်ကာ နေဝင်ပြီးသည့်အချိန် ညနေ ၆ နာရီမှ တောင်ထိပ်သို့ ရောက်ရှိသည်။


ငါးနာရီနီးပါးခန့် လူငယ်များ နောက်မှ ထပ်ချပ်မကွာအားတင်း လိုက်လာပြီး တောင်ပေါ်သို့ ခြေချခွင့်ရရှိ သွားသည့် အသက် ၆၅ နှစ်ရှိ အမိုး၏မျက်နှာတွင် အောင်နိုင်သည့်အပြုံး ကြားက မျက်ရည်များတွဲလွဲခိုလျက်။


“လူငယ်တွေ တောတောင်တွေကို ချစ်တတ်ဖို့ လူကြီးတွေမှာ တာဝန်ရှိတယ်။ ဒီတောင်ရောက်အောင် ပို့ပေးတဲ့ ဘုရား သခင်ကိုလည်း ကျေးဇူးတင်တယ်”ဟု အမိုးက ပြောသည်။


တောင်ပေါ်မှာ တစ်ညလုံးလေက တဟူးဟူးတိုက်နေသည်။ ရွက်ဖျင်တဲဖြင့် အိပ်ရသည့် သူများအဖို့ အချမ်းဒဏ် ကများစွာ မသိသာသော်လည်း အကာအရံ မရှိမြက်ပင်များပေါ် စောင်ခြုံကွေးကြသူ များအတွက်က အိပ်မရသည့်အဆုံး မီးပုံပုံကာ ဝိုင်းဖွဲ့ရင်း မိုးလင်းမည့်အချိန်ကို စောင့်စားလျက်။


လာမည့်နှစ်များတွင်လည်း အခြား နယ်များရှိ ရွာများ၌ ထိုကဲ့သို့သော ပွဲများဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း နော်ပီသလောက ပြောသည်။
“အဓိကက လူငယ်တွေအနေနဲ့ သဘာဝတောင်တန်းကြီးတွေကို ချစ်မြတ် နိုးပြီး ထိန်းသိမ်း တတ်လာအောင်အတွက် ပါ”

ကိုဆန်း