နိုင်ငံတကာ တရားရုံးရောက် မြန်မာအမှုဖြစါစဉ် အကျဉ်း

0
1300

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ် ဖြတ်မှု ကြံရွယ်လုပ်ဆောင်ချက်ရှိသည် ဟုဆိုကာ အာဖရိကအနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက မြန်မာကို အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) တွင် တရားစွဲဆိုခဲ့သည်။ နယ်သာလန်နိုင်ငံ အခြေစိုက် သည်ဟိဂ်မြိုရှိ တရားရုံးတွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ နှစ်ဖက်ကြားနာ စစ်ဆေးပြီးနောက် အချုပ်ကို တင်ပြအပ်ပါသည်။

တရားလို ဂမ်ဘီယာဘက်မှ တောင်းဆို ချက်
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်ရန် ကြံရွယ်ချက်ရှိသည်ဟု ဆိုကာ ကြားဖြတ်စီမံဆောင်ရွက်ချက် (Porovisional Measures) ချမှတ်ပေးရန်၊ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အရေးယူပေးရန် ဂမ်ဘီယာက တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။


ဂမ်ဘီယာ တောင်းဆိုသော ကြားဖြတ်စီမံဆောင်ရွက်ချက် ခြောက်ချက် အနှစ်ချုပ်မှာ
၁) လူမျိုးတုံးသတ်ဖြတ်မှု၊ ရာဇဝတ်မှု ဖြစ်စေသော အချက်အားလုံးကို တားဆီးရန်နှင့် ရိုဟင်ဂျာလူအုပ်စုများကို သတ်ဖြတ်၊ နှိပ်စက်ခြင်းအပါအဝင် အသက်မွေးရှင်သန်ရန် လိုအပ်ချက်များကို တမင်ရည်ရွယ်ပျက်စီးစေခြင်းမှ တားမြစ်ရန်၊
၂) အသက်အိုးအိမ်စည်းစိမ် ရှင်သန်ရပ်တည် လုပ်ကိုင်စားသောက်မှုတို့ အပါအဝင် ယင်းကို ထိခိုက်စေသော မည်သည့် အပြုအမူ ပူးပေါင်းကျူးလွန်မှု မျိုးမဆို လုပ်ဆောင်သော စစ်ဘက်နှင့် လက်နက်ကိုင် အဖွဲ့များကို တားဆီးရန်၊
၃) သက်သေများ ဖျက်ဆီးခြင်း မပြုရန်၊
၄) မြန်မာနှင့် ဂမ်ဘီယာတို့ လက်တုံ့ ပြန်ဆောင်ရွက်မှု မပြုရန်၊
၅) ကြားဖြတ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆောင်ရွက် ချက်များအား စတင်ချမှတ်သည့် နေ့မှစ၍ လေးလအတွင်း တရားရုံးသို့ တင်ပြရန်၊
၆) ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်ရန်တို့ ဖြစ်သည်။

ဂမ်ဘီယာဘက်မှ လျှောက်လဲချက်
မြန်မာဘက်ကို အရေးယူဆောင် ရွက်ပေးရေး ဂမ်ဘီယာဘက်မှ ဒီဇင်ဘာ ၁၀ ရက် လျှောက်လဲချက် အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။


ကလေးငယ်များကို မီးလောင်တိုက်သွင်းခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ မွတ်ဆလင်ရွာ ၃၉၂ ရွာ မီးရှို့ခံရသော်လည်း ဗုဒ္ဓဘာသာရွာများ အကောင်း အတိုင်းရှိနေခြင်း စသည်တို့ကို ကုလသမဂ္ဂ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြခဲ့သည်။


၂၀၁၇ ခုနှစ် စစ်ဆင်ရေးမတိုင်မီ နှင့် စစ်ဆင်ရေးလုပ်နေသည့် ကာလအကြားတွင် ရိုဟင်ဂျင်ဆန့်ကျင်ရေး အမုန်းစကားများ မြန်မာနိုင်ငံအတွင်း အားအင်ဖြင့် ပျံ့နှံ့နေခြင်း၊ ထိုသို့ ကျူးလွန်ခဲ့သည်များကို မြန်မာဘက်မှ ဝန်ခံခြင်း၊ နောင်တရမှုမရှိခြင်း၊ ထိုကြောင့် မြန်မာနိုင်ငံအတွက် ကြားဖြတ်စီမံဆောင် ရွက်မှုများ လုပ်ဆောင်ရန် ထင်ရှားနေခြင်း၊ ရာဇဝတ်မှုများကို ဖော်ထုတ်ရန် နိုင်ငံတကာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်တိုက်ငြင်းဆန်နေခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာဆိုသည့် စကားလုံးကို မသုံးရန်ပင် ကုလသမဂ္ဂကို တောင်းဆိုဖူးကြောင်း လျှောက်လဲသည်။


တပ်မတော်၏ ကျူးလွန်မှုများကို တားဆီးရန် သို့မဟုတ် ပြစ်တင်ရှုတ်ချရန် ဒေါ်အောင်ဆန်းစုကြည်က ပျက်ကွက်ခဲ့သည်။ အစိုးရအနေနှင့် သက်သေဖျောက်ဖျက်ခဲ့ကြောင်း ဂမ်ဘီယာဘက်မှ ရှေ့နေများက လျှောက်လဲခဲ့သည်။

မြန်မာဘက်က လျှောက်လဲချက်
ဒုတိယမြောက်နေ့ ဒီဇင်ဘာ ၁၁ ရက်တွင် ပထမဦးစွာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဖြစ်စဉ် အသေးစိတ်ကို ရှင်းပြသည်။ ရခိုင်အရေး၏ ရှုပ်ထွေးမှု၊ လက်ရှိတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ တည်ရှိနေမှု၊ အာရကန်ရိုဟင်ဂျာတပ်များက ၂၀၁၆ ခုနှစ်မှ စ၍ ရဲကင်းစခန်းများကို တိုက်ခိုက်မှု၊ ၂၀၁၇ ခုနှစ်တွင် ပိုမို ပြင်းထန်လာပြီး မြန်မာတပ်မတော်က ပြန်လည်တိုက်ခိုက်မှု စသည်တို့ကို ရှင်းလင်းသည်။ တပ်မတော်က အင်အားအလွန်အကျွံ သုံးသည်ဆိုသည့်အပေါ် တပ်မတော်သားများအား ကယ်ထုတ်ရန် ရဟတ်ယာဉ် တစ်စီးအသုံးပြုခဲ့ရပြီး ပုံမှန်အားဖြင့် ခြေလျင်စစ်သည်များကိုသာ သုံးခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ရှင်းသည်။ စစ်ဆင်ရေးအတွင် ရာဇဝတ်မှုကျူးလွန်သူများကို တပ်မတော် တရားစီရင်ရေးဖြင့်အပြစ် ပေးခဲ့သော်လည်း တပ်မတော်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ကိုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။


ယင်းနောက် စစ်ဥပဒေဖြင့် တရားစီရင်နိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း၊ အခြားသော ပြည်တွင်း လက်နက်ကိုင် အနေအထား၊ ပြည်တွင်း တရားစီရင်ရေးသာ စံဖြစ်ပြီး ပြည်တွင်းတရား စီရင်ရေး မအောင်မြင်မှသာ နိုင်ငံတကာက ဆောင်ရွက်ရပုံ၊ မြန်မာနိုင်ငံက အကြမ်းဖက်မှုများကို ပြန်လည် လက်တုံ့ ပြန်ခဲ့ခြင်းသာ ဖြစ်ပြီး ထွက်ပြေးသွားရသူများကို ပြန်လာနိုင်ရန် အစိုးရက လုပ်ဆောင်မှု အနေအထား၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘ၀ တိုးတက်အောင် ဆောင်ရွက်နိုင်မှုအနေအထားများကို အလေးပေး ပြောဆိုခဲ့သည်။


“ရခိုင်ပြည်နယ်မှာ ဒီလို သိသာ ထင်ရှားတဲ့ လက်တွေ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးနေချိန်မျိုးမှာ လူမျိုး ပြုန်းတီးစေမှု လုပ်ရပ်တွေ ဆက်လက် ဖြစ်ပေါ်နေနိုင်ပါ့မလားလို့ မေးခွန်းထုတ် လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ယင်းနောက် မြန်မာဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေများက အောက်ပါ အချက်များကို အဓိကလျှောက်လဲခဲ့သည်။


လူမျိုးတုံးသတ်မှတ်မှုဆိုင်ရာ သဘော တူညီချက် အပိုဒ် ၉ အရ ထိုကိစ္စများနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်လာပါက ဖြေရှင်းပေးရန် လက်မှတ်ရေးထိုးထားသည့် နိုင်ငံအချင်းချင်း လျှောက်ထား နိုင်သည်ဟုဆိုသည်။ သို့သော် မြန်မာ နှင့် ဂမ်ဘီယာအကြား ထိုသို့သော အငြင်းပွားမှုမရှိဟုဆိုသည်။


ဂမ်ဘီယာသည် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို ကိုယ်စားပြု တရားစွဲဆိုခဲ့ပြီး ဂမ်ဘီယာတွင် ထိုသို့ ကိုယ်စားပြုတရားစွဲဆိုခွင့် မရှိကြောင်း မြန်မာဘက်က ပြန်လည် ချေပသည်။


ကြားဖြတ် စီမံဆောင်ရွက်ချက်ချမှတ်ပေးရန် ဂမ်ဘီယာဘက်မှ တောင်းဆိုချက်သည် လူမျိုးတုံးသတ်ဖြတ်မှု အငြင်းပွားနေဆဲ ဖြစ်သဖြင့် တရားရုံးက ဆုံးဖြတ်ရန် မသင့်ဟု မြန်မာဘက်က ဆိုသည်။


မြန်မာဘက်မှ လူအများအပြား ထွက်သွားခြင်းသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုမြောက်နိုင်သော်လည်း လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာမပါကြောင်း မြန်မာဘက်မှ ချေပသည်။

နှစ်ဖက် နောက်ဆုံးနေ့ လျှောက်လဲချက်
နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာနှင့် ဂမ်ဘီယာတို့ အပြီးသတ်လျှောက်လဲ ခဲ့ကြသည်။


မြန်မာနိုင်ငံမှ အခြေအနေသည် သေရေးရှင်ရေး ဖြစ်နေပြီး လူမျိုးတုံး သတ်ဖြတ်မှုများ ပြန်ဖြစ်လာနိုင်သည့် အခြေအနေကိုပြနေကြောင်း၊ ဂမ်ဘီယာသည် မြန်မာ့အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ မဟုတ်သော်လည်း ရိုဟင်ဂျာအရေးကို အထူးစိတ်ဝင်စားသည့် နိုင်ငံဖြစ်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ဆိုသည်။


ယင်းနောက် ဒုတိယနေ့ မြန်မာ ဘက်မှ လျှောက်လဲခဲ့မှုအပေါ် မူတည်၍ ဂမ်ဘီယာဘက်မှာ ရှေ့နေများကို ချေပ လျှောက်လဲချက်ပေးသည်။ အထူးအရေးကြီးသည့်အချက်မှာ ကုလသမဂ္ဂ အချက် အလက် ရှာဖွေရေးအဖွဲ့ကို ကိုးကားတင်ပြသည့် အချက် ၇ ချက်အနက် မြန်မာဘက်မှ တစ်ချက်သာ ငြင်းဆိုကြောင်း ဂမ်ဘီယာဘက်မှ ရှေ့နေက ထောက်ပြသွားခဲ့သည်။
ယင်းတို့ ထောက်ပြခဲ့သည့် အချက် ၇ ချက်မှာ
၁) နယ်မြေရှင်းလင်းရေး လုပ်ငန်းများတွင် တပ်မတော်က အလွန်အမင်းရက်စက်မှု၊
၂) တပ်မတော်က ထိုသို့ ရက်စက်ရန် စနစ်တကျ ပြုကျင့်ခဲ့မှု၊
၃) အမျိုးသမီးများနှင့် ကလေးငယ် များအပေါ် လိင်ပိုင်းအကြမ်းဖက်မှု၊
၄) နယ်မြေရှင်းလင်းရေး မလုပ်မီနှင့် လုပ်နေစဉ်အတွင်း မြန်မာအရာရှိနှင့် အခြားသူတို့က ရိုဟင်ဂျာတို့အပေါ် လူမျိုးရေးခွဲခြားသည့်စကား၊ အမုန်းတရားဖြန့်ဝေမှု၊
၅) နိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်များတွင် ရိုဟင်ဂျာတို့ လူဦးရေအပြောင်းအလဲဖြစ်ရေး တမင်ရည်ရွယ် လုပ်ဆောင်မှု၊
၆) ရိုဟင်ဂျာတို့အပေါ် အများပြည်သူတို့၏ အမုန်းစကားပွား၊ မထိမဲ့မြင်ပြုမှုအပေါ် အစိုးရက ထိန်းသိမ်းဆောင်ရွက်ခြင်း မပြုမှုနှင့်၊
၇) နိုင်ငံတကာအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့အပေါ် အစိုးရ စုံစမ်းစစ်ဆေးရန်၊ တရားစွဲဆိုရန် ပျက်ကွက်မှုတို့ ဖြစ်သည်။ ယင်းတို့အနက် မြန်မာက နောက်ဆုံးအချက် မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးရန် ပျက်ကွက်မှုကိုသာ ငြင်းဆိုကြောင်း တရားလိုရှေ့နေများက ထောက်ပြသွားသည်။


မြန်မာဘက်မှ ရှေ့နေများက ပြန်လည် လျှောက်လဲရာတွင် OIC က ဂမ်ဘီယာအပေါ် ငွေကြေး ထောက်ပံ့ထားမှုအပေါ် ငြင်းဆိုခြင်း မရှိသော်လည်း အသေးစိတ်ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိမှု၊ ဘော့စနီးယားနှင့် ခရိုအေးရှား ဖြစ်စဉ်အရ တရားရုံး၏ စီရင်ပိုင်ခွင့်ကို စဉ်းစားဆင်ခြင်ရန် ဥပဒေ ပုဒ်မ အကိုးအကားတို့ဖြင့် ပြန်လည်ထောက်ပြမှု၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပျက်နေမှုများအပေါ် အခြားနိုင်ငံတကာအဖွဲ့များက တိုက်တွန်းဆောင် ရွက်ခွင့်ရှိသော်လည်း ကြားဝင်စီမံဆောင် ရွက်ခွင့်အတွက် ဂမ်ဘီယာက လျှောက်ထားမှု ဆောင်ရွက်ခွင့်မရှိသည့် အငြင်း ပွားဖွယ် အခြေအနေ၊ လူမျိုးတုံးသတ်ဖြတ် မှုအပေါ် သက်သေခိုင်လုံစွာ မပြနိုင်ဘဲ ထွက်ပြေးသွားသူတို့မှာ နေရပ်ပြန်လိုသူများ ရှိနေခြင်း၊ ကုလ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ ယုံကြည်နိုင်ဖွယ် မရှိသော အကိုးအကားများအကြောင်း၊ မြန်မာ့တပ်မတော်က ထိုသို့ နယ်မြေ ရှင်းလင်းမှုများ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်မှသာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမည်တပ်ရန် ကြိုးပမ်းလာသည့်အပေါ် မေးခွန်း၊ မြန်မာနိုင်ငံတွင် ၁၅ လကြာ ကုလအထူး ကိုယ်စားလှယ်က လာရောက်ခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမည်တပ်ခြင်း မရှိသည်ကို တရားလိုဘက်က ထည့်သွင်းစဉ်းစားခြင်း မရှိသည့် အခြေအနေ၊ မြန်မာပြည်သူများ၏ အမုန်းစကားများသည် အစိုးရ၏မူဝါဒ မဟုတ်ကြောင်း စသည်ဖြင့် လျှောက်လဲခဲ့သည်။


နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်က အပိတ်စကား ပြောကြားသည်။
ပြည်တွင်း တရားစီရင်ရေးစနစ်က လုပ်ဆောင်နေသော စုံစမ်းစစ်ဆေးအရေး ယူမှုများအကြောင်း၊ ရခိုင်ပြည်နယ်တွင် မတူညီသော အသိုင်းအဝိုင်းများ ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်မှုများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။


မတူကွဲပြားမှုများအကြား စည်းလုံး ညီညွတ်တည်ဆောက်နိုင်ရန်၊ မြန်မာ နိုင်ငံ၏ အလားအလာကောင်းကို ဖော် ထုတ်မြှင့်တင်ရန်၊ တည်တံ့သော ငြိမ်း ချမ်းရေး ရရှိရန် တရားရုံးက ကူညီပေး ရန် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


ထိုကြောင့် အမှုကိုလုံးဝပယ်ဖျက် ပေးရန်၊ ဂမ်ဘီယာဘက်မှ တောင်းဆို ထားသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် အဆိုကို ပယ်ဖျက်ပေးရန် ၎င်းက တောင်းဆိုသည်။
“ဉာဏ်ပညာ အမြော်အမြင်ရှိရှိ၊ တရားမျှတမှု အမြင်ရှိရှိနဲ့ ချမှတ်မယ့် လူကြီးမင်းတို့ ဆုံးဖြတ်ချက်ဟာ ကျွန်မတို့ နိုင်ငံအတွက် အထောက်အပံ့ပေးပါ စေလို့ တကယ်ပဲ ဆန္ဒပြုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


တရားရုံးဆုံးဖြတ်ချက်ကို ဇန်နဝါရီ လတွင် ချမှတ်ဖွယ်ရှိကြောင်း မီဒီယာအချို့က ရေးသားသည်။ အကယ်၍ ဂမ်ဘီယာဘက်ကို အနိုင်ပေးပြီး စွဲချက်တင်လိုက်ပါက အမှုမှာနှစ်ချီ ကြာမြင့် ဖွယ်ရှိသည်။

တပ်မတော်၏ ရပ်တည်ချက်
တရားရုံးသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် တပ်မတော်မှ တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့၏ တရားရုံးတွင် လျှောက်လဲချက်ပေးသွားသည့်အပေါ် နိုင်ငံအတွက် ထိရောက်သည့် တုံ့ပြန်မှုများ ရှိမည်ဟု ထင်မြင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။


“တပ်မတော် အနေနဲ့ နိုင်ငံတော် အစိုးရရဲ့ ညွှန်ကြားမှု အောက်မှာလိုက်ပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကိုးကား – ICJ Official Website, Myanmar Now, 7Day,Voa,BBC