ယခုနှစ် ထားဝယ်မြို့သာယာလှပရေး အဓိကထားမည်

0
993

လက်ရှိဘဏ္ဍာရေးနှစ်တွင် ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပရေး လုပ်ငန်းများကို အဓိကလုပ်ဆောင်မည်ဟု ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် ရရှိထား သည့်ဘတ်ဂျက်များဖြင့် လမ်းဆုံရှိ တြိဂံထောင့်များ၊ ပန်းခြံများနှင့် လေယာဉ်ကွင်းလမ်းကို အဆင့်မြှင့်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ကျပ်သိန်းပေါင်း လေးသောင်းနီးပါး သုံးစွဲရန်လျာထားကြောင်း စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့ရှိ ဆိပ်ကမ်းသာပန်းခြံ၊ ဗထူးပန်းခြံ၊ တိုင်းရင်းသားပန်းခြံနှင့် ပုံကျွန်းလမ်းဆုံရှိ တြိဂံ၊ ဆန်းချီလမ်းဆုံ တြိဂံနှင့် ဥတ္တံတားကြီးတြိဂံ အစရှိသည့် နေရာများကို ပြုပြင်အလှဆင်မည်ဖြစ် ကြောင်း ဦးအောင်ကိုဦးက ဆိုသည်။

“သာယာလှပရေးကို တော်တော်များကို အဆင့်မြှင့်တင်မယ်။ အမြင်ကို ပြောင်းပစ်မှာ”ဟု အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြောသည်။

မြို့အတွင်းရှိ တြိဂံများတွင် ထားဝယ်၏ အမှတ်သင်္ကေတအရုပ်များဖြင့် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ပန်းခြံများ အဆင့်မြှင့်တင်သည့် လုပ်ငန်းထက် သွားလာရ အခက်အခဲ ဖြစ်နေသည့် လမ်းကျဉ်းသည့် နေရာများကို ဦးစားပေးချဲ့ထွင်သင့်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမျိုးသားက မှတ်ချက် ပြုသည်။

“နောက်ပြီး ဒီလုပ်ငန်းတွေကို ဌာနက လုပ်ထာထက် ကုမ္ပဏီတွေကို တင်ဒါခေါ်သင့်တယ်လို့ မြင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် ကျဉ်းနေသည့် လမ်းအချို့ကို ချဲ့ထွင်မည့် လုပ်ငန်းများ လည်း ပါဝင်သည်။
ကွန်ကရစ်လမ်း ၇၂ လမ်း၊ ကတ္တရာ လမ်း ၁၃ လမ်း၊ ကျောက်ရောမြေလမ်း ၂၆ လမ်း၊ ကွန်ကရစ်တံတား ၆၃ စင်း၊ သံဖုံးတပ်တံတား ၃၂ စင်း၊ ရေပေးဝေရေးလုပ်ငန်း ၉ ခုလုပ်ဆောင်ရန် လျာထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch